ပပထူမှ ထမယ်

kochan(35)
Published in
#myanmar
Words
370
Reading
2 min
Listen
Play
9y

အမေငယ်ငယ်က သမီးဖွားဖွားပြောတဲ့ ပုံတွေထဲမှာ ဘုရားအလောင်း မင်းကုသဇာတ်ကလဲ ဘုရားလောင်း သိဝိမင်းဇာတ်လိုဘဲ ခလေးတွေ တော်တော်ကြိုက်ကြတယ်။

သိဝိမင်းဇာတ်မှာတော့ ဘခင်ဖြစ်သူကိုယ်တိုင်က သမီး ဥမ္မာဒန္တီရဲ့ အလှဟာ မင်းစိုးရာဇာနဲ့မှ ထိုက်တန်တယ်ရယ်လို့ ဘုရင်ကို ဆက်သခဲ့ပါလျက် ကြားကမလိုသူတွေရဲ့ စကားနားဝင်ပြီး တော်မကောက်မိဘဲ လွဲချော်ခဲ့ရတာကိုး။ ဒီတော့မယ်ဥမ္မာက ရှက်စိတ်နာလွန်းလို့ နက္ခတ်ပွဲသဘင်နေ့မှာ အခွင့်ကြုံတာနဲ့ လက်စားချေတော့တာပဲ။ ဘယ်လို ချေသလဲဆိုတော့ တောင်ထိပ် နက္ခတ်ပွဲသဘင် ရှုစားဖို့ မင်းခန်း မင်းနားနဲ့ သိဝိဘုရင် ဆင်စီးပီးထွက်ကြွအလာ ဥမ္မာဒန္တီက သူ့ကိုယ်သူ အလှဆုံးပြင်ဆင် လေသာခန်းမ ပြတင်းဝက ရပ်လို့ဆီးတဲ့ပြီး ပန်းတွေနဲ့ ပစ်ပေါက် ကြဲပက်တော့ တာကိုး။ သူ ဘယ်လောက်လှသလဲ သူ့အလှကို သိဝိမင်းမြင်အောင် ပြတာပေါ့ကွယ်။ ဒီတော့ မရူးဘဲ ဘယ်မှာ ခံနိုင်မလဲ။ ဆင်ထက်က ကျလို့ ဥုံရေ.. မာရေ..နဲ့ ရူးတော့တာကိုး။

ရူးခန်းဆိုတော့ ခလေးတွေက သဘောကျတာပေါ့။ ဒီအချိန်မှာ ဥမ္မာဒန္တီက စစ်သူကြီးကတော်ဖြစ်နေပြီ။မရနိုင်တော့ဘူးလေ။ ယူကြုံးမရဖြစ် အပူလုံးတွေထလို့ သွက်သွက်ကို ခါရောဘဲတဲ့။ ဇာတ်တော်ထဲမှာ ဒီလိုဆိုပါတယ်။ မိုးသားကင်းစင်ပြီး ရွှန်းတင့်နေတဲ့ လပြည့်ဝန်းရဲ့ အလှဟာ တန်ဆောင်တိုင်ညမှာ လူတွေကို ဖမ်းစားနေသလား ထင်မှားစရာပါ။ ကုသဇာတ်မှာတော့ သာဂလတိုင်းပြည်ကြီး သူဌေးသမီး ပပ၀တီ ဟာ ခုနှစ်ဆောင် တိုက်ခန်းမှာ မီးမထွန်းဘဲ လင်းစေတဲ့သတ္တိရှိသတဲ့။ ချောတာ လှတာကလဲ ဘုံကြိုးပြတ်တဲ့ မိုးနတ်သူဇာတောင်ရှုံးရသတဲ့။

သာဂလခေါ် .. တိုင်းပြည် ကြီးဝယ် .. ပပ၀တီရယ် .. ခုနှစ်ဆောင် တိုက်ခန်း ကို ....မီးမထွန်းဘဲ ..လင်းရပြန်ပေတယ်..အလောင်းတော်ဘုရင် ကုသမင်း အဆင်းမလှပြန်တယ် .. မင်းပပကို ကြံရွယ် ..ညီတော်ကို ဘမ်းပြကာ လှည့်စားလို့ အရုပ်ဆိုးသူများက လှတာကိုမှ သူက လိုချင်တယ်.။

