မိုးရာသီရောက်လာရင် အစစအရာရာသတိထားနေရတယ်။မိုးရာသီမှာဖြစ်တတ်တဲ့ တုပ်ကွေးကိုလည်းကြောက်ရသေးတယ်။တုပ်ကွေးထဲကမှ ရိုးရိုးတုပ်ကွေးဆိုတော်သေးရဲ့ သွေးလွန်တုပ်ကွေးကိုတော့ အကြောက်ဆုံးပါပဲ။တစ်ခြားကြောင့်တော့မဟုတ်ပါဘူး ဓါတ်ဆားရည်သောက်ရမှာကြောက်လို့ပါ။
ကိုယ်အကြောက်ဆုံးနောက်ရောဂါတစ်ခုကတော့ ဝမ်းရောဂါပါ။ဝမ်းရောဂါနဲ့ ဓါတ်ဆားဆိုတာကလည်း ခွဲထားလို့မရဘူးလေ။ငယ်ငယ်ကဆို နွေရာသီရောက်ပီဆိုရင် ကိုယ်တို့မိဘတွေနဲ့ခင်တဲ့ စစ်တပ်ကဆရာဝန်ဦးလေးကြီးက ကလေးတွေကိုဝမ်းရောဂါကာကွယ်ဆေးထိုးပေးတတ်တယ်။ကိုယ့်အမတွေနဲ့ သူငယ်ချင်းတွေက အဲဒီကာကွယ်ဆေးကိုထိုးရမှာကြောက်လို့ ပတ်ပြေးနေတတ်ပေမယ့် ကိုယ်ကတော့ဦးဦးဖျားဖျားကိုဆေးထိုးခံပါတယ်။ကိုယ့်အမတွေပတ်ပြေးချင်လည်းပြေးချင်စရာပါပဲ အဲဒီဆေးကထိုးပီးလို့ နောက်ရက်ကျရင် လက်မောင်းကြီးကနာပီး လှုပ်တောင်မလှုပ်နိုင်ဘူးလေ။တစ်ချို့ဆိုဖျားပါဖျားတယ်။ကိုယ်ကတော့ နာချင်နာ ဖျားချင်ဖျား ဝမ်းမပျက်ဖို့အရေးကြီးတယ်လေ ဝမ်းမပျက်ရင် ဓါတ်ဆားရည်သောက်ဖို့လည်းမဖြစ်နိုင်တော့ဘူးလေ။အဲဒီဆေးထိုးထားရင် တစ်နွေလုံးစားချင်ရာစားပဲ ဝမ်းပျက်ဝမ်းလျောတော့ မဖြစ်တော့ဘူး။
နောက်တော့ အဲဒီဦးလေးကြီးလည်းတစ်ခြားမြို့ကိုပြောင်းသွားရတော့ ကိုယ်တို့အဖွဲ့လည်း ကာကွယ်ဆေးမထိုးရတော့ဘူးပေါ့။ကိုယ့်အမတွေကတော့ ပျော်နေပေမယ် ကိုယ်ကတော့ ဝမ်းပျက်မှာစိုးလို့ အစားပေါင်းစုံမစားရဲခဲ့ပါဘူး။
ဓါတ်ဆားသောက်ရမှာကြောက်တဲ့ကိုယ့်အတွက် ဓါတ်ဆားသောက်ရမယ့်အကြောင်းတွေကလည်း မကြာခဏဆိုသလို ပေါ်တတ်ပါတယ်။အမှတ်တရအဖြစ်ဆုံးကတော့ ကိုယ်ဒုတိယနှစ်ဖြေပီးတဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်ရှိတဲ့မြို့ကိုလိုက်သွားဖို့ ကိုယ်တို့တစ်ဖွဲ့လည်းစီစဉ်ထားကြပါတယ်။မိဘတွေကလည်း ခွင့်ပြုထားပီးသားဆိုတော့ ရထားနဲ့သွားမယ့်ခရီးစဉ်အတွက် ရထားစီးရတာကိုကြိုက်တဲ့ကိုယ့်အတွက်ကတော့ အပျော်ဆုံးဖြစ်နေပါတယ်။
