ပြတ်အောင်ရုန်းကြပါ

Words
372
Reading
2 min
Listen
Play
9y

IMG_20171211_182328.jpg

“ ပြတ်အောင်ရုန်းကြပါ”

တချိန်တုန်းက ကျွန်တော်ဟာ သစ်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုမှာ အပျော်တမ်း ၀န်ထမ်းလုပ်ဖူးပါတယ်။ အချိန်အခါကို ပြန်စဉ်းစားကြည့်တော့ 1998/99 လောက်ကပါ ကျွန်တော့်အသက် 25 ကျော်လောက်ပေါ့။ ထိုခေတ်ထိုအခါက မြန်မာပြည်အလယ်ပိုင်းဟာ သစ်တောကြီးတွေနဲ့ စိမ်းစိုအုံမှိုင်းနေတာ အများအသိပါ။ အထူးသဖြင့် စစ်ကိုင်းတိုင်းအထက်ပိုင်း မဟာမြိုင်သစ်တောကြီးဆိုတာ အများသိ၊ ကမ္ဘာသိ သစ်တောကြီးပေါ့ဗျာ။

ကျွန်တော် ကျောင်းသားဘ၀လွန်မြောက်ကာစ အချိန်ဖြစ်နေတော့ အလုပ်အကိုင်ကမရှိသေး၊ မိဘလုပ်စာ ထိုင်စားနေပီး လွတ်ချင်တိုင်းလွတ်နေတဲ့ အချိန်လေးပေါ့။ မနက်လင်းလို့ မျက်နှာသစ်ပီး နံနက်ခင်းစာ ထမင်းကြမ်းကြော်တစ်ပွဲ ဗိုက်ကားအောင်စားပီးတာနဲ့ စက်ဘီးတစ်စီးနှင့် သူငယ်ချင်းများအိမ်သို့ တစ်အိမ်တက် တစ်အိမ်ဆင်း လျောက်လည်ပတ်နေချိန်ပေါ့။ တနေ့တော့ လည်ရာမှအိမ်ပြန်လာသော ကျွန်တော့အား ဖခင်ကြီးမှ ခေါ်ကာ စကားတစ်ခွန်းပြောပါတယ် “မင်းဒီလိုပုံစံနဲ့ဆက်သွားရင် ခွေးဖြစ်တော့မယ်၊ မင်းဘ၀ကိုတည်ဆောက်ဘို့ စဉ်းစားပါတော့၊ ငါမင်းအတွက် အလုပ်တစ်ခုရှာထားတယ်၊ အခုပဲ အိပ်ယာလိပ်ယူပီး အလုပ်ရှိရာလိုက်သွားပေတော့ တဲ့ဗျာ” ပြောပြောဆိုဆို ကျွန်တော့အရှေ့ အ၀တ်ထုပ်တစ်ထုပ်နှင့် အိပ်ယာလိပ်တစ်လိပ် ရောက်ရှိလာပါတယ်။

ရုတ်တရက်ကြီး ပြောင်းလဲသွားသော ခြေအနေကို ကျနော်ပြန်လည်သုံးသပ်ကြည့်သည်။ ဖခင်ကြီးမှ ကျနော့အား ဘ၀တွေ့အကြုံရစေချင်သည့် အဓိပ္ပါယ်ကို တွေ့လိုက်ရသည်။ သို့နှင့် မိခင်ကြီးတားနေသည့်ကြားမှ ဖခင်ကြီးလိုက်သွားစေလိုသော အလုပ်ရှင်နောက်သို့ ကျနော်လိုက်သွားခဲ့တော့သည်။ ထိုနေ့မှစကာ ကျွန်တော်သည် သစ်ထုတ်လုပ်ရေး ကန်ထရိုက်တာတစ်ဦး၏ သစ်တောတွင်းသစ်ထုတ်လုပ်ခြင်း လုပ်ငန်းတွင် တာလီမှတ်စာရင်းကိုင် တစ်ယောက်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်။ ( တောတွင်းအတွေ့အကြုံ လုပ်ငန်းဆောင်တာများအား နောင်တစ်ချိန်တွင် တင်ပြပါဦးမည် )။

