တက္ကသိုလ်ဝင်စာမေးပွဲ

Words
240
Reading
2 min
Listen
Play
9y

တက္ကသိုလ်ဝင်စာမေးပွဲ
image
အခုဆို ရင်ဆယ်တန်း(တက္ကသိုလ်ဝင်)စာမေးပွဲဖြေတာ သုံးဘာသာပြီးသွားပြီ..
ကျောင်းသားတစ်ယောက်အတွက် အရေးပါ အရာရောက်ဆုံးအရာတစ်ခု မဟုတ်ပါလား။
အားလုံးကြိုးစားပြီးဖြေကြရတယ်။ ဒါတောင်နှစ်ချင်းပေါက် အောင်သွားတဲ့သူက ရှားသေးတာ။ မလွယ်ဆို တစ်နှစ်လုံးကြိုးစားလေ့လာခဲ့သမျှ သုံးနာရီနဲ့ အစွမ်းပြကြရတယ်။ တစ်ချို့ အောင်မှတ်ကျော်ကျော်နဲ့ ကပ်အောင်တယ်။ တစ်ချို့က ဂုဏ်ထူးတွေ ၊အမှတ်အများကြီးနဲ့ အောင်ကြတယ်။ ရှေ့ဆက်လျောက် ပညာသင်ရမယ့် တက္ကသိုလ်တွေတက်ဖို့ အမှတ်ကောင်းမှ လိုင်းတွေလည်း ကောင်းမှာလေ။ ဒါကြောင့်ကြိုးစားကြတာပေါ့။ ရည်မှန်းချက်ကြီးတဲ့ ကလေးတွေက စာဆိုမှစာပဲ။ တခြားဘာအာရုံမှကို မရှိတာ။ စာလုပ်ချိန်လုပ်၊ နားချိန်နား သူတို့အတွက်ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။ ကျနော်တို့ပညာရေးစနစ်ရဲ့ မအောင်မနေရကြောင့် ကလေးတွေ အခြေခံနည်းကြတယ်ထင်ပါရဲ့။ ဒုံရင်း ဒုံရင်းနဲ့ ဆယ်တန်းကို ရောက်လာတယ်။ ပီးတော့ ဘာမှမတက်တော့ ဆယ်တန်းစာ မလိုက်နိုင်။ပြဿနာ တက်ပြီပေါ့။ အိမ်ကထားလို့သာ လိုက်နေရတာ စိတ်ကမဝင်စားတော့ဘူးလေ။ အိမ်း.....အချိန်တန် အောင်စာရင်းတွေထွက်တော့ ပါချင်ကြတာ။
image
. . . အခုစာမေးပွဲတွေ ဖြေတော့ တစ်ချို့ဆို ငိုကြတယ်။ သူတို့ကြိုးစားရက်နဲ့ သူတို့ထင်သလောက် မပေါက်မြောက်တဲ့အခါ ဝမ်းနည်းမှုတွေ ဖြစ်လာတယ်ထင်တယ်။ ဆယ်ဆန်းက နတ်ကြီးတယ်လို့လည်း ဆိုတယ်။ ကျောင်းသားတစ်ယောက်က သင်ခန်းစာ တစ်ခန်းမှာရှိတဲ့ ၈၀ %ကို သူကြည့်ထားတယ်ဆိုပါစို့။ စာမေးပွဲမှာ ၂၀%ရာခိုင်နှုန်းထဲက မေးလာခဲ့ပြီ။ အဲ့ဒါကျတော့ ကံတရားနဲ့လည်း ဆိုင်သွားပြီပေါ့။
ကံ၊ဥာဏ်၊ဝီရိယ ပေါင်းစပ်လိုက်မှ သိပ်လှတဲ့ ပုံပန်းသဏ္ဌာန်ပေါ်လာမှာ။
. . . ကျနော်တို့ဆယ်တန်းစောင့်ရတဲ့ သုံးရက်အတွင်း တွေ့ကြုံခဲ့တာလေးတွေ ပြောပါအုံးမည်။
မဖြေခင် နှစ်ရက်အလိုမှာ စာဖြေဌာနရဲ့ ကြီးကြပ်ရေးမှုးက အစည်းအဝေးဖိတ်စာတွေကို ဝေလိုက်တယ်။ တာဝန်ကျတဲ့ ဆရာတွေ အစည်းအဝေးလုပ်ဖို့ပါ။ စာဖြေဌာနမှာ စုစုပေါင်း စာဖြေသူက ၈၀၀ကျော်ရှိတော့ ဆရာအင်အာ ၉ဝကျော်သုံးရတယ်။
တစ်ခန်းကို စာဖြေသူ၃၀ ယောက်အစောင့်ဆရာ နှစ်ယောက်၊ နှစ်ခန်းကို အပြင်စောင့်တစ်ယောက် စောင့်ရတယ်။ ပြီးတော့ ကျားဂိတ်၊ မဂိတ်၊ ကျားသန့်စင်ခန်း၊ မသန့်စင်ခန်း အစရှိသဖြင့် ပေါ့။
