ချစ်ခြင်းတစ်ခုမှာ တစ်ကယ်တမ်းတော့အသက်အရွယ်ဆိုတာ အရေးမကြီးပါဘူးလို့ ပြောနေတဲ့အသံကို အမှတ်မထင်နားစွင့်ခဲ့မိတယ်။အချစ်ဆိုတာကို ကိုယ်ကတော့သိပ်မသိခဲ့သူမို့ သူများတွေအချစ်အကြောင်းပြောတိုင်း ဝင်ပီးတော့မဆွေးနွေးခဲ့ပါဘူး။ကိုယ်ပြောလို့သူများလက်မခံရင် အပျိုကြီးမို့ကိုယ်ချင်းစာတရားမရှိဘူးရယ်လို့ ပြောကြအုံးမယ်လေ။
တစ်ကယ်တော့အပျိုကြီးဆိုတာ ကိုယ်ဖြစ်ချင်လို့ဖြစ်ကြရတာမဟုတ်ဘဲအပျိုကြီးဖြစ်နေကြတဲ့သူတွေရော အပျိုကြီးဖြစ်ချင်လို့ဖြစ်နေကြသူတွေရော သူ့အတိတ်ကံတွေနဲ့သူရှိပီးသားပါ။ဒါကိုပဲ တစ်စုံတစ်ခုအပျိုကြီးပါးစပ်က အလွဲထွက်လိုက်တာနဲ့ အပျိုကြီးကတော့ ပြောကိုမပြောချင်ဘူး အပျိုကြီးသိပ်ပီသတာပဲလို့ ပြောကြတဲ့သူတွေကို တစ်ခါတစ်လေတော့ ကိုယ်သိပ်မုန်းမိတယ်။
ကိုယ်အပျိုကြီးဖြစ်ရတဲ့အကြောင်းကတော့ ယောက်ျားတွေကိုမုန်းလို့ရယ်လည်းမဟုတ် အိမ်ကယောက်ျားမယူရဘူးဆိုပီး ပြောထားတာလည်းမရှိရပါဘဲ အိမ်ထဲကအိမ်ပြင်ထွက်ဖို့အတွက် ပျင်းနေတာနဲ့ပဲ အိမ်တွင်းပုန်းရင်း ကိုယ့်အသက်ကိုသတိထားမိတဲ့အချိန်မှာတော့ သုံးဆယ်ကိုတော်တော်စွန်းရင်း ပတ်ဝန်းကျင်ကိုသတိထားမိတဲ့အချိန်မှာတော့ ကိုယ့်အိမ်နီးနားချင်းတွေရဲ့ အပျိုကြီးသီတင်းတွေလည်းကျွတ်ကုန်ပီနော်ဆိုတဲ့စကားနဲ့ပဲ ကိုယ်အပျိုကြီးဖြစ်ခဲ့ရတာပေါ့။
ထားပါတော့လေ ဘယ်လိုပဲဖြစ်ဖြစ်အပျိုကြီးတစ်ယောက်ဖြစ်ခဲ့ရပီမို့ အပျိုကြီးပီသအောင်နေဖို့ပဲ ရှိတော့တာပေါ့လေလို့ ကိုယ့်ကိုကိုယ်အားတင်းရင်း ကိုယ်နဲ့ရွယ်တူသူငယ်ချင်အပျိုကြီးတွေနဲ့ပဲ ပျော်အောင်နေရမှာပဲလို့တွေးရင်း ကိုယ့်သူငယ်ချင်းတွေကို စာရင်းပြုစုလိုက်တဲ့အချိန်မှာ ကိုယ့်နာမည်ရဲ့အောက်မှာ ဘယ်သူ့နာမည်မှရှိမလာခဲ့ပဲ စာရင်းစာရွက်ထဲမှာ ကိုယ့်နာမည်တစ်ခုတည်း ထီးထီးကြီးရှိနေခဲ့ပါပေါ့လေလို့ အားငယ်စွာတွေးလိုက်တဲ့အချိန်မှာပဲ အိမ်ရှေ့က "မမထား မမထား" ဆိုတဲ့ခေါ်သံတစ်ခုကြောင့် ကိုယ်အိမ်ရှေ့ကိုထွက်လာမိခဲ့တယ်။
