တောင်ငူမှာ လိုအပ်တဲ့ပစ္စည်းတွေထပ်ဝယ်ပြီးတော့ နေ့လည်စာကို တောင်ငူမြို့ထဲက ဆိုင်တစ်ဆိုင်မှာစားကြရော။ ပြီးတော့ လိုအပ်တာတွေထပ်ဝယ်ကြတာပေါ့။ အဲ့မှာတစ်ခုပြောရဦးမယ်ဗျ ကျွန်တော်က စာရေးစာပွဲတို့ စာအုပ်တင်ဖို့ စင် တွေဘာတွေဝယ်မှာဆိုတော့ ခုခေတ်မှာ လည်းသုံးနေတဲ့ သံစင်လိုဟာမျိုးဝယ်မယ်ပေါ့။ ဒါပေမယ့် မဝယ်ဖြစ်ခဲ့ဘူး သစ်သားနဲ့လုပ်တဲ့စင်ပဲ ဝယ်ခဲ့လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သစ်ကအရမ်းဈေးပေါလို့ပဲ။ နောက်တစ်ခုက ကျွန်တော် တောင်ငူမြို့ထဲလည်းရောက်ရော မူးနောက်သွားတာပဲဗျာ။ ပထမတစ်ခေါက် ကျောင်းလာအပ်တုန်းကလည်း မြို့ထဲလာပါတယ်။ဒါပေမယ့် မြို့က ရှင်းနေတယ် ။ ခုတစ်ခေါက်ကျတော့မတူတော့ဘူး ရှုပ်ရှက်ခက်နေတော့တာပဲ။ ကျောင်းဖွင့်တဲ့အချိန်နဲ့ ကျောင်းပိတ်တဲ့အချိန်ဟာ တော်တော်လေးကိုကွာခြားသွားတာဗျ။ဘယ်ဟုတ်မလဲ နောက်မှသိရတာက တောင်ငူမှာက GTC , ကွန်ပြူတာတက္ကသိုလ်, တောင်ငူတက္ကသိုလ်, TTC နဲ့ သူနာပြုကျောင်းလားမသိဘူး ရှိတယ်ဗျ။ဒါကြောင့်ကျောင်းဖွင့်ချိန်ဆိုရင် တောင်ငူမြို့မှာ ကျောင်းသားတွေနဲ့ရှုပ်နေတော့တာ။
အဲ့ဒီတော့ ကျွန်တော် ကျောင်းစတက်တဲ့အချိန်မှာ အရာရာတိုင်းဟာ ငေးစရာတွေချည်းပါပဲ။ အော် နောက်တစ်ခုကျန်ခဲ့တယ်ဗျ အဲ့ဒါက ကျနော် ကျောင်းစ စတက်ချင်း အိမ်ကလာတော့ ကျွန်တော့်စက်ဘီးလေး ပါ ပါလာတယ်ဗျ။ အဲ့ဒီစက်ဘီးလေးက ကျွန်တော် ၈ တန်းနှစ်မှာ အိမ်ကဝယ်ပေးထားတာ။ ထားပါတော့လေ။ အဲ့ဒီလိုနဲ့ ဝယ်စရာတွေ ဝယ်ခြမ်းလို့လဲပီးရော အဆောင်ကိုပြန်ကြတာပေါ့။ အဖေ နဲ့အမေ က အဲ့ဒီ တစ်ရက်ပဲ ကျွန်တော်နဲ့ နေပြီးနောက်နေ့ နေ့လည် ရထားနဲ့ပြန်ကြမှာလေ။ အဆောင်လည်းပြန်ရောက်ရော ညနေလောက် ရေမိုးချိုးပြီး ကျောင်းဖက်ကို လမ်းလျှောက်ကြပါလေရော။ အဲ့ရက်က ကျောင်းပိတ်ရက် ( လွပ်လပ်ရေးနေ့) ဆိုတော့ ကျောင်းဝင်းထဲမှာ လူက မရှိဘူး ။ နည်းနည်းပါးပါး စက်ဘီးစီးတဲ့သူတို့ လမ်းလျှောက်တဲ့သူတို့ပဲရှိတာ။ အဲ့ဒီမှာ ကျောင်းအကြောင်းလေးနည်းနည်းပြောပြမယ်။ ကျွန်တော်တို့ ကျောင်းမှာ တံခါးပေါက် နှစ်ပေါက်ရှိတယ် ။ လမ်းက နှစ်လမ်း ပေါ့ Main လမ်းလို့လဲပြောလို့ရတယ်။ အဲ့ဒီ Main လမ်းနှစ်လမ်းကို နောက်ထပ်ဖြတ်လမ်း ၃ လမ်းက ကန့်လန့်ဖြတ် ထားတယ် ။ အဲ့ လမ်းတွေဟာ ကျောင်းခန်းတွေကိုပိုင်းခြားထားတယ် ။ အစွန်ဆုံးဖြတ်လမ်း ကနေသွားရင် ဘောလုံးကွင်း ရှိတယ်။နောက်တစ်ခုက အလယ်ဖြတ်လမ်းမှာကျတော့ ကျွန်တော်တို့ GTC ကျောင်းရဲ့ တစ်ဆူတည်းသော စေတီရှိတယ်။ အဲ့စေတီရဲ့ ဘွဲ့ က လေးကျော်တင်ဆုတောင်းပြည့်စေတီ တဲ့။
ပထမဆုံး ဖြတ်လမ်းမှာကတော့ ကျောင်းအုပ်ကြီးရုံးခန်းအပါအဝင် တခြားစာသင်ဆောင်တွေရှိတယ်။ စာသင်ဆောင်တစ်ဆောင်နဲ့ တစ်ဆောင်ကို ကော်ရစ်ဒါ နဲ့ဆက်သွယ်ထားတာ။
နောက်တစ်ခု ကျွန်တော်အရမ်းကြိုက်တာက အဲ့ဒီတုန်းက ကျောင်းက ယခုလို ကွင်းပြင်ကြီးထဲမှာ မဟုတ်တာပဲ။ ကျောင်းတခါးမကြီးကနေ ကျောင်းထဲဝင်လိုက်တာနဲ့ ဘေးတစ်ဖက်တစ်ချက်မှာ အပင်အကြီးကြီးတွေ တန်းစီစိုက်ထားတာဆိုတော့ အရိပ်အရမ်းရတယ်ဗျ။ ကျောင်းထဲဝင်လိုက်ရင် အေးချမ်းသွားတာပဲ။ ဒီလိုမိဘတွေနဲ့ကျောင်းထဲပတ်ကြည့်တုန်း သူငယ်ချင်းမိန်းကလေးတစ်ယောက်နဲ့တွေ့တယ် ။ သူကလည်း စက်ဘီးလေးနဲ့ ။ ရုံးခန်းဘက်ကဆင်းလာတာ။သူ့ကိုတွေ့တော့ ပျော်လိုက်တာဗျာ။ ဟုတ်တယ်လေ တောင်ငူစရောက်ကတည်းက အသိတစ်ယောက်နဲ့မှမတွေ့ဘူး။ သူကပထမဆုံးပဲ။ အဲ့ဒီမှာလည်းသူ့အကြောင်းနည်းနည်းပြောမယ်ဗျာ ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်းမှာ သူနဲ့ပတ်သတ်တဲ့တာလေးတွေ ပါလာမှာမို့လို့ပဲ။ သူနဲ့ကျွန်တော်နဲ့က ၁၀ တန်းမှာတုန်းက အရမ်းကြီးမသိဘူး။ မြင်တော့မြင်ဖူးတယ်။ မခင်ဘူး။ သူက ၁၀ တန်းတုန်းက E ခန်း ၊ ကျွန်တော်က D ခန်း ဒါကြောင့် မြင်တော့မြင်ဖူးတယ် မခင်ဘူး။ အဲ့ဒီလိုနဲ့ ၁၀ ကြီးတော့ ကျွန်တော်တို့ English Speaking သင်တန်းတက်ရော။ အဲ့မှာ စပြီးခင်တာ။ ခုထိလည်း အရမ်းခင်တဲ့သူငယ်ချင်းတွေပဲ။
နောက် GTC ရောက်တော့ သူ့ မေဂျာ က Civil ကျွန်တော်က Mechatronics ၊ နောက်တစ်ခုက သူက Civil မှာ Roll 1 ကျွန်တော်က Mechatronics မှာ Roll 1. နောက်တစ်ခုက သူနဲ့ ကျွန်တော်နဲ့ ၁၀ တန်းအမှတ်စာရင်းက အမှတ် ၁၀၀ တိတိကွာတယ်။