အစည်းအဝေးမှာပြောသေးတယ်။
ဘာတဲ့.... ဆယ်တန်းစာမေးပွဲဆိုတာ တာဝန်အရမ်းကြီးတယ်။ နိုင်ငံတော်အဆင့်ဖြစ်လို့ ပေါ့လျော့လို့မရဘူး။ စာမေးပွဲနဲ့ ပတ်သတ်လို့ အရမ်းတော်နေလို့ ဆုတော့ချမှာမဟုတ်ဘူး။ အမှားလုပ်မိရင်တော့ ရာထူးနဲ့လဲရမယ်။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူး။ တစ်ခုခု ဖြစ်ပြီဟေ့ ဆိုရင်တော့ တစ်ခုခု ဖြစ်မှာပဲ..တဲ့
ကြက်သီးထစရာကောင်းတာ။ နားထောင်လိုက်ရတာ ကျောထဲချမ်းသွားတာပဲ။
. . .
‌ဒီလိုနဲ့ ၇.၃.၂၀၁၈ မနက်၇ နာရီ ၃၀ မိနစ်မှာ စာစစ်ဌာနကို အရောက်သွား၊ တာဝန်တွေ ထမ်းဆောင်ဖို့ ကြီးကြပ်ရေးမှုးက လမ်းညွှန်မှုတွေပေးတာ နားထောင်ရ ၊ ပြီးရင် တာဝန်ကျရာနေရာကို သွားရတယ်။ အပြင်တာဝန်ကျတဲ့ ဆရာတွေက စာဖြေသူဆီက မသမာပစ္စည်းတွေ စစ်ဆေးကြရတယ်။ စာဖြေကတ်ပါမပါ စစ်ဆေးကြရတယ်။ ကြုံတုန်းလေး... အရင်နေ့က facebookမှာတွေ့လိုက်တဲ့အကြောင်းအရာလေးပါ။ ဘာလဲဆိုတော့ ဦးဦးရဲသားက စာမေးပွဲဖြေမယ့်ကလေး စာဖြေကတ်မေ့လို့ အတော်အသင့်ဝေးတဲ့ ခရီးကို လိုက်ပို့ပြီး ပြန်ယူခဲ့ရတဲ့ဟာလေးပါ။ စိုးရိမ်စိတ်များသွားကြလို့ ထင်ပါရဲ့။ အိမ်မှာကျန်ခဲ့လို့လို့ ပြောပြီး ကြီးကြပ်ရေးမှုးကို အကျိုးအကြောင်းပြောပြီး စာဝင်ဖြေ။ အိမ်ကလူကို ဖုန်းဆက်ပြီးလာပို့ခိုင်း ရရင်အဆင်ပြေမှာပါ။စာဖြေသူကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ရဘူးကိုး...။ စာနာစိတ်ရှိကြပါတယ်။
‌. . . ဒီလိုနဲ့ ကိုးနာရီထိုးတော့ မြန်မာစာဖြေတယ်။ အဆင်ပြေကြပါတယ်။ချောချောမွေ့မွေ့ပဲ ကျောင်းသားတွေ ဖြေနိုင်ကြတယ်။ အင်္ဂလိပ်စာ မှာ မေးခွန်းက နည်းနည်းလေး ကောင်းထားတယ်။ အများစုပြောကြတာ ခက်တယ်ပေါ့။ အောင်မှတ်အတွက်တော့ ပုံမှန်ကြည့်နေတဲ့ ကလေးတိုင်းရကြမှာပါ။ သင်္ချာ နေ့မှာ မေးခွန်းကလည်း အဆင်ပြေတယ်၊ ကျောင်းသားတွေ ဖြေနိုင်ကြတယ်။ စာတစ်လုံးမှ မည်မည်ရရ မကြည့်ထားတဲ့သူအတွက်ကတော့ လွယ်သလား ခက်သလားတောင် ဆုံးဖြတ်တတ်မှာမဟုတ်ဘူး။
‌စနေ၊ တနင်္ဂနွေနှစ်ရက်နားတုန်း နောက်ဘာသာတွေ အတွက်မောင်းတင်နေကြပြီ....
‌အားလုံးအဆင်ပြေချောချောမွေ့မွေ့နဲ့ ဖြေဆိုနိုင်ကြပါစေ....
‌ကျွန်တော့်ရဲ့ ဆယ်တန်းစောင့်ခဲ့ရတဲ့ သုံးရက်တာကို တင်ပြခြင်းဖြစ်ပါသည်။
‌kyawthetaung@kyawthetaung(MSC-125)
image

တက္ကသိုလ်ဝင်စာမေးပွဲ | Ecency