photo credit by facebook
လူအများစုကဘာရယ်မဟုတ်ပဲ ကိုယ်အပျင်းပြေရုံအတင်းပြောကြတယ်။ကိုယ်ကတော့ဘာရယ်မဟုတ်ပြောလိုက်ပေမယ့် ကောင်းတဲ့အကြောင်းဆို ကိစ္စမရှိပေမယ့် မကောင်းတဲ့အကြောင်းတစ်ခုခုကိုများ ပြောလိုက်မိရင် လူတစ်ဘက်သားဘယ်လောက်ထိနစ်နာသွားမလဲဆိုတာကို အရင်ဆုံးစဉ်းစားသင့်တယ်။
အဲဒီကောင်မလေးက ရည်းစားတွေအများကြီးပဲ မျက်နှာသိပ်များတာလို့ ဘာရယ်မဟုတ် ပြောဖြစ်လိုက်တယ်။ကိုယ်ကတော့ပြောပီးမေ့မေ့ပျောက်ပျောက်ပဲနေလိုက်မိတယ်။ပြောပီးအဲဒီစကားကို ကိုယ်ကမေ့သွားခဲ့ပေမယ့် မမေ့လိုက်တဲ့သူတွေကတော့ ရင်ထဲမှာသိမ်းထားလိုက်တယ်။ကောင်မလေးအိမ်ထောင်ပြုမယ့်အချိန်လည်းရောက်ရော သတို့သားမိဘတွေကို အိမ်အရောက်သတင်းသွားပေးကြတယ်။သူတို့အတွက်အကျိုးအမြတ်တစ်စုံတစ်ရာ ရလို့များလားလို့ထင်မိခဲ့တယ်။
အမှန်တစ်ကယ်တော့ သူတို့လည်းဘာအကျိုးအမြတ်မှမရခဲ့ကြပါဘူး ထုံးစံအတိုင်း အတင်းသွားပြောခဲ့တာပါ။အကျိုးဆက်က ကောင်မလေးရဲ့မင်္ဂလာပွဲကတော့ ပျက်စီးသွားခဲ့တာပေါ့။အဲဒါကြောင့်မို့ ကိုယ့်အတွက်လည်းအကျိုးမရှိ သူတစ်ပါးအတွက်လည်းအကျိုးမရှိတဲ့ စကားမျိုးကို ကိုယ်ကတော့အထူးရှောင်ဖြစ်ပါတယ်။
လူအများစုဟာတစ်ယောက်နဲ့တစ်ယောက် တစ်မိသားစုနဲ့တစ်မိသားစု တစ်ဖွဲ့နဲ့တစ်ဖွဲ့ပြိုင်ဆိုင်လိုကြတယ်။ ပြိုင်ဆိုင်တယ်ဆိုတာ ကောင်းတဲ့ပြိုင်ဆိုင်မှုမျိုးဆိုရင်တော့ ပြိုင်ဆိုင်ဖို့လိုပေမယ့် ကိုယ်မနိုင်ဘူးထင်ရတဲ့ ပြိုင်ဆိုင်မှုမျိုးကိုတော့ မပြိုင်ဆိုင်သင့်ဘူးလို့ ကိုယ်ထင်တယ်။အချိန်ကုန်လူပန်းဖြစ်ရတတ်တယ်လေ။
ပြိုင်ဆိုင်မှုတစ်ခုကို လုပ်တော့မယ်ဆိုရင် ကိုယ့်ပြိုင်ဘက်ကိုအရင်လေ့လာသင့်တယ် ကိုယ်နဲ့ပြိုင်လို့ဖြစ်မယ့်သူလားဆိုတာကိုပေါ့။ကိုယ့်ထက်သာတဲ့သူနဲ့ပြိုင်မယ်ဆိုရင် နိုင်မယ်မနိုင်ဘူးဆိုတာနောက်ထား အရင်ဆုံးကိုယ်ပင်ပန်းမှာကတော့ အရင်ဆုံးပေါ့။ဇွဲ လုံ့လ ဝီရိယဆိုတာတွေကလည်း အရေးကြီးပေမယ့် အင်အားဆိုတာကိုလည်း မေ့မထားသင့်ဘူးလေကွယ်။
ကိုယ်နဲ့ပြိုင်ဘက်မဖြစ်သင့်တဲ့သူကို မပြိုင်တာအကောင်းဆုံးပါ။ကျောင်းသားဘဝမှာ စာတော်တဲ့သူကိုပြိုင်ဖို့စဉ်းစားတဲ့အခါ ကိုယ်ကသူနဲ့ဥာဏ်ရည်တူလားဆိုတာ အရင်စဉ်းစားသင့်ပါတယ်။ဥာဏ်ကောင်းလို့စာတော်နေတဲ့သူတစ်ယောက်ကို ငါလည်းကြိုးစားရင် သူ့လိုတော်လာမှာပဲလို့မထင်ပါနဲ့ ညည့်နက်သန်းခေါင်ထိစာတွေကျက်ပြီး နောက်ဆုံးတော့ အိပ်ယာထဲလဲသွားတဲ့သူတွေမှ အများကြီးပေါ့။
လှချင်တဲ့အရွယ်မှာတော့ ပြိုင်ဆိုင်မှုကအရမ်းအန္တရာယ်များလွန်းတယ်။ငါလည်းသူ့လိုဝတ်ချင်လိုက်တာ ငါလည်းသူ့လိုစားချင်လိုက်တာလို့စိတ်ကူးမိတယ်။တစ်ကယ်တမ်းမှာတော့ သူ့လိုမဝတ်နိုင်မစားနိုက်တာကို ကိုယ့်ကိုကိုယ်အသိဆုံးပါ။အဲဒီအသိကိုလက်မခံနိုင်ရင်တော့ ပျက်စီးမယ့်လမ်းစကို လျှောက်မိတော့မယ်ဆိုတာ သေချာသလောက်ရှိသွားပီပေါ့။
ကိုယ့်ထက်အင်အားနည်းတဲ့သူတွေကိုတော့ အထူးသဖြင့်မပြိုင်ဆိုင်သင့်ဘူးလို့ထင်တယ်။သူတို့မှာဘဝပေးအခြေအနေအရ နိမ့်ကျနေတာကို ကိုယ်ကဖိအားသွားပေးသလိုဖြစ်သွားရင် ကိုယ်ကယုတ်ညံ့တဲ့သူတစ်ယောက်ဖြစ်သွားမှာ အသေအချာပဲပေါ့။ကိုယ်ကပိုက်ဆံတတ်နိုင်တဲ့မိဘကမွေးလာတဲ့သူတစ်ယောက်ဖြစ်ရင် ချို့တဲ့တဲ့သူငယ်ချင်းအတွက် ပညာသင်စရိတ်လေး ထောက်ပံ့ပေးမယ်။အလှအပကြိုက်တဲ့သူငယ်ချင်းဆိုရင် သူလိုအပ်တဲ့အဝတ်အစားလေးတွေ အလှပြင်ပစ္စည်းလေးတွေကို ခွဲဝေပီးမျှသုံးလိုက်မယ်ဆိုရင်ပြိုင်ဆိုင်မှုတွေမရှိဘဲ အေးချမ်းတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြမှာ အသေအချာပဲပေါ့။
@leeshang
MSC -230