အဲ့လိုနဲ့ ကျောင်းကိုပတ်ကြည့်ပြီးတော့ အဆောင်ပြန်လာကြရော။ အဲ့ဒီည မိဘတွေနဲ့အတူတူအိပ်ကြတာပေါ့။ ဒါပေမယ့် အိပ်မပျော်ဘူးဗျ။ အိပ်နေကျနေရာမဟုတ်တာကတစ်ကြောင်း နောက်တစ်ကြောင်းက မတရားအေးလို့ဗျ။ အဲ့ဒီလိုနဲ့ မနက်မိုးလင်းတော့ မနက်စာကို အဆောင်မှာဖွင့်ထားတဲ့ ထမင်းဆိုင်လေးမှာ စားတာပေါ့။ ဘာစားကောင်းသလဲမမေးနဲ့။ ဆန် ကလည်းကောင်းမှကောင်း။ စားပြီးတော့ကျောင်းသွားရော။ အဲ့မှာ ကျွန်တော် တိုင်ပတ်တာပဲ။ ကိုယ်က ကျောင်းသားအသစ် ကြီးတော့ ခုမှ လာတက်တာ ဆိုတော့ ဘယ်အခန်းမှန်း မသိဘူး။ အဲ့တော့ ကျောင်းထဲရောက်တော့ တွေ့တဲ့ကျောင်းသားတစ်ယောက်ကို မေးရတော့တာပေါ့။ အော် ကျွန်တော်တို့တုန်းက ကြိုက်တဲ့ အင်္ကျီနဲ့ ပုဆိုးနဲ့ကျောင်းတက်လို့ရတယ်။
တစ်ခါတစ်လေ စတိုင်ဘောင်းဘီ နဲ့ တစ်ခါတစ်လေ ဘောင်းဘီအတို နဲ့ကျောင်းတက်တာ။ အဲ့တော့ တွေ့တဲ့သူက အစ်ကိုပေါ့ first year Mechatronics အခန်းကဘယ်အခန်းလဲပေါ့ ။ ဆိုပြီး မေးရတော့တာပေါ့။ အဲ့မှာ အဲ့ဒီအစ်ကိုက ကိုယ့်ကိုတစ်ချက်ကြည့်ပြီး အော် ညီလေးက ပထမနှစ်လား။ မင်း major အခန်းက E အဆောင်မှာ ဆိုပြီး လမ်းညွှန်ရော။ အော် ဟုတ်ကဲ့ဆိုပြီးသွားတာပေါ့ ။ ဟိုလည်းရောက်ရော ကိုယ်က ယောင်ပေယောင်ပေနဲ့ကြည့်နေတာကို အထဲက ကျောင်းသားတွေကမြင်သွားပုံရတယ်။ ဒါနဲ့တစ်ယောက်က ဘာကိစ္စရှိလို့လဲပေါ့ ဆိုပြီးမေးတော့ ဒီအခန်းက first year Mechatronics အခန်းလားလို့မေးလိုက်ရော ၊ အဲ့ကျောင်းသားက မဟုတ်ဘူး မင်းက ကျောင်းသားအသစ်လားဆိုပြီး M အဆောင်ကိုလား မမှတ်မိတော့ဘူးပြောရော။ ကိုယ်ကလည်းမသိတော့ အော်ဟုတ်ကဲ့ဆိုပြီး သူတို့ညွှန်တဲ့အတိုင်းသွားလိုက်တာ ဆရာတွေနေတဲ့အဆောင်ကို ရောက်သွားရော။.အဲ့ဒီက ဆရာက ပြန်ညွှန်မှ နောက်ဆုံး ကိုယ့်အခန်းကို တည့်တည့်မတ်မတ် ရောက်သွားတာဗျ။ အခန်းထဲလည်းရောက်ရော ဖြစ်ချင်တော့ ဆရာ မရောက်သေးဘူးဗျ ။မှတ်မှတ်ရရ English အချိန် ။ ကိုယ်က လည်း လွတ်တဲ့နေရာ ဝင်ထိုင်တာပေါ့။ ပြီးတော့ ပဲခူးက ဘယ်သူများရှိမလဲပေါ့ ဆိုပြီး ဘေးဘယ်ညာ ကိုကြည့်လိုက်တော့မှ တစ်ယောက်ပဲတွေ့တယ်။ ကျောင်းတုန်းက အခန်းမတူပေမဲ့ သိနေတယ် ။ ခုထိလည်း သူငယ်ချင်းပါပဲ။ အလုပ်လည်းအတူတူ ။ ကျောင်းမှာလည်းအတူတူ။ ဘယ်သူများမှတ်သလဲ။
@oolay