ဟန်ဆောင်တတ်သူများ
ကျွန်တော်တို့ လူသားတွေမှာပဲ ကောင်းတဲ့အကျင့်တွေကို ကျင့်နိုင်ကြသလို ကျွန်တော်တို့ လူသားတွေကပဲ ဟန်ဆောင်တတ်ကြသူတွေပါ။
ချစ်ဟန်ဆောင်ကြတယ်။မုန်းဟန်ဆောင်ကြတယ်။ရိုးသားဟန်ဆောင်ကြတယ်။ပညာရှိဟန်ဆောင်ကြတယ်။သူဌေးဟန်ဆောင်ကြတယ်။ကျွန်တော်တို့ လူသားတွေမှာ ဟန်ဆောင်မှုတွေ များလွန်းကြပါတယ်။ ကျွန်တော်အပါအဝင်ပေါ့။
ကျွန်တော်တို့တွေမှာ အသက်ရှင်နေသမျှ ပတ်ဝန်းကျင်နဲ့ ဆက်ဆံနေသမျှ ဟန်ဆောင်ခြင်းနဲ့ မကင်းနိုင်ကြပါဘူး။
ကျွန်တော့်ကို အမေက သားရေ အဆင်ပြေသလားလို့ မေးလာတိုင်း ဟုတ်ကဲ့အမေ လို့ ဖြေတတ်လာခဲ့တာလည်း ကြာပါပြီ။
အမေတို့ အဖေတို့လည်း ကျွန်တော်တို့အပေါ်လိမ်ညာ ဟန်ဆောင်ခဲ့ကြရတာတွေရှိပါတယ်။ အဲ့ဒီဟင်းကို ငါမကြိုက်ဘူးဆိုပြီး ကျွန်တော်တို့ ကြိုက်တဲ့ဟင်းတွေဆိုရင် သူတို့ မစားတော့ပဲ နေလိုက်တဲ့ ဟန်ဆောင်မှုတွေပါ။
ကျွန်တော်တို့ ငယ်စဉ်တုန်းက နားမလည်ခဲ့တဲ့ အဲ့ဒီဟန်ဆောင်မှုတွေကို ကျွန်တော် တကယ် ထင်မှတ်ခဲ့ဖူးတယ်။ ဒီလောက်ကောင်းတဲ့ဟင်းကို မကြိုက်ဘူးတဲ့ လို့ စိတ်ထဲ အံ့သြခဲ့ရဖူးပါတယ်။အဲ့ဒီဟန်ဆောင်မှုဟာ ကျွန်တော်တို့အတွက်လို့ ကျွန်တော် မထင်ခဲ့မိဘူး။
ကျွန်တော်တို့တွေနဲ့ ခွဲကြခွာကြတဲ့အချိန်တွေမှာ အဖေတို့ အမေတို့တွေဟာ ပျော်ရွှင်ဟန်ဆောင်နေခဲ့ကြပါတယ်။အစ်ကိုတွေ အစ်မတွေ ကိုယ်စီ အိမ်ထောင်ကျကြတဲ့အခါ ပျော်ရွှင်ဟန်ဆောင်ခဲ့ကြပါတယ်။အစ်ကိုတွေအစ်မတွေက ခွဲခွာသွားကြတော့ သူတို့ တင်းမာပြီး ပြတ်သားဟန် ဆောင်ခဲ့ကြပြန်တယ်။
သူတို့ မပျော်ဘူးဆိုတာ သူတို့ ငါဒီနေ့တော့ ပင်ပန်းနေပြီလို့ ပြောပြီး အစောကြီး အိပ်ခန်းထဲ ဝင်သွားချိန်တွေမှာ ကျွန်တော်တို့ သိနိုင်တာပေါ့..