ယခုဆောင်းပါးတွင် ကျွန်တော်တင်ပြလိုသည်မှာ ထိုတောတွင်းဝန်ထမ်းလေးဘ၀က တွေ့ကြုံခဲ့ရသော အဖြစ်လေးအား မမေ့နိုင်အမှတ်တရ အမြဲဖြစ်နေသော အကြောင်းလေးအား တင်ပြလိုခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ တောတွင်းသစ်ထုတ်ရာတွင် ကားစခန်း၊ ဆင်စခန်း၊ ကျွဲစခန်းနှင့် ထောက်ပို့စခန်းဆိုကာ လေးမျိုးခွဲထားရာ ကျွန်တော်မှာ သစ်တောအတွင်းလိုက်ရသော သစ်လုံးများကို စာရင်းမှတ်ရသူဖြစ်၍ ဆင်စခန်းတွင်နေရသည်။ သို့သော် ကျနော်မှာ ဆင်များနှင့်နီးနီးကပ်ကပ်မနေ၀ံ့၍ အနီးဆုံး ကျွဲစခန်းသို့ ပြောင်းရွှေ့စခန်းချနေခဲ့ရသည်။

img01.jpeg

Credit Image Source

ဤတွင် ကျွန်တော်တင်ပြလိုသော အတွေ့အကြုံလေးမှာ ဆင်စခန်းမှရရှိခဲ့သည်။ ထိုဆင်စခန်းတွင် ဆင်ကြီးဆင်ကလေး အရွယ်စုံ 10 ကောင်ကျော်ခန့်ရှိသည်။ အလွန်ထွားကျိုင်းသန်မာသော ဆင်ထီးကြီး သုံးကောင်အား ထူးဟုခေါ်သော သံကြိုးကြီးများဖြင့် ခြေထောက်များအား ခတ်ထား၊ ချည်ထားကြသည်။ သို့သော် ကျန်ရှိသော ဆင်မများ၊ ဆင်ကလေးများ၊ အရွယ်အလတ်စား ဆင်ထီးများကိုတော့ သေးငယ်သော ကြိုးတစ်ချောင်းဖြင့်သာ ခြေထောက်များအား ချည်နှောင်ထားကြသည်။ ထိုကြိုးဖြင့်ချည်နှောင်ထားသော ဆင်များမှာ ရုန်းကန်ခြင်းအလျဉ်းမရှိ၊ ထွက်ပြေးခြင်းအလျဉ်းမရှိချေ။ ၎င်းတို့အားချည်ထားသော ကြိုးနှင့် ၎င်းတို့၏ ခန္ဓာကိုယ် အင်အားနှိုင်းယှဉ်လျင် အလွန်မှကွာခြားလှပါသည်။ ဆင်ကြီးများမဆိုထားနှင့် ဆင်ပေါက်ကလေးက ရုန်းကန်လျင်ပင် ထိုချည်ထားသောကြိုးမှာ အလွယ်တကူပြတ်ထွက်မည်မှာ သေချာနေသည်။