တနေ့သော် ရေကန်တွင်းဝယ် ..ယမင်းပပ ဆင်းကာ စံပယ် .... ရေကစားကာ ..ခေါင်းလျှော်ရင်း..များပျိုတသင်းရယ် .. မပျင်းဖွယ် ..၀န်းရံ ခကြတယ် ကုသဘုရင် ကြာပင် အောက်ကရယ် ..၀မ်းမြောက် ၀မ်းသာ ခုမှ မြင်ရတယ် အတင်းပါကွယ် ..ရေကန်တော်ထဲ ..လက်ဆွဲခန်းပေါ်တယ်..

သာဂလဘုရင့် သားတော်ကြီးက မင်းကုသ ပေါ့ ။ညီနောင်နှစ်ပါးရှိကြတယ်။ သားတော်ကြီးက ငယ်ငယ်က ကျောက်ပေါက်လို့ အရုပ်ဆိုးအကျည်းတန်ပြီး ညီတော်ကတော့ ချောလွန်းလှလွန်း နေပါသတဲ့။ အရုပ်ဆိုးတဲ့သူများ လှတာကိုမှလိုချင်တယ်တဲ့။ မင်းကုသက ပပမှ ပပ ဖြစ်နေတာပေါ့။ ပပ၀တီ ရေကစားထွက်စံစဉ် ညီတော်ကို ဘမ်းပြပြီး ကြာဘက်အောက်ကနေ မနေနိုင် မထိုင်နိုင် လက်ကို အတင်းအဓမ္မ ဆွဲထား သတဲ့။ ဒီတော့ ပပ၀တီက ရွှေရင်ဖိုပြီး အော်ငိုတော့တာပေါ့ သူရဲကြီး သူ့လက် ဆွဲပါတယ်ပေါ့။ ပပ၀တီက အော်လေ မေမေတို့က ရယ်ချင်လေ တ၀ါးဝါး တဟားဟားပေါ့ လေ။ မဟားပဲ နေပါ့မလား။ သမီးအဖွားက အနားကလူလက် အတင်းဆွဲ ပြီး သရုပ်ဖေါ်ကောင်းနေတော့ မေမေတို့အားလုံး မပြုံးဘဲ ၀ါးလုံကွဲ ဟားကြတာပေါ့။ အမှတ်ရမိတယ်။

ဒါပေမဲ့ သနားပါတယ်ကွယ် သူ့ခမြာ လူကြီးချင်း ထိမ်းမြားလက်ထပ်ပေးဖို့ ရွှေလမ်းငွေလမ်း ဖေါက်ထားတာတောင် ပပ၀တီက မချစ်နိုင် မကြိုက်နိုင်ပါဘူး တဲ့။ အတင်းငြင်းဆန်ပြီး မိဘရပ်ထံ ပြန်ပြေးပါလေရောတဲ့။ ဒီတော့ ကုသမင်းသားက ပပ၀တီရဲ့ မိဘများနေထိုင်ရာ အိမ်ကို စောင်းတော်ကြီးပိုက် လိုက်ပြီး အဆောင်တော်ပြတင်းဝနားသွားပြီး စောင်းသံပေး ချစ်ရေးဆိုခဲ့ပေမဲ့ နားခါးလွန်းလို့ မကြားချင်ဘူးဟဲ့ ရုပ်ကြီးကို အော့နှလုံးနာလွန်းလို့ တဲ့။ ခု နှင်ထုတ်ကြ.ဟဲ့ နဲ့ ။ အထိန်းတော်တွေကို ဆိုသတဲ့။