အိပ်ယာဝင်စောပေမဲ့ အိပ်ချိန်တွေနောက်ကျပြီး သူတို့ ဝမ်းနည်းနေကြတာကို ကျွန်တော်တို့ နားလည်ခဲ့ရတယ်။
အဲ့ဒီဟန်ဆောင်မှုတွေကို ကျွန်တော်တို့ နားလည်ဖို့ မကြိုးခဲ့မိဘူး။ အဲ့ဒီဟန်ဆောင်မှုတွေဟာ အမှန်အကန်တွေလို့ ထင်ခဲ့ဖူးတယ်။
ကျွန်တော်တို့တွေ ရုပ်ရှင်တွေ ဇာတ်ကားတွေကြည့်ပြီး သရုပ်ဆောင်တွေရဲ့ ဟန်ဆောင်မှုတွေကို သူတို့သရုပ်ဆောင်မှုအတိုင်း ရယ်လိုက်မောလိုက် ငိုလိုက် ဝမ်းနည်းလိုက်နဲ့ လိုက်ပြီးခံစားခဲ့ကြတယ်။ သူတို့တွေ ဟန်ဆောင်နေမှန်းသိသိကြီးနဲ့ သရုပ်ဆောင်ကောင်းလိုက်တာလို့ ကျွန်တော်တို့ လက်ခုပ်တီးပေးခဲ့ကြတယ်။ သရုပ်ဆောင်တွေရဲ့ ဟန်ဆောင်ကောင်းမှုကို ကျွန်တော်တို့ တသသ ချီးမွမ်းနေကြလေ့ရှိကြတယ်။
ကျွန်တော်တို့ မိဘတွေရဲ့ အမှန်တကယ် ဟန်ဆောင်မှုကိုတော့ တကယ့်နှလုံးသားတွေနဲ့ ရင်းပြီး ဟန်ဆောင်တဲ့ ဟန်ဆောင်မှုကိုတော့ ကျွန်တော်တို့ မေ့ထားခဲ့ကြတယ်။ မမြင်နိုင်ခဲ့ကြဘူး။
ကျွန်တော်တို့တွေ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံကြတိုင်း ဟန်ဆောင်ပြုံးတာတွေ ဟန်ဆောင်ချစ်တာတွေ ဟန်ဆောင်မုန်းတာတွေဟာ ကျွန်တော်တို့အတွက်တွေပဲ ကျွန်ောတ်တို့ ဟန်ဆောင်ခဲ့ကြတာပါ။
ကျွန်တော်တို့ မိဘတွေကတော့ သူတို့အတွက်မပါတဲ့ ဟန်ဆောင်မှုတွေကို ကျွန်တော်တို့ကို ပေးခဲ့ကြတယ်။ကျွန်တော်တို့အတွက် သူတို့ ဟန်ဆောင်ခဲ့ကြတယ်။ သူတို့ သိပ်ကို ဟန်ဆောင်ကောင်းခဲ့ကြတယ်။
ကျွန်တော်တို့ မိဘတွေဟာ သိပ်ကို ဟန်ဆောင်တတ်သူတွေပါ..။ သူတို့ ဟန်ဆောင်မှုတွေကို ကျွန်တော် မမုန်းဘူး..သူတို့ ဟန်ဆောင်မှုတွေကို ကျွန်တော် စစ်မှန်စွာနဲ့ ချစ်တယ်။
ဟန်ဆောင်တတ်သူတွေထဲမှာ သူတို့ရဲ့ ဟန်ဆောင်မှုတွေကိုတော့ ကျွန်တော် နှစ်နှစ်ကာကာ ချစ်တယ်။ အဲ့ဒါ ကျွန်တော့ရဲ့ အဖေနဲ့အမေရဲ့ ဟန်ဆောင်မှုတွေပါပဲ..
သူတို့တွေဟာ ကျွန်ေတာ်ချစ်တဲ့ ဟန်ဆောင်သူတွေပါပဲဗျာ....
Writter @htetnainglin
Msc 188
Photo credit google