photo credit by facebook
လူဆိုတာ အားကိုးစရာရှိတဲ့အချိန်မှာ ကောက်ရိုးတစ်မျှင်ပဲဖြစ်ဖြစ် အားကိုးတကြီးနဲ့ဆွဲထားတတ်ကြတယ်တဲ့။ကိုယ့်အတွက်တော့ ကိုယ်ဆွဲထားတဲ့ကောက်ရိုးမျှင်ကလေးက ဘယ်အချိန်လွတ်သွားမလဲဆိုတာ စိုးတထိတ်ထိတ်နဲ့ ပူပန်ခဲ့ရတဲ့ညတွေမှာ အိပ်ရေးပျက်ပေါင်းများခဲ့ရပီ။
မိဘရင်ခွင်ကိုခွဲပီး ကိုယ်ယုံကြည်ရာဘဝကို လျှောက်ခဲ့တဲ့အချိန်မှာ ကိုယ်အဆင်ပြေမယ်ထင်ထားခဲ့တဲ့ ပတ်ဝန်းကျင်က ကိုယ့်ကိုအစိမ်းသက်သက်နဲ့ကြိုဆိုခဲ့တယ်။နွေးထွေးမယ်လို့ထင်ခဲ့တဲ့အရာတွေက အေးစက်လို့ပေါ့။ငါမှားသွားပီလားဆိုပီး နောက်ပြန်လှည့်မယ်ကြံတော့ ကိုယ့်ရဲ့ကျောဘက်မှာ အမှောင်တွေကကြီးစိုးနေခဲ့ပီဆိုတာ သိခဲ့ရချိန်မှာ နောက်ပြန်လှည့်လို့မဖြစ်နိုင်မှန်းကိုယ်သိခဲ့ရပီလေ။
အရာရာအဆင်ပြေနေတယ်လို့ လူအများကကိုယ့်ကို ထင်နေကြတယ်။ကိုယ်ဖြစ်ချင်တဲ့ဘဝမျိုးကိုရနေပီဆိုတာ သူတို့သိအောင်ကိုယ်ကြိုးစားခဲ့တယ်။ကိုယ်ကြိုးစားလုပ်ဆောင်ပြတဲ့အတိုင်း ပတ်ဝန်းကျင်ကလူတွေ လက်ခံခဲ့ကြတယ်ဆိုတော့ ကိုယ်သရုပ်ဆောင်တာအရမ်းတော်တာပဲဆိုပီး မှန်ရှေ့မှာထိုင်ရင်း ကိုယ့်ကိုကိုယ်ချီးကျူးခဲ့ချိန်မှာတော့ တစ်ယောက်တည်းစားရတဲ့ ကိုယ့်ထမင်းဝိုင်းက တိတ်ဆိတ်နေခဲ့ပေါ့။
ကိုယ်အအေးမိလို့ဖျားမှာစိုးခဲ့ချိန် ကိုယ့်အတွက်ပူပန်ပေးမယ့် မိဘတွေကိုသတိရမိတယ်။ကိုယ်အတတ်နိုင်ဆုံး နေမကောင်းမဖြစ်အောင်ကြိုးစားခဲ့တယ် ကိုယ့်ကိုပြုစုမယ့်သူဆိုတာအနားမှာ ဘယ်သူမှမရှိဘူးလေ။ကိုယ်ထူကိုယ်ထဘဝမှာ အံကိုတင်းတင်းကြိတ်ရင်း ကိုက်ခဲတဲ့ဒါဏ်ကို အံတုခဲ့တယ်။မခံနိုင်တဲ့အဆုံးမှာတော့ ကိုယ့်ရဲ့မိတ်ဆွေ မျက်ရည်တွေကို အဖော်ပြုရင်းကျော်လွန်ခဲ့ရတဲ့အချိန်မှာ ခြေဆုပ်လက်နယ်ပြုပေးမယ့် သူတစ်ယောက်ကိုတော့ တမ်းတမိသား။
ကိုယ့်ပတ်ဝန်းကျင်ကသူတွေစိတ်ချမ်းသာအောင် ကိုယ်အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် ကိုယ်လည်းလူသားတစ်ယောက်မို့ အချိန်တိုင်းတော့ ပြုံးပီးမနေနိုင်ခဲ့ဘူးလေ။ကိုယ်မပြုံးနိုင်တဲ့အခြေအနေတစ်ခုမှာ ကိုယ့်ကိုငဲ့ညာပေးမယ်သူထက် မျက်နှာကိုကမြင်ရတာကျက်သရေမရှိဘူးလို့ ပြောလာတဲ့သူတွေကို ကိုယ်စိတ်မကောင်းဖြစ်ရုံကလွဲပီး မတုံ့ပြန်နိုင်ခဲ့ပါဘူး။ကိုယ်ကသူတို့အလိုကိုမဖြည့်နိုင်တဲ့အချိန်မှာ ဒီလိုအဖြစ်အပျက်တွေဖြစ်လာမယ်ဆိုတာ ကိုယ်ကြိုသိနေခဲ့တယ်လေ။
ကိုယ်ရွှေးချယ်ခဲ့တဲ့ဘဝကို ဘယ်သူ့ကိုမှအပြစ်တင်ပီးမနေဖြစ်အောင် ကိုယ်ကြိုးစားရမှာပေါ့။လူတိုင်းကတော့ အကောင်းဆုံးတွေချည်းပဲမဖြစ်နိုင်ဘူးဆိုတာ ကိုယ်နားလည်ခဲ့တယ်။ ကိုယ်သူတို့နဲ့ဝေးရာကို ထွက်သွားနိုင်ဖို့ကြိုးစားရမှာပေါ့။ တစ်နေ့နေ့ရောက်တဲ့အချိန်မှာ ကိုယ့်ဘဝမှာ ရွှေရောင်လွှမ်းတဲ့နေတွေရောက်လာအုံးမှာပါဆိုပီး အားကိုတင်းပီး အံကိုကြိတ်လိုက်တဲ့အချိန်မှာ ကိုယ့်အာရုံတစ်ခုလုံး လင်းကျင်းသွားခဲ့တယ်။
@leeshang
MSC -230