ဒီတော့ ကုသမင်းက အိုးလုပ်တဲ့ အိမ်က အိုးသည်ဆီမှာ သူ့ဖြစ်စဉ်ကို ဇာတ်လမ်းထွင် အရုပ်ရေးလို့ အိုးဖုတ်စေသတဲ့။ အိုးဖုတ်ပြီး ပပ၀တီထံ ဆက်သတဲ့အခါမှာတော့ ပပ၀တီက စိတ်ဆိုးလွန်းလို့ ပေါက်ခွဲပြစ်လိုက်သတဲ့။ နောက်တခါ ဖျာယက်တဲ့အိမ်မှာနေပြီး သူ့ဖြစ်စဉ်ကို ဖျာမှာ အရုပ်ထည့် ယက်စေပြီး ဆက်ပြန်သတဲ့။ ဒါလဲ မရဘူး။ နောက်တခါ စားတော်ကဲနဲ့ ပေါင်းပြီး ဟင်းကောင်းတွေ ထမင်းကောင်းတွေဆက်သပေမဲ့လဲ မယ်ပပ က ပေါက်ခွဲ ပြစ်လိုက်တာမို့ ထမင်းအုပ်ကြီးလဲကွဲ မှောက်ရက်များတောင် ဗွက်ထဲ လဲပါသတဲ့။ လဲသွားတဲ့ အချိန်ကစလို့ ဘယ်သူမှ ထူလို့ မရဘဲ ပပထူမှ ထမယ် ချည်း ဘဲ။ နားပူနားဆာပြောနေတော့တယ်။ နောက်ဆုံးမှာတော့ သူက ဘုရားလောင်းမင်းသားမို့လား။ နတ်တွေ နိုးဆော်လို့ သို့မဟုတ် ဇာတ်ထဲမှာတော့ နတ်တွေက ပပ၀တီကို ထူပေးရင် ပေး မပေးရင် ခုနှစ်ပိုင်း ပိုင်းပြီး ခုနှစ်ပြည်ထောင် မင်းတွေ ဝေပေးမယ် လို့ သတိပေးအော်ဟစ်ကြတော့မှ ပပ၀တီက ကြောက်လန့်ပြီး ထူပေးရသတဲ့။ ရွှံ့ဗွက်တွေပေနေတာကို ပပ က ဆေးကြောပေးရသတဲ့ ။

အဲဒီတော့မှ ကုသမင်းဟာလည်း ကမ္ဘာမှာ အလှဆုံး မင်းသားလေး ဖြစ်သွားပါရောတဲ့ကွယ်။အားလုံးဇာတ်ပေါင်းလိုက်တော့ ကုသမင်းက ပပ၀တီကို လက်ဆွဲ လို့ အောင်စည်တော်ယွန်း ပြီး နန်းသိမ်းပွဲ ခံပါလေရော တဲ့ကွယ်..။

အိုးတော်ခေါင်းနဲ့ သူပေါင်းတယ် ။ ဖျာတော်ခေါင်းနဲ့ သူပေါင်းတယ် ဇာတ်စုံခင်းလို့ ပပလက်တွင်း ဆက်သွင်း တယ်..လုံ့လလဲမလျှော့ဘူးကွယ် ..၀ိရိယလဲ ..မလျှော့ဘူး ..ကွယ် ပပကိုမှ မရရင် ..အဟုတ်မနေနိုင်ပါတယ်..

တနည်း တဖုံကြံတယ် စားတော်ကဲနဲ့ တွဲကာ ၀င်ပြန်တယ်.. ပွဲတော်အုပ် ကို သူထမ်းလို့ ..ချစ်စမ်းပါ့ ခင်ရယ် …ကြိုက်စမ်းပါ့ ခင်ရယ် ..

တပါးကညာရယ် …သနား မညှာ တယ် ..ကုသမောင် ..မျက်နှာမွဲ.. မှောက်ရက်လဲ အောင် ..သူပြုရက်တယ်.. အရွယ်လှတဲ့ မယ်ပပ ပျို .ရယ် မင်းကိုယ်တိုင် ထူမှ ..ထမယ် ထမယ် ကွယ်။

ဒီသီချင်းကို ရန်နိုင်စိန်က ရေးပြီး ဥသြဘသောင် က သီဆိုထားပါတယ်။

ပပထူမှ ထမယ် | Ecency