ကျွန်တော်သည် မြင်တွေ့ရသော ထူးဆန်းသည့်မြင်ကွင်းကြောင့် နီးစပ်ရာ ဆင်ဦးစီးတစ်ဦးအား မေးကြည့်ရာ သူတို့(ဆင်များ)တွေကို အဓိက ကတော့ ဟိုဆင်ကြီး ၃ကောင်ပေါ့ သူတို့ထဲမှာ ခေါင်းဆောင်ဆင်ကြီးတွေပေါ့။ ဒီကောင်ကြီးတွေကိုနှိမ်ထားရင် ကျန်တဲ့အကောင်တွေက မီးသေတယ်၊ ခေါင်းဆောင် ၃ကောင်က ငြိမ်ခံရင်သူတို့လဲ ငြိမ်ခံတာ၊ အဲဒါသူတို့သဘာဝပါ။ ဒါကြောင့် ကျနော်တို့က ဆင်ကြီး၃ကောင်ကို ဒီစခန်းစရောက်ကတည်းက သံကြိုး(ထူးကြိုး)ကြီးတွေနဲ့ အရင်ခတ်ပါတယ်။ သူတို့ရုန်းကြတယ်၊ သံကြိုးပြတ်အောင်သူတို့မရုန်နိုင်ဘူးလေ၊ နောက်တော့ မရုန်းကြတော့ဘူး။ ဒီလိုနဲ့ ရက်၊လအတော်ကြာလာတော့ ရိုးရိုးကြိုးနဲ့ပြောင်းပီးချည်တယ်၊ သူတို့မရုန်းကြတော့ဘူး။ သူတို့စိတ်ထဲမှာ လူသားတွေချည်ထားတဲ့ကြိုးကို ပြတ်အောင်သူတို့မရုန်းနိုင်ဘူးလို့ စွဲမှတ်သွားကြတာ။ အခုဆို အကောင်ကြီးတွေကော၊ အကောင်ငယ်တွေကော ရိုးရိုးကြိုးနဲ့ချည်ထားလို့ရသွားပီ။ ကျနော်တို့ ဒီဆင်တွေနဲ့ အလုပ်လုပ်လာတာ 10 နှစ်ကျော်ပီ ခုချိန်ထိ တစ်ကောင်မှ ထွက်ပြေးတယ်၊ လူကိုရန်လုပ်တယ်မရှိသေးပါဘူးဗျ။ စသဖြင့် ကရင်သံတ၀ဲဝဲဖြင့် ဆင်ထိန်း၊ ဆင်ဦးစီးကြီးက ရှင်းပြခဲ့ပါတယ်။

img02.jpeg
Creditt Image Source

ထိုသို့ တောတွင်းက အသိအမြင်လေးဟာ ယနေ့တွင်မြန်မာစတီးမစ်ကွန်မြူနတီ အဖွဲ့သားအချို့၏ အဖြစ်နှင့် တိုက်ဆိုင်နေသည်အား မြင်တွေ့မိပါ၍ ကျနော့စိတ်ထည်းတွင် ပြန်လည်အမှတ်ရနေခဲ့သည်။ တိုက်ဆိုင်နေသည့် အကြောင်းမှာ ယနေ့စတီးမစ်တွင် စာပေရေးသားနေကြသော လူငယ်အတော်များများမှာ ကိုယ်တိုင်ဖန်တီးရေးသား ရသော စာတစ်ပုဒ်ဖြစ်ရန် ခက်ခက်ခဲခဲ ရေးသားနေကြရသည်ဟု ကြားသိမိရပါ၍ စိတ်မကောင်းဖြစ်ရသည်။ ထိုထိုသော အချို့သော စာရေးရန်ခက်ခဲနေသူတို့သည် ဆက်လက်ကြိုးစားမှု အလျဉ်းမပြုကြပဲ အလွယ်လမ်းကိုလိုက်မိကြ၍ အကျိုးနဲရသော အဖြစ်နှင့်ကြုံတွေ့သွားကြသည်ကိုလည်း နှမြောခြင်း၊ စိတ်မကောင်းခြင်းဖြစ်ရသည်။

