ဒေါင်..ဒေါင်..ဒေါင်
အေးစက်သည့် မနက်ခင်းအတွင်း ဘုန်းတော်ကြီးကျောင်းမှ ၃နာရီ မောင်းခေါက်သံ။ထိုအသံကိုမကြားရသည်မှာကြာခဲ့ပြီ။ငယ်စဉ်က မြို့မှာအလုပ်လုပ်ပြီး ကြီးပြင်းလာခဲ့သည့် ကျွန်တော် မွေးရပ်မြေဇာတိကို ပြန်ရောက်လာခဲ့ခြင်းပဲဖြစ်ပါသည်။မြို့မှာက မွန်းကျပ်လွန်းသည်ထင်ရသည်။မိမိတောဓလေ့ကိုသာ နှစ်ခြိုက်သည်။တောမှာမွေး၍ကြီးပြင်းလာခဲ့သည့် ကျွန်တော့်အဖို့မြို့တွင် မပျော်နိုင်ရှာပါ။ပျော်ရာမှာ မနေရ တော်ရာမှာနေရဆိုသလို မိမိဝမ်းစာအတွက်ရုန်းကန်လှုပ်ရှားရသေးသည်မဟုတ်လား။
မြို့တွင်တော့ တောနှင့်တခြားစီ။တနေကုန် အလုပ်နှင့် အချိန်ကုန်နေရသည်။လူပေါင်းစုံနှင့်လည်း ကြုံတွေ့ရသည်။အသံပေါင်းစုံလည်းကြားရသည်။နေ့စဉ်နှင့်အမျှ စိတ်ချမ်းသာသည်ဟု၍မရှိ။လက်ဆတ်သော လေကောင်းလေသန့်တို့ကို ရှူရိုက်ခွင့်လည်းမရ။စိတ်လွတ်လပ်မှုဆိုတာ ကျွန်တော်နှင့်ကင်းကွာခဲ့သည်လည်းကြာခဲ့လေပြီ။တစ်နေ့ တစ်နေ့ မိမိဇာတိဖြစ်သော တောရွှာလေးကို ပြန်ချင်မိသည့် စိတ်မှာလည်း အကြိမ်ကြိမ်အခါခါပင်။သို့သော် ကြံသမျှ အရာမထင်သောကြောင့် အချည်းအနှီးသာဖြစ်ခဲ့ရသည်။ယခုတွင်တော့ မကုန်ဆုံးနိုင်သော အလုပ်များကို ခေတ္တာပစ်ထား၍ မိမိဇာတိရွှာလေးသို့ ထွက်ခွာခဲ့တော့သည်။
ရွှာ၏ အနေအထားမှာလည်း ယခင်ကနှင့်မတူ တမူထူးခြားပြောင်းလဲခဲ့သည်။အရင်ဆို နွေဦးရောက်ရင် ရွှာလမ်းမကြီးက ဖုန်တွေတထောင်းထောင်းနှင့်။ယခုတော့ ကျောက်စရစ်လမ်းလေးနှင့် ခန့်ညားလို့။ကိုယ်ပိုင် ကားလေးဖြင့်လည်း ကြီးပွားနေကြသည်။မိမိတော့မရောက်တာကြာပြီဖြစ်၍ အထူးအဆန်းဖြစ်နေမိသည်။ငယ်ပေါင်းသူငယ်ချင်းများမှာလည်း ကလေးတွေ ခွေးနှင့်သာ။မိမိသာ ယခုထက်ထိ လူပျိုကြီးဘဝကမကျွတ်လွတ်နိုင်သေး။(ကြုံတုန်းကြော်ငြာဝင်တာ😄😄)ရွှာနှင့်လည်းကင်းကွာနေသည်မှာ ကြာပြီဖြစ်၍ ကြောင်တောင်တောင်တော့ဖြစ်မိသည်။ကျွန်တော်ရောက်သွားသောအချိန်မှာ နေဝင်ရိုးရီအချိန်ဖြစ်၍ တောင်သူအလုပ်သမားများ အလုပ်တက်သောအချိန်နှင့်တိုက်ဆိုင်နေခဲ့သည်။တောင်သူဦးကြီးများလည်း သူတို့၏တစ်နေ့တာ အလုပ်ချိန်များကုန်ဆုံး၍သီချင်းတကြော်ကြော်ဖြင့် အိမ်သို့ ပြန်လာချေပြီ။ထိုမြင်ကွင်းမျိုး မမြင်ရသည်မှာကြာပြီဖြစ်၍ စိတ်ထဲ ကြည်နူးမိသည်။
တချို့ကျ နွားလှည်းများဖြင့်ပြန်လာကြသည်။ကျွန်တော်လည်းလျှောက်ရင်းလျှောက်ရင်းဖြင့် အိမ်သို့ရောက်လာခဲ့သည်။