အိမ်ရှေ့မှာတော့ အထုပ်အပိုးတွေနဲ့ နယ်ကညီမဝမ်းကွဲလေးကိုတွေ့တဲ့အချိန်မှာတော့ "နင့်သင်တန်းတွေမပီးသေးဘူးလားလို့" မေးရင်း အိမ်တံခါးကိုဖွင့်ပေးခဲ့မိတယ်။မချိုမချဉ်မျက်နှာနဲ့ အိမ်ထဲဝင်လာခဲ့တဲ့သူမကတော့ သူမကိုပြောနေတယ်တောင်မထင်ပါဘူး။မမထားလက်ရာကိုနေ့တိုင်းစားရတော့မှာမို့ ဝတောင်ဝလာမလားမသိဘူးဆိုပီး ထမင်းစားခန်းထဲကိုဝင်ရင်း ပူပူပန်ပန်ပြောနေပါသေးတယ်။
အေးလေ ဒီအသက်အရွယ်တုန်းကတော့ ကိုယ်လည်းဒီလိုပဲဖြတ်သန်းခဲ့မှာပါလို့ သူမဘက်ကတွေးပေးမိတော့ စိတ်တွေအေးချမ်းလို့ပါလား။အပျိုကြီးတိုင်း လက်ပေါက်မကပ်တတ်ဘူးဆိုတာ တစ်ချို့သူတွေသိစေချင်လိုက်တာလို့တွေးရင်း "စားစရှိတာစားစမ်းပါအေ အပိုတွေလုပ်မနေနဲ့" လို့ပြောရင်းမျက်စောင်းထိုးမိတော့ ညီမဝမ်းကွဲလေးက ရယ်ရင်း အပျိုကြီးကတော့ စိတ်ကိုရှည်ဘူးလို့ ပြောဖြစ်အောင်ပြောလိုက်ပါသေးတယ်။
နောက်နေ့မနက်မှာတော့ မရွှေချောရဲ့အသံစာစာကို စောစောစီးစီးကြားခဲ့ရပါတယ်။ "မမထားရေ မနက်စာသွားစားရအောင်" ဆိုပဲ။ဘုရားဝတ်ပြုတာကို အမြန်ဆုံးလုပ်ပီး အိမ်ရှေ့ကိုဆင်းလာခဲ့တဲအချိန်မှာတော့ မရွှေချောကအလှတွေပြင်ထားလိုက်တာများမှုံလို့ပါလား။ကိုယ်လည်းမပြောတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ကြားကနေ " အမလေးအေ ညည်းဟာက ရုပ်ရှင်သွားရိုက်မှာလား မနက်စာသွားစားမှာလား" ဆိုတော့ မရွှေချောက တစ်ခွန်းမှမခံဘဲ မနက်စားသွားစားမှာ ဒီလောက်တော့ပြင်ရမှာပေါ့တဲ့လေ။
သူမကပဲစိတ်မရှည်တဲ့လေသံနဲ့ "ကဲပါမမထားရယ် ပြင်မှာသာသွားပြင်စမ်းပါ" ဆိုပီး ကိုယ့်ကိုတောင်သူမကစိတ်မရှည်သလိုပြောနေသေးရဲ့။ဒီလိုနဲ့ပဲ ချစ်ခြင်းတစ်ခုမှာ အသက်အရွယ်အပိုင်းအခြားက အရေးမကြီးပါဘူးဆိုတဲ့ စကားဝိုင်းနားကို ကိုယ်ရောက်ခဲ့သည်ပေါ့။
@leeshang
MSC -230