ဝါဆိုဦး(WASO)

kyi(56)
Published in
#myanmar
Words
320
Reading
2 min
Listen
Play
8y

IMG_20171218_122022-1382x1843.jpg

ယခုဆိုလျှင် နယုန်လကွယ်ပြီး ပထမဝါဆိုလဆန်းသို့ ရောက်နေပြီဖြစ်သည်။ ဝါဆိုလသည် မြန်မာလတွင် ၄လမြောက် ဖြစ်လေသည်။ ဝါဆို ဝါခေါင် ရေဖောင်ဖောင်ဟု ဆိုသည့်အတိုင်း မြစ်ရေကြီးစပြုနေပြီဖြစ်သည်။ မိုးဦးစ ဖြစ်၍ ပတ်ဝန်းကျင်သည် စိမ်းလန်း လျှက်ရှိသည်။ ဝတ်ဆံအဝါလေးများဖြင့် မွှေးပျံ့သော ပုန်းညက်ပန်းနှင့် သရဖီပန်းများ ပွင့်ချိန်လဲ ဖြစ်သည်။

maung-too-article.jpg
Crd-org-source

ယခုနှစ် ဝါနှစ်ဝါ ထက်သောကြောင့် ဝါတွင်း ၃လအစား ၄လ ဖြစ်နေလိမ့်မည်။ ထို့ကြောင့် ဝါဆို လပြည့်နေ့ ရုံးပိတ်ရက်ကိုမူ ဒုတိယဝါဆိုတွင် ပိတ်ပေးမည် ဖြစ်လေသည်။ ဝါဆိုလပြည့်သည် ဓမ္မစင်္ကြာနေ့ ဖြစ်ပါသည်။ မြတ်စွာဘုရား သည် ဓမ္မစင်္ကြာ တရားဦးကို မိဂဝါဒုန်တော၌ ဝါဆိုလပြည့်နေ့တွင် ဟောကြားလေသည်။ မယ်ကြည် တစ်ချိန်က နေထိုင်ခဲ့သော စစ်ကိုင်းမြို့တွင် ဝါတွင်း ၃လ ပတ်လုံး ဥပုပ်နေ့တိုင်း ဘုရားပွဲ ဖြစ်လေသည်။ စာချိုးလေးတောင် ရှိသေးသည်။ "ပုံ၊ တောင်၊ ဇေ၊ ချမ်း၊ ဥ၊ နန်း ၊နံ ၊ လေး၊ ပ၊ ထူ၊ ရှင် ၊ ငါး၊ အောင်၊ ကောင်း ” ဟူ၍ ဘုရားစဉ် ၁၄ဆူတို့၏ ဗုဒ္ဓပူဇနိယပွဲ ဖြစ်သည်။
လင်္ကာအရ ဘုရားပွဲတော်များနှင့် နေ့ရက်များမှာ...
(၁)ပုံ = ဆွမ်းဦးပုညရှင်စေတီ (ဝါဆိုလပြည့်နေ့)
(၂) တောင်= တောင်ဖီလာစေတီ (ဝါဆိုလပြည့်ကျော် ၈ ရက်)
(၃) ဇေ= ဇေတဝန်ဘုရား (ဝါဆိုလကွယ်နေ့)
(၄) ချမ်း=ချမ်းသာကြီး ချမ်းသာရဘုရား (ဝါခေါင်လဆန်း ၈ ရက်)
(၅) ဥ=ဥမင်သုံးဆယ်ဘုရား (ဝါခေါင်လပြည့်နေ့)
(၆) နန်း=ရှင်ပင်နန်းဦးစေတီ (ဝါခေါင်လပြည့်ကျော် ၈ ရက်)
(၇) နံ =ရှင်ပင်နံကိုင်းစေတီ (ဝါခေါင်လကွယ်နေ့)
(၈) လေး= လေးကျွန်းမာရ်အောင်ဘုရား (တော်သလင်းလဆန်း ၈ ရက်)
(၉) ပ= ပတ္တမြားစေတီ (တော်သလင်းလပြည့်နေ့)
(၁၀) ထူ= ထူပါရုံစေတီ (တော်သလင်းလပြည့်ကျော် ၈ ရက်)
(၁၁) ရှင်= ရှင်ဖြူရှင်လဘုရား (တော်သလင်းလကွယ်နေ့)
(၁၂) ငါး= ငါးထပ်ကြီးဘုရား (သီတင်းကျွတ်လဆန်း ၃၊ ၄၊ ၅ ရက်)
(၁၃)အောင်= အောင်မြေလောက စေတီ (သီတင်းကျွတ်လဆန်း ၈ ရက်နေ့)
(၁၄)ကောင်း= ကောင်းမှုတော်ဘုရား (သီတင်းကျွတ်လပြည့်နေ့) ဟူ၍ ဝါတွင်းကာလ ဘုရားပွဲစဉ်များအား အဆုံးသတ်လေ့ရှိသည် ။ ဖူးမြင်ကြစေရန် အလို့ငှါ စေတီပုံများနှင့် သမိုင်းတချို့ ရှင်းပြပေးချင်ပါသည်။

