မိုးညတစ်ည ( အပိုင်း ၁ )

Words
118
Reading
1 min
8y
Listen to this post
~1 min

မိုးတွေသည်းသည်းမည်းမည်းရွာတဲ့တစ်ည အိမ်ရှေ့တံခါးကို လာပုတ်တဲ့အသံမျိုးကိုကြားလိုက်ရတဲ့တစ်ခဏမှာ စိတ်ထဲမှာနည်းနည်းတော့ လန့်သွားခဲ့မိတယ်။အိမ်ပြောင်းလာတာမကြာသေးတာမို့ ပတ်ဝန်းကျင်မှာ ဘယ်လိုလူတွေရှိနေလဲဆိုတာ မသိသေးတာကြောင့် စိတ်ထဲမှာကြောက်လန့်သွားခဲ့မိတယ်။

ဒါပေမယ့်လည်း အိမ်ရှေ့တံခါးကတစ်ခြစ်ခြစ်ကုတ်သံက ရပ်မသွားတာမို့ ကြောက်ကြောက်နဲ့ပဲအိမ်ရှေ့ကိုထွက်လာပီး အသံကိုနားစွင့်ခဲ့တယ်။လူသာဆိုရင်လည်း ခေါ်သံတော့ကြားရမှာပဲလေ ခုဟာကအသံမပေးဘာမပေးနဲ့ တစ်ဘုန်းဘုန်းပုတ်လိုက် တစ်ခြစ်ခြစ်ကုတ်လိုက်နဲ့ ဘယ်လိုပါလိမ့်ဆိုပီးတွေးမိခဲ့တယ်။နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ်ဆိုပီး အိမ်ရှေ့တံခါးကိုဆွဲဖွင့်လိုက်တဲ့အချိန်မှာ ကိုယ့်မျက်စိရှေ့မှာပေါ်လာတာကတော့ မိုးရေတွေတစ်ကိုယ်လုံးစိုရွှဲနေတဲ့ ခွေးကလေးတစ်ကောင်ပါပဲ။

ခွေးကလေးကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ ကိုယ့်ကိုကိုယ်ရယ်ချင်သွားမိပီး ကြောက်တဲ့စိတ်လည်းလျော့သွားခဲ့မိတယ်။ဒီလိုအချိန်မှာ အဖော်ဆိုတာကိုလိုချင်နေသူမို့ ခွေးကလေးကိုအိမ်ထဲကိုသွင်းပီး တံခါးကိုပြန်ပိတ်ခဲ့တယ်။အိမ်ထဲရောက်တဲ့အချိန်မှာ မိုးရေတွေစိုနေတဲ့ ခွေးကလေးရဲ့အမွှေးတွေကို dryer နဲ့သေချာခြောက်အောင်လုပ်ပေးပီး စောင်အဟောင်းတစ်ထည်နဲ့ ထွေးပွေ့ထားမိတယ်။အံမယ်ငတိကလည်း ကိုယ်နဲ့သူကနှစ်ပေါင်းများစွာ သိလာခဲ့ကြတဲ့သူတွေလိုပဲ ကိုယ့်ရင်ခွင်ထဲမှာ ငြိမ်ပီးတော့နေလေရဲ့။

ဘာရယ်မဟုတ်ဘဲ ဒီတစ်ညတော့ မဖိတ်ခေါ်ပဲရောက်လာတဲ့ ခွေးကလေးကြောင့် ကိုယ့်ရင်ထဲမှာ အထီးကျန်သလိုမခံစားရတော့ဘူးလေ။မိုးလင်းရင်တော့ သူ့ပိုင်ရှင်တွေလာပြန်ခေါ်ကြမှာပဲလို့ တွေးမိတော့ ရင်ထဲမှာမကောင်းဖြစ်သွားတယ်။ကိုယ့်ဘဝကို ခွေးလေးတစ်ကောင်လောက်တောင် နွေးထွေးမှုမပေးနိုင်တဲ့သူတွေ တစ်ယောက်မှမရှိတာလည်းကောင်းပါတယ်လို့ နာနာကျည်းကျည်းတွေးမိတော့ ယောင်ယမ်းပီး အသက်တောင်အောင့်ခဲ့မိတယ်။