ခရီးသွားမယ့်ရက်မတိုင်ခင် နှစ်ရက်လောက်အလိုမှာတော့ အမြဲတမ်းသတိထားပီးစားသောက်နေတဲ့ကြားက မတည့်တာဘယ်လိုပါသွားတယ်မသိဘူး ကိုယ်ဝမ်းတွေသွားပါလေရော။ကိုယ်တော်တော်စိတ်ပျက်သွားတယ် ဒီပုံအတိုင်းဆို သွားမယ့်ခရီးစဉ်မှာအိမ်ကကိုယ့်ကိုထည့်လိုက်မှာမဟုတ်တော့ဘူးလေ။ကိုယ့်အဖေကတော့ ဓါတ်ဆားရည်များများသောက်ပီး ဆရာဝန်ပေးတဲ့ဆေးကိုမှန်မှန်သောက်ရင် ဒီနှစ်ရက်အတွင်းကောင်းသွားမှာပါသမီးရယ်ဆိုပီး အားပေးခဲ့ပေမယ့် ကိုယ့်ရန်သူဓါတ်ဆားရည်ကိုသောက်ဖို့ဆိုတာ ကိုယ့်အတွက်အခက်အခဲဆုံးပဲလေ။
နောက်တော့ သူငယ်ချင်းတွေလည်းအိမ်ရောက်လာပီး ကိုယ့်ကိုနေမြန်မြန်ကောင်းအောင် ဓါတ်ဆားရည်များများသောက်ပါသူငယ်ချင်းရယ်ဆိုပီး တိုက်တွန်းကြပြန်ပါတယ်။ငါတို့ခရီးသွားလို့ နင်မပါရင်ငါတို့လည်းပျော်စရာကောင်းမှာမဟုတ်ဘူးလို့ တစ်ယောက်တစ်ပေါက်ဝိုင်းပြောကြပြန်ပါတယ်။ကိုယ့်မှာဓါတ်ဆားရည်ခွက်ကြီးကိုင်ပီး အိမ်ရှေ့နဲ့ အိမ်နောက်ကိုမျက်ရည်တွေနဲ့ ကူးနေရတာသူတို့မသိဘူးလေ။
ကိုယ့်မှာတော့ ဓါတ်ဆားရည်ခွက်ကြီးကိုင်ပီး အိမ်ရှေ့မှာမျက်ရည်ကျနေရင် ကိုယ့်အဖေကတစ်ခါဆူတယ်။ကလေးလည်းမဟုတ်တော့ဘူး သောက်စရာရှိတာကိုမသောက်လို့တဲ့လေ။အဖေကဆူရင် ဓါတ်ဆားခွက်ကြီးကိုင်ပီး မီးဖိုခန်းထဲကိုတစ်ခါဝင်သွားလိုက်ရင် ကိုယ်အမေနဲ့အဒေါ်တွေရဲ့ မသောက်ချင်လည်းသောက်မနေနဲ့ သူများတွေခရီးသွားတော့နေခဲ့ပေါ့ဆိုတဲ့ ပြောသံတွေကြားရင် ဓါတ်ဆားခွက်ကြီးကိုင်ပီး အရှေ့သွားရမလား အနောက်သွားရမလားစဉ်းစားရင်း ငိုခဲ့ရတာသူတို့မှမသိဘဲ။
အိမ်မှာကိုယ့်အဖေနဲ့ကိုယ်နဲ့ ဓါတ်ဆားကြောင့်ပြသနာခဏခဏတက်ရသေးတယ်။ဘောလုံးကန်ပီးပြန်လာရင်သောက်ဖို့ဆိုပီး ကိုယ့်အဖေကဓါတ်ဆားတွေဖျော်ပီး ရေခဲသေတ္တာထဲထည့်ခဲ့တယ်။ကျောင်းကနေမောမောနဲ့ပြန်လာတဲ့ကိုယ်က မမေးမစမ်းနဲ့ရေခဲရေထင်ပီး သောက်ပစ်လိုက်တယ် ပါးစပ်ထဲရောက်မှဓါတ်ဆားရည်တွေမှန်းသိပီး ထွေးထုတ်ပစ်လိုက်တဲ့နေ့တွေဆိုရင်တော့ ကိုယ့်အဖေကိုတစ်ညလုံးစကားမပြောပဲနဲ့ စိတ်ဆိုးခဲ့မိတယ်။
ကိုယ့်အဖေကတော့ ဓါတ်ဆားဆိုတာ လူတွေအတွက်အသုံးဝင်တဲ့ ဆေးတစ်မျိုးပဲသမီးရဲ့လို့ ကိုယ်ငယ်ငယ်ကတည်းကပြောပြခဲ့ပမယ့် ကိုယ်ကတော့ ငယ်ငယ်ကတည်းကမုန်းခဲ့တဲ့ဓါတ်ဆားကို အသက် ကြီးလာတဲ့အထိ မုန်းမိနေတုန်းပါပဲ။ခက်တာကတော့ ကိုယ်ဘယ်လောက်မုန်းမုန်း ဖြစ်လာရင်တော့လည်း သူနဲ့ကင်းကင်းတော့မနေနိုင်သေးဘူးလေ။
@leeshang
MSC -230