သမိုင်းဖတ်ပါ

manwai(31)
Published in
#esteem
Words
216
Reading
1 min
8y
Listen to this post
~1 min

image

သမိုင်းဖတ်ပါ

 လူတစ်ယောက်ဟာ ဘဝကို နေတဲ့အခါ ကိုယ့်တစ်ယောက်တည်း အမြင်နဲ့ ဘယ်တော့မှ မပြည့်စုံဘူး။
 ဒါ့အပြင် လူတစ်ယောက်ဟာ ဘဝကိုအထက်စီးကျကျ နေသွားချင်တယ် ဆိုရင် ကိုယ့်တစ်ယောက်တည်း အမှားနဲ့လည်း မလုံလောက်ဘူး။
  ဒါ့ကြောင်း သမိုင်း ဖတ်ရမယ်။

  သမိုင်းဟာ လူပေါင်းမြောက်များစွာရဲ့ အမှားတွေ၊ ရှင်ဘုရင်ကြီးတွေရဲ့ နိဂုံးတွေ ၊ သူဌေးကြီးတွေရဲ့ ဇာတ်သိမ်းတွေ ၊ အာဏာရဲ့ အဆိပ်တက်မှုတွေ ၊ ပကာသနတွေရဲ့ အယောင်ဆောင် ချီးမွမ်းခန်းတွေကို .. အထုပ်ဖြည်ပြသလို ပြတဲ့ ပြဇာတ်ဆန်တဲ့ ဇာတ်လမ်းကြီးပါ။
သမိုင်းဖတ်ရင်းနဲ့ ကိုယ့်ရှေ့က နှစ်ပေါင်းများစွာစောပြီး နေထိုင်သွားကြတဲ့ တောက်တောက်ပြောင်ပြောင် တဒင်္ဂဘဝတွေဟာ မျက်စိရှေ့တင် ဇာတ်သိမ်းသွားကြတယ်။ 

ငါကရော....။ သမိုင်းဖတ်ရင်းနဲ့ ငါကရော လို့ မေးလိုက်တာဟာ သမိုင်းကပေးတဲ့ တန်ဖိုးထဲမှာ အမြင့်ဆုံးပါပဲ။ ကိုယ့်ရဲ့ ရှေ့ဆက်အုံးမယ့် ဘဝလမ်းခရီးအတွက် လိုအပ်နေတဲ့ ဥာဏ်အမြော်အမြင်အတွက်လည်း ဒါပါပဲ။ 
ငါကရော ..  လို့ မေးပြီးတဲ့နောက် သမိုင်းစာအုပ် အနားချပြီး ငိုင်သွားရတယ်။ လူသားဟာ ကိုယ်မဟုတ်တဲ့ တခြားလူတွေရဲ့ ဘဝကို ကြားနာရပြီးတဲ့နောက် ငါလည်း သူတို့လို ဖြစ်မှာပါလားလို့ တွေးမိတယ် .. ပြီးတော့ ငိုင်သွားရတယ် ဆိုတဲ့ ဒီအတွေ့အကြုံဟာ သိပ်ကို အရေးကြီးတဲ့ အတွေ့အကြုံပါ။
 ဒါမျိုး ကြုံဖူးတဲ့သူနဲ့ မကြုံဖူးတဲ့သူ .. ဥာဏ်ရည် ၊ စိတ်နေစိတ်ထား ၊ အပြောအဆို ၊ အတွေးအခေါ် သိပ်ကို ကွာပါတယ်နော်။ ဒါကို သမိုင်းဖတ်ရင်း သိနိုင်တယ်။ 

image

 လူတစ်ယောက်ဟာ လောကကြီးကို မြင်ကွင်းကျယ်ရှု့ဒေါင့်ကနေကြည့်ပြီး သိမြင် ခံစားရဖို့ ဆိုရင် ပထမဆုံး မမြဲခြင်းတွေရဲ့ သဘောကို ကောင်းကောင်း နားလည်ထားမှ ရမယ်။
  အမှားနည်းတဲ့ဘဝတစ်ခုမှာ မြင့်မြတ်မှု ပျောက်ဆုံးမသွားပဲ နေထိုင်ချင်တယ် ဆိုရင် ငါ့ဘဝဟာ တဒင်္ဂပါလား လို့ ရင်ထဲက သဘောပေါက်ထားဖို့ လိုပါတယ်။ 

သေမျိုးဖြစ်တဲ့ လူတွေဟာ  ဘယ်တော့မှ မသေမယ့်အတိုင်း တွေးတယ်.. ဘယ်တော့မှ မသေတော့မယ့်အလား လောဘတတ်တယ် ... ဘယ်တော့မှ မသေမယ့် သူတွေလိုပဲ ပြုမူနေထိုင် တတ်တယ်နော် ...
သမိုင်းဟာ ဘဝင်မြင့်တတ်တဲ့လူသားရဲ့ ဥာဏ်အနည်းဆုံး ရှင်သန်နေထိုင်မှုကို ခပ်ဖြေးဖြေး အထုပ်ဖြည်ပြရင်း တသိမ့်သိမ့် ရယ်မော ဟားတိုက်ပြတယ်။
 ခမ်းနားတဲ့ civilization ကြီးတွေ၊ မကုန်နိုင်မခမ်းနိုင်တဲ့ ဘဏ္ဍာတိုက်တွေ၊ ဒီကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားဖို့ ပြဌာန်းပြီးသား သက်ရှိသက်မဲ့ အကုန်လုံးရဲ့ ဇာတ်သိမ်းခန်းကို ဖွင့်ချပြတယ်။
ဘယ်လောက် ဝမ်းနည်းစရာ ကောင်းလိုက်တဲ့ လူသမိုင်းဇာတ်လမ်းလဲ။ 

လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်လှချည်ရဲ့ လို့ ဆိုတာ သူမသေခင်လေး ထင်တဲ့ အထင်ပါ။
  ကိုယ့်ကိုယ်ကိုယ် သိပ်ကြီးကျယ်တယ် ထင်တဲ့သူတွေဟာ တချိန်ကျရင် လုံးဝမေ့ပျောက်ခံရမယ့် ပါမွှား ပါဆိုတာ မသိလို့ပါ။ 

 ခပ်မြန်မြန် မေ့တတ်တဲ့ ခုလိုခေတ်မျိုးမှာ သမိုင်းကို မဖတ်ရင် အရူးရဲ့ ရှင်သန်မှုမျိုး ဖြစ်လိမ့်မယ်။ 

တကယ်မြင့်မြတ်တဲ့ လူသားစိတ်ဓာတ်ဆိုတာလည်း ဘယ်တော့မှ အမေ့လျော့ခံ မဖြစ်ပါဘူး ဆိုတာကို သမိုင်းက ခပ်ဆွေးဆွေး ပြောပြပါလိမ့်အုံးမယ်။ 

 သမိုင်းစာအုပ်ကောင်းကောင်းကို မကြာခဏ ပြန်ပြန်ဖတ်ပါ။ 
သမိုင်းစာအုပ်ကောင်းကောင်း တစ်အုပ်ဟာ ကိုယ့်ကို ဘယ်လောက် အမြော်အမြင်ဖြစ်ထွန်းစေသလဲ ဆိုတာ သိရလိမ့်မယ်။ 
လူသားဟာ ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်တတ်လွန်းလို့ သမိုင်းစာအုပ်တစ်အုပ် အနားမှာ အမြဲဆောင်ထားပါ။.

photo : google

image