ဟိုတွေးဒီတွေးနဲ့ အိပ်မပျော်ခဲ့ရတဲ့ညတွေများခဲ့ရပီးပီမို့ ဒီတစ်တော့ မဖိတ်ပဲရောက်လာတဲ့ ဧည့်သည်လေးကိုထွေးပိုက်ရင်း မျက်စိကိုမှိတ်ထားလိုက်မိတယ်။အိပ်ပျက်ညတွေများလို့လား ဧည့်သည်လေးရှိတယ်ဆိုတဲ့အတွေးနဲ့လားမခွဲခြားနိုင်ခင်မှာ ကိုယ့်မျက်လုံးတွေမှေးစင်းလာခဲ့တယ်။စိတ်ထဲကလည်း ဒီတစ်ညတော့ နှစ်နှစ်ခြိုက်ခြိုက်အျပ်ပျော်နိုင်ပါစေလို့ ဆုတောင်းခဲ့မိတယ်။

ကိုယ်ဘယ်လောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့လည်းမသိပါဘူး ကိုယ်မျက်နှာပေါ်ကျရောက်လာတဲ့ အလင်းရောင်ကြောင့်အိပ်ယာကနိုးလာခဲ့တဲ့အချိန်မှာ ဧည့်သည်လေးကလည်း ကိုယ့်ဘေးမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်လို့ပေါ့။ကိုယ်အိပ်ယာပေါ်ကဆင်းလာခဲ့ချိန်မှာတော့ ဧည့်သည်လေးကတော့ ခြေပစ်လက်ပစ်နဲ့ လောကစည်းစိမ်ကိုခံစားနေတုန်းပေါ့။

မျက်နှာသစ် ကိုယ်လက်သန့်စင်ပီးတဲ့အချိန်မှာ ဘေးအိမ်က အမတောင်ဈေးကပြန်လာပီမို့ ကိုယ်လည်းမနက်စာစားဖို့ သတိရပီးရပ်ကွက်ထဲက မုန့်ဟင်းခါးဆိုင်ကိုထွက်လာခဲ့တယ်။ဒီအချိန်ဆို ဈေးပြန်မိန်းမတွေနဲ့ မုန့်ဟင်းခါးဆိုင်မှာ သတင်းစုံတတ်တာမို့ ကိုယ့်အိမ်ကိုရောက်လာတဲ့ ဧည့်သည်လေးအကြောင်းလည်း စုံစမ်းလို့ရနိုင်တယ်လို့တွေးရင်း မုန့်ဟင်းခါးတစ်ပွဲကို မှာပီးတဲ့အချိန်မှာတော့ ရပ်ကွက်မောင်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဒေါ်တုတ်တစ်ယောက် ရောက်လာခဲ့တယ်။

ဒေါ်တုတ်ကမုန့်ဟင်းခါးတစ်ပွဲ အိုးဘဲဥနဲ့လို့မှာပီးတဲ့အချိန်မှာတော့ "ညကဟယ် မြို့ကကောင်မလေးတစ်ယောက် ဒီနားကအဖြတ်မှာ သူ့ခွေးလေးကို အပေါ့အပါးတည်နေတုန်း မိုးကရုတ်တရက်ရွာချလိုက်တော့ ခွေးကလေးကလန့်ပီး ပြေးမိပြေးရာပြေးလိုက်တာ လိုက်ရှာလို့မတွေ့လို့ တငိုငိုတရယ်ရယ်နဲ့ သနားစရာပါအေလို့" ပြောတဲ့အသံကိုကြားရတဲ့အခိုက်မှာတော့ ခွေးခေးပျောက်သွားတဲ့ ကောင်မလေးအတွက် စိတ်မကောင်းဖြစ်ရပေမယ့် ကိုယ့်အတွက်တော့ ကိုယ့်အဖော်လေး ကိုယ့်နားမှာရှိတဲ့အတွက်ကြောင့် စိတ်ထဲမှာပျော်သွားခဲ့မိတယ်။

leeshang@leeshang
MSC -230