ငယ်စဉ်ကအိမ်ရှေ့က ပိတောက်ပင်ငယ်လေးလည်း တော်တော်ကြီးနေပြီ။အိမ်ရောက်၍ မိဘများက ဝမ်းပန်းတသာ ကြိုဆိုကြသည်။မတွေ့ရသည်မှာကြာသည်ဖြင့်၍ မျက်ရည်များပင်ကျမတက်။သြော် မိဘမေတ္တာ မိဘမေတ္တာ။ထို့နောက်ကျွန်တော်လည်းရေမိုးချိုး ထမင်းစားပြီး အိပ်ယာစောစောဝင်ခဲ့ပါတော့သည်။
ဒေါင်..ဒေါင်..ဒေါင်
အနည်းငယ်အေးစက်သည့် မနက်ခင်းအတွင်း ဘုန်းတော်ကြီးကျောင်းမှ ၃နာရီ မောင်းခေါက်သံ။အဆက်မပြတ်ဆိုသလို အုန်းမောင်းခေါက်သံလည်း ဆက်ကြားရတော့သည်။ထိုအသံကြား၍လားမသိ အမေလည်းနံနက်စာချက်ပြုတ်ရန် နိုးထသံကိုလည်းကြားနေရသည်။ အင်း တောဓလေ့ တောသဘာဝ၏နံနက်ခင်းကား ကျက်သရေရှိလွန်းပါဘိ။အာရုဏ်မိုးသောက်တော့မှ ကျွန်တော်လည်းအိပ်ယာမှနိုးခဲ့တော့သည်။အိပ်ယာထ မျက်နှာသစ် ဘာညာ ပြုလုပ်ပြီးအမေပြင်ပေးသော ထမင်းဆီဆမ်းနှင့်ပဲပြုတ်ကိုအားပါးတရ ကြိတ်လိုက်သည်။မစားရတာကြာပြီဖြစ်သော အမေ့၏ထမင်းဆီဆမ်းနှင့်ပဲပြုတ်မှာ အရသာရှိလွန်းသည်ထင်ရသည်။ထမင်းစားပြီး အပျင်းပြေရွှာရိုးကိုးပေါက်လျှောက်ရန် ထွက်ခဲ့တော့သည်။
နေမင်းကြီးက သူ၏တာဝန်ထမ်းဆောင်ရန် အရှေ့ဘက်မှ ပြူထွက်လာခဲ့တော့သည်။မြူများအနည်းငယ်ရစ်ဆိုင်းနေသေးသော နွေဦးရာသီလေးမှာ သာယာလွန်းနေသည်။ထို့နောက် ကြည်နူးဖွယ်ကောင်းသောမြင်ကွင်းကို ကျွန်တော်အမှတ်မထင်မြင်တွေ့ခဲ့တော့သည်။
ထိုမြင်ကွင်းကားရွှာဦးကျောင်းမှ သံဃာတော်များနှင့် ကိုရင်ငယ်လေးများ တသီတတန်းဖြင့် ဆွမ်းခံကြွလာသောမြင်ကွင်းပင်။အရင်ဆို အလုပ်ထဲနစ်နေသော ကျွန်တော်အဖို့ ယခုလိုမျိုး ကြည်ညိုဖွယ် ရဟန်းသံဃာတို့အား ဖူးမြော်ခွင့်မရခဲ့။ရုတ်တရက် ကျွန်တော်လည်း ဖိနပ်ချွတ်ကာ လက်စုံမိုး၍ရှိခိုးဦးချလိုက်တော့သည်။စိတ်ထဲ အရမ်းပိတိဖြစ်လွန်းခဲ့သည်။ရွှာသူရွှာသားများမှာလည်း မိမိတို့အိမ်ပေါက်ဝတွင် ကိုယ်စီကိုယ်ငှါ ဆွမ်းလောင်းလှူနေကြသည်။မရှိလို့မလှူ မလှူ လို့မရှိဆိုကြသလို မိမိတို့ရှိသာလေးနှင့် ကုသိုလ်ဒါနပြုလုပ်နေကြသည်မှာလည်း အလွန်ပင် ဝမ်းသာပီတိဖြစ်မိပါသည်။မြို့ကြီးပြကြီးတွင် မည်သို့ပင်ခမ်းနားစေကာမူရိုးသားလှသောတောသဘာဝ၏အငွေ့အသက်ကိုတော့ မှီနိုင်မည်မထင်ပါ။တောသူတောင်သားဆိုသည် ဟန်ဆောင်ခြင်းကင်းမဲ့ပြီးရိုသားလွန်းကြသည်။အရှိကိုအရှိတိုင်းသာ ဖွင့်ပြောကြသည်။မာယာကြွယ်သော မြို့ကြီးပြကြီးနှင့်ဆန့်ကျင်ဘက်ပင်။ကျွန်တော်လည်း ဆွမ်းခံကြွလာသော ရဟန်းသံဃာတသီတတန်းကြီးမြင်ကွင်းမှကွယ်ပျောက်သွားမှရှေ့သို့ဆက်ခဲ့ပြန်တော့သည်။
ဆက်လက်ရေးသားပါမည်ခင်ဗျာ။
Author by @nandasai(MSC.076)
Photos by Google image