(၁)ပုံ= ဆွမ်းဦး ပုညရှင်

FB_IMG_1528985810077.jpg
Crd-org-source

စစ်ကိုင်းတောင်ရိုး၌ မည်သည့် လူသားမှ ဆွမ်းဦးကပ်လှူမရသော နတ်ဒေဝတာတို့သာ ဆွမ်းဦး လှူလေ့ ရှိသဖြင့် ဆွမ်းဦးပုညရှင် ဟု ခေါ်တွင်လေသည်။ ယင်းစေတီ ဘုရားပွဲကို ဝါဆိုလပြည့်နေ့တွင် စတင်ကျင်းပသဖြင့် ကြက်ပျံမကျ စည်ကားလှပါသည်။ ပင်းယမြို့တည် သီဟသူမင်း လက်ထက်တွင် ပုညအမတ်ကြီးနှင့် ပန်းထိမ်သည် ငစိန်သင်တို့သည် မွေတော်နှစ်ဆူကို စစ်ကိုင်းသို့ သယ်ဆောင်လာပြီး ငဖားတောင် ထိပ်တွင် စေတီတည်ထားလေသည်။ စစ်ကိုင်းမင်း အသင်္ခရာ စောယွန်းကို မပန်ကြားမိ၍ ဘုရင့် အမျက်တော်ရှ၍ ပုညအမတ်ကြီးအား ရေနှစ်သတ်စေရာ မြတ်စွာဘုရားတန်ခိုးတော်ကြောင့် ဥပါဒ် မရောက်ပေ။ ဤသည်ကို အသင်္ခရာ စောယွန်း မြင်လျှင် အမတ်ကြီးအား ကြည်ညိုပြီး သက်တော်ရှည်ဘွဲ့ကို ပေးလေသည်။ ပုညအမတ်ကြီး စတင်တည်သဖြင့် ပုညရင်မှ ပုညရှင် ဖြစ်လာသည်။နှစ်စဉ် ဝါဆိုလပြည့်နေ့ အာရုဏ်တက်ချိန်တိုင်း နတ်သိကြားများ အရင် ဆွမ်းဦးကပ်လှူခြင်း၊ စစ်ကိုင်းမြို့ အရပ်လေးမျက်နှာမှ ဗုဒ္ဓဘာသာဝင်များမှလည်း သူ့ထက်ငါအရင် ဆွမ်းအလှူ ကပ်လှူကြခြင်းကို အစွဲပြု၍ ဆွမ်းဦးပုညရှင် ဟု ခေါ်တွင်လေသည်။

(၂) တောင် =တောင်ဖီလာစေတီ

FB_IMG_1528985479445.jpg
Crd-org-source

တောင်ဖီလာဆရာတော်သည် မိမိပြုစုထားသော ဝိနည်း၊ ပါဠိ ၊အဌကထာ၊ နိဿ တို့အား ရွှေဥမင်ဆရာတော်ကြီး ရေးသားထားသော ဝိနည်း၊ ပါဠိ ၊အဌကထာ၊ နိဿ တို့နှင့် တိုက်ဆိုင် ကြည့်ရာ မိမိရေးသားတာထက် ရွှေဥမင်ဆရာတော် ရေးသားထားခြင်းက ပို၍ကောင်းသဖြင့် တောင်ဖီလာဆရာတော်မှ ဆရာတော် စီရင်သော နိဿ များ ဇမ္ဗူ ဒိပ်တစ်ကျွန်းလုံး ပျံ့နှံ့၍ သာသနာတော် စည်ပင်တိုးပွားစေလိုကြောင်း၊ မိမိ နိဿ အား ထားရှိလျှင် နောင်လာနောင်သားတို့ ဖတ်မိလျှင် သူ့ဟာကောင်းသည် ငါ့ဟာကောင်းသည် ငြင်းခုန်မူ့များသာ တိုးမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ တောင်ဖီလာဆရာတော်သည် မိမိရေးသားထားသော နိဿ ၅ကျမ်းကို ဌာပနာထား၍ စေတီတည်ခဲ့ခြင်း ဖြစ်သည်။ လူတိုင်းသည် မိမိလုပ်သည်မှ အမှန်ဟု ထင်ကြသည်။ ဆရာတော်သည် အစွဲမထား ပိုကောင်းသည်ကို ရွေးခဲ့ပြီး မိမိရေးသည်ကို ပယ်နိုင်ခဲ့သော သတ္တိသည် လူတိုင်းလုပ်နိုင်မည်မထင်ပါချေ။ ဆရာတော်၏ မြင်မြတ်သော စိတ်ထားကို ရှိခိုးဦးတင်မိပါသည်။ဘုရားပွဲ ကို ဝါဆိုလပြည့်ကျော် ၈ရက်နေ့တွင် ကျင်းပပါသည်။
ကျန်ရှိသော စေတီတော်များအကြောင်း ဆက်လက်ဖော်ပြ ပေးပါမည်။ စာဖတ်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ😊။
Author kyi@kyi
MSC 050

ဝါဆိုဦး(WASO) | Ecency