အပိုင်း(၁)အား ဒီနေရာ မှပြန်လည်ဖတ်ရှုနိုင်သည်။ချစ်သူနှစ်ဦးအတွက် နှုတ်ဆက်အလွမ်းဖွင့်ခန်းမှာ ကြေကွဲစရာကောင်းလွန်းနေပါသည်။မခွဲခွါချင်ပေမဲ့ အခြေအနေအရ ခွဲခွါရပါဦးမည်။ခင်ထားတစ်ယောက် မျက်ရည်စများ ထွက်ကျလာသည်။ကျော်စွာလည်း မျက်ရည်မကျအာင် တင်းခံနေရင်းက မျက်ရည်များက အလိုလိုထွက်ကျလာပါတော့သည်။အချစ်စစ်တို့ လျှောက်ရာလမ်းသည် အမြဲမဖြောင့်ဖြူးနိုင် ဆိုသည်မှာမှန်ကန်နေသည်လား။
နောက်တစ်နေ့။
နေမင်းကြီးက သူ၏တစ်နေ့တာ တာဝန်အတွက်အရှေ့အရပ်မှ ပြူထွက်လာချေပြီ။ကျော်စွာတစ်ယောက် ကျောပိုးအိတ် တစ်လုံးနှင့် မိမိရွှာလေးအား လှည့်ကြည့် လှည့်ကြည့်ဖြင့် ကျောခိုင်းထွက်ခွာလာခဲ့တော့သည်။
နေရစ်ဦးတော့ခင်ရယ်။ပျော်ရာမှာမနေရ တော်ရာမှနေရ ဆိုသည့်အတိုင်း ခင်နှင့်နီးစပ်နိုင်ဖို့ ကြိုးစားရပေဦးမည်။ထိုနှင့် ကျော်စွာတစ်ယောက် သူ၏သူငယ်ချင်းများဖြင့် ထိုင်းနိုင်ငံသို့ ခရီးဆက်ခဲ့လေသည်။ဟိုတစ်ယောက် ဒီတစ်ယောက်နှင့်ကျော်စွာတို့အဖွဲ့က လူတော့အများသား။သို့သော် ကျော်စွာတို့မှာ မှောင်ခိုလမ်းက သွားရမည်ဖြစ်သည်။တောလမ်းက ဖြတ်ရမည်။လမ်းစရိတ်အတွက် တပြားမှပေးစရာမလို။အထဲရောက်မှ အလုပ်လုပ်ပြီး ရသည့်လုပ်အားခစထဲကနည်းနည်းစီ ဖြတ်ယူမည်ဟုပြောသည်။အခုလိုကျ ဟန်ကျသား။ဘယ်လိုပဲဖြစ်ဖြစ် စရိတ်မကုန်ရသည်မို့ ကျော်စွာတော့ ကျေနပ်နေမိတော့သည်။ကျော်စွာတို့ ကားစီးလာခဲ့တာ ဆိုရင်ဖြင့် နယ်စပ်ဒေသတို့ရောက်ရှိခဲ့ပြီ။နယ်စပ် တောလမ်းရောက်တော့ ကားကိုရုတ်တရက်ရပ်လိုက်သည်။ပြီးနောက် ကားခေါင်းထဲမှ ကျော်စွာတို့အား စရိတ်ခံပေးသော သူဋ္ဌေးထွက်လာပြီး နယ်စပ်ရောက်နေပြီဖြစ်ကြောင်း၊ထိုင်းနိုင်ငံသို့ဝင်ရင် ကားအား အလုံပိတ်ရမည်ဖြစ်ကြောင်း ပြောပါတော့သည်။မှောင်ခိုနှင့်သွားရမည်ဖြစ်သောကြောင့် သူဋ္ဌေးပြောသည့်အတိုင်း လုပ်ရမည်မှအပ မရှိပါ။ထို့နောက်ကားအား မိုးကာများဖြင့်အုပ်လိုက်ပါတော့သည်။ဘာအသံကြားကြား ချောင်းမကြည့်ရန် သူဌေးကဆက်ပြောလိုက်သည်။ကျော်စွာတို့လည်း မိုးကာအောက်ဝယ်တုတ်တုတ်မျှမလုပ်ဘဲ လိုက်ပါခဲ့ရသည်။
ကားမှာလည်း အရှိန်ပြင်းစွာဖြင့် မောင်းနှင်လာတော့သည်။ကျော်စွာခမျာ နည်းနည်းကြောက်စိတ်ဝင်လာပါသည်။သို့သော် မိမိတစ်ယောက်တည်းမဟုတ်ပါဘူးလေဆိုသည့် စိတ်နှင့် မိမိကိုယ်မိမိ နှစ်သိမ့်ထားခဲ့ရသည်။ကားကဘယ်ကိုမောင်း၍မောင်းနေမှန်းမသိ။သိချင်စိတ်များ ဖြင့် အပြင်ကိုကြည့်ချင်မိသော်လည်း သူဌေး၏စကားများကြောင့် မကြည့်ရဲ။စီးလာသည့်ကားမှာလည်း အခုတော့ ငြိမ်၍ အရှိန်ပိုပြင်းလာသည်။ကားဟွန်းသံများလည်း ကြားလာရသည်။ထိုင်းနိုင်ငံထဲရောက်နေပြီဟု ကျော်စွာတစ်ယောက်တွေးထင်နေမိသည်။