အနှီ ပုဂ္ဂိုလ်တို့မှာ ကြိုးသေးသေးလေးနှင့် အချည်ခံထားရသော ဆင်ကြီးများနှင့်သဏ္ဍန်တူနေပါတော့သည်။ သေချာသုံးသပ်ကြည့်လေလျင် အစပထမက ချည်ထားသောသံကြိုးကို မရုန်းနိုင်သည်ကို အစွဲပြုကာ နောက်ချည်သော ရိုးရိုးကြိုးကိုပါ မရုန်းနိုင်အထင်ရှိနေကြသော ဆင်ကြီးများနှင့် အလားသဏ္ဍန်တူနေပါသည်။ အနည်းငယ်သော “ဇွဲ”ကလေးထည့်ကာ ရုန်းကြည့်ဦးမည် ဟူသောစိတ် မပေါ်ပေါက်ခဲ့၍ သော်လည်းကောင်း၊ ငါရုန်းလျင်လဲ ပြတ်မှာမဟုတ်ပါဘူးဟု မိမိခန္ဓာကိုယ် အင်အားကို လျစ်လျူရှုကာ လုံ့လလျော့ခဲ့၍ သော်လည်းကောင်း၊ သူတို့၏ ဘ၀ကို အလွယ်တကူ လက်လျော့အရှုံးပေးသူများ ဖြစ်နေကြသည်။

img03.jpeg
Credit Image Source

ထို့ကြောင့်ပင် လွတ်မြောက်သင့်သော အခက်အခဲကို မလွတ်မြောက်နိုင်ကြပဲ၊ ဒုက္ခနွံတွင်နစ်ကြ လေတော့သည်။ သူတို့တွေ၏ အခက်အခဲသည်မည်သို့အခက်အခဲနည်း။ အထက်မှာဆိုခဲ့သည့်အတိုင်း စာတစ်ပုဒ် ရေးရန် ခက်ခဲနေကြသည်။ ဤအချက်နှင့်ပါတ်သက်၍ စာရေးနိုင်သည့်နည်းလမ်းများကို အတွေ့အကြုံရှိကြသော စီနီယာများက ပိုစ်ပေါင်းများစွာဖြင့် တင်ပြခဲ့၊ လမ်းပြခဲ့၊ လမ်းညွှန်ခဲ့ကြသည်မှာ များလှပါပီ။ ကျွန်တော်ပင်လျှင် “စာရေးရာမှာ ကြောက်နေသလား”ဟူသော ပိုစ်ဖြင့် နည်းကောင်းလမ်းကောင်းများ တင်ပြခဲ့ပြီးဖြစ်သည်။

ဒါ့ကြောင့် စာရေးရန်ခက်ခဲနေသော ဦးဦး၊ ကိုကို၊ဒေါ်ဒေါ်၊မမ၊ ညီ၊ညီမလေးများတို့ရေ သင်တို့ကိုယ်တိုင် ကြိုးသေးသေးလေးနဲ့ အချည်ခံထားရတဲ့ ဆင်တစ်ကောင်လိုဖြစ်နေပီလားဆိုတာ သေသေချာချာ လေ့လာသုံးသပ် ကြည့်ကြပါ။ တကယ်လို့ ထိုကြိုးအသေးလေးနဲ့ ချည်ထားနေရိုးမှန်ရင် နောက်တစ်ကြိမ် ကြိုးစားရုန်းကန်ပီး စာလေးတစ်ပုဒ် ရေးကြည့်ကြပါဦးလို့ အားပေးတိုက်တွန်းလိုပါတယ်။ သေချာပေါက် စားမရေးနိုင်ဘူးဆိုတဲ့ ကြိုးသေးသေးလေး ပြတ်တောက်သွားပြီး သင်ကိုယ်တိုင် စာပေများ ရေးသားလာနိုင်မယ်ဆိုတာ ရဲရဲကြီး အာမခံ တိုက်တွန်းလိုက်ပါတယ်ဗျား။

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

မြန်မာစတီးမစ် အဖွဲ့သားများအားလုံး ကိုယ်စိတ်နှစ်ပါးအား ချည်နှောင်ထားသောကြိုးများကင်း ကြပါစေဗျား။

Steemit photos for paragraph.jpg

Writer >>>nyinyiwin@nyinyiwin(Steemit) MSC-006

Writing End Time >>> 09:25 AM (26.3.2018)

#Myanmar #Story #Writing #Knowledge

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

ပြတ်အောင်ရုန်းကြပါ | Ecency