ဟော ကားရပ်လိုက်ပြီ ရောက်ပြီထင်သည်။ကျော်စွာတစ်ယောက်အပြင်ကို အရမ်းကြည့်ချင်မိသည်။မနက်ကတည်းက ထမင်းကြော်တစ်ပွဲနှင့်သာ ဗိုက်ဖြည့်ခဲ့ရသည်မို့ ဂလု ဂလုနှင့်အရမ်းဆာလောင်နေလွန်းသည်။
"ကဲ ဆင်းလို့ရပြီ"အပြင်မှ အော်သံနှင့်အတူမိုးကာအားလှန်ဖွင့်လိုက်သည်။ဒါဘယ်ရောက်နေပါလိမ့်ဟု အချင်းချင်းမေးကြရင်း မျက်လုံးများပွတ်သပ်ကြည့်ကြတော့သည်။ကွင်းပြင်ကြီးထဲ က ဂိုဒေါင်လေးတစ်လုံး။ပြီးတော့ ခက်ထန်သောမျက်လုံးများဖြင့်ကြည့်နေကြသော လူတစ်စု။ထိုလူစုများထဲမှ ခေါင်းဆောင်ဟုထင်ရသော လူက ပစ္စတိုကို ခါးထိုးထားလို့။ထိုလူမှ ထိုင်းစကားဖြင့် ကျော်စွာတို့ သူဌေးအား တစ်စုံတစ်ခုလှမ်းပြောလိုက်သည်။သူဌေးက ကျော်စွာတို့အား ဒီထိုင်းသူဌေးထံ အလုပ်လုပ်ရမည်ဖြစ်ကြောင်း ရှင်းပြလိုက်သည်။လုပ်အားခလည်း ပြောထားပြီးပြီဖြစ်ကြောင်းဆက်ပြီး ပြောလိုက်ပါသည်။သူဌေးလည်း ထိုသို့ပြောပြီး ကားအားပြန်မောင်းထွက်သွားတော့သည်။ထို့နောက် ကျော်စွာတို့အဖွဲ့အား ဂိုဒေါင်ထဲသို့ခေါ်ဆောင်သွားသည်။
ဂိုဒေါင်ထဲရောက်လျှင် အကြီးအကဲတစ်ဦးမှလူခွဲခိုင်းတော့သည်။ထိုထဲမှ စကားပြန်တစ်ဦးက ဘာသာပြန်ပေးသည်။လူကြီးပိုင်းအဖွဲ့နှင့်လူငယ်ပိုင်းအဖွဲ့ပင်။ကျော်စွာကတော့ လူငယ်ပိုင်းအဖွဲ့ထဲ ပါသွားတော့သည်။။အဖွဲ့နှစ်ဖွဲ့ခွဲပြီး ကားတစ်စီးရောက်လာပြန်သည်။ကားပေါ်မှ လူနှစ်ယောက်ဆင်းလာပြီးထိုင်းဘာသာဖြင့် အကြီးအကဲဖြစ်ဟန်တူသောလူကို လှမ်းမေးလိုက်သည်။ထို့နောက်မှာတော့ ကျော်စွာတို့လူုယ်ပိုင်းအဖွဲ့အား ထိုကားပေါ်သို့တက်ခိုင်းပါတော့သည်။နောက်တစ်တစ်နေရာ သွားရမည်ဟု စကားပြန်မှပြောပြသည်။ဗိုက်ဆာနေကြသော ကျော်စွာတို့အဖွဲ့မှ စကားပြန်အား ထမင်းစားချင်ကြောင်း၊ထမင်းအနည်းငယ်စားပြီးမှ သွားမည်ဟု ကားပေါ်မတက်ဘဲ ဆန္ဒပြကြတော့သည်။စကားပြန်ကလည်း မချြိ့ပုံး ပြုံးပြီး
"မင်းတို့ကို ခိုင်းဖို့ဝယ်ထားတာကွ ကျွေးဖို့ဝယ်ထားတာမဟုတ်ဘူး နားလည်လား ပြောရင်ပြောတဲ့အတိုင်းလုပ် ဒီမှာတွေ့လား"ဆိုပြီး ခါးကြားထဲထိုးထားသော ပစ္စတို သေနတ်နဲ့ ချိန်လိုက်ပါတော့သည်။ထိုအခါမှ ကျော်စွာတို့အဖွဲ့ ကောင်းကောင်းနားလည်လိုက်သည်။သူတို့အား မြန်မာနိုင်ငံမှ ပွဲစားက ထိုင်းပွဲစားထံရောင်းစားခြင်းခံရပြီဟု။ကျော်စွာ စိတ်ဓာတ်ကျသွားချေပြီ။ပြေးလျှင်လည်း လွတ်လမ်းကမမြင်။သူတို့လက်ထဲ၌သေနတ်များက အဆင်သင့်။ပြီးတော့ ကိုယ့်နိုင်ငံမဟုတ်သည်က တစ်ကြောင်း..။ကျော်စွာ ဘာလုပ်ရမည်နည်း။သူတို့ပြုသမျှနုရတော့မည်။
ဆက်လက်ကြိုးစားရေးသားပါဦးမည်။
Author by @nandasai(MSC.076)
Photos from Google image