ကွဲကွဲပြားပြားသိပါစေ

Words
117
Reading
1 min
Listen
Play
8y

"အနင်းခံနိုင်သော စပါးသန်၏"ဆိုတဲ့ စကားပုံလေးကို လူတိုင်းသိမှာပါ။ဆိုလိုရင်းကတော့ များများဝေဖန်ခံရသူက များများအောင်မြင်မှုရမယ်လို့ ပြောတာပါ။ဒါပေမယ့် တူမယောင်နဲ့ကွဲနေတဲ့ မြန်မာစကားလုံးတွေက အများကြီးပါ။ထိုစကားလုံးတွေထဲမှာမှ "ကဲ့ရဲ့ခြင်းနှင့် ဝေဖန်ခြင်း"ကိုလည်း လူတွေက ကွဲကွဲပြားပြား မသိကြပါဘူး။မသိဘူးဆိုတာထက် သိရက်နဲ့ပြောနေတဲ့သူက ပိုများပါတယ်။

ကျွန်မစဉ်းစားကြည့်မိတယ်။ဝေဖန်တာနဲ့ ကဲ့ရဲ့တာ ဘယ်လိုများကွာခြားသလဲလို့။အခြေခံကစစဉ်းစားမယ်ဆိုရင်တော့ ဝေဖန်တာကလည်း သူတစ်ပါး၏ မှားယွင်းနေသော အားနည်းနေသော အချက်ကို ပြောတာပဲ။ကဲ့ရဲ့တာကလည်း ထို့အတူပါပဲ။

ဒါပေမယ့်မတူပါဘူး။ဝေဖန်တယ်ဆိုတာ သူတစ်ပါး၏အားနည်းချက်ကို ထောက်ပြပြီး အားသာချက်ဖြစ်အောင် ပြုပြင်ပြောင်းလဲပေးတာပါ။ဥပမာ ဆရာတစ်ဦးက ဆောင်းရာသီအကြောင်း စာစီစာကုံးရေးခိုင်းလိုက်တယ်ဆိုပါစို့။ကျောင်းသားအားလုံးက မိုးရာသီအကုန် ဆောင်းရာသီအစ ရာသီဥတုအကြောင်းနဲ့ စရေးသားထားကြပါတယ်။ဒါပေမယ့် ကျောင်သားတစ်ဦးက ဆောင်းရာသီလို့ဆိုပေမယ့် မရောက်သေးတဲ့ နွေရာသီအကြောင်းပါ ရေးသားထားတာပေါ့။ဒီလိုဆိုရင် ဆရာကကျောင်းသားရဲ့အမှားကို ထောက်ပြမယ်။ကျောင်းသားကို ပေးထားတဲ့ခေါင်းစဉ်ကို နားလည်အောင်ထပ်ရှင်းပြမယ် လေ့လာဖို့စာအုပ်တွေကိုလည်း ပြောပြပေးမယ်။အထူးသဖြင့် ပေးထားတဲ့ခေါင်းစဉ်က ဆောင်းရာသီမို့လို့ ဆောင်းရာသီအကြောင်းကိုပါအောင် ရေးရမယ်ဆိုပြီး ဝေဖန်ပေးမှာပါ။ဒါမျိုးကို ဝေဖန်တယ်လို့ခေါ်ပါတယ်။မှားနေတဲ့အရာကို အမှန်ဘက်ရောက်အောင် တွန်းပို့ပေးခြင်းဟာ ဝေဖန်တာပါ။

ကဲ့ရဲ့ခြင်းကတော့ ရှင်းပါတယ်။သူတစ်ပါးရဲ့အမှားကို ထောက်ပြပြီး အမှန်သိအောင် ပြုလုပ်ပေးမယ့်အစား ထိုအမှားကိုနင်းပြီး သူတစ်ပါးစိတ်ဒုက္ခရောက်အောင် ပြုလုပ်ခြင်းပါပဲ။ဝေဖန်ထောက်ပြပေးမှုကြောင့် တိုးတက်အောင်မြင်သွားသူတွေ ရှိသကဲ့သို့ ကဲ့ရဲ့မှုကြောင့် ဆုတ်လျော့ပျက်စီးသူတွေ ဒုနဲ့ဒေးပါ။"ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်"ဆိုပြီး အပြောရှိသော်လည်း ထိုကဲ့ရဲ့ခုနှစ်ရက်ဒဏ်ကို မခံစားနိုင်ဘဲ ဘဝကိုဒူးထောက်အရှုံးပေးသွားသူတွေ တစ်စတစ်စများပြားလာပါတယ်။

ကဲ့ရဲ့မှုနှင့် ဝေဖန်မှုကို ကွဲကွဲပြားပြား မသိဘဲ သူတစ်ပါးအား ပြောဆိုခြင်းသည် အလွန်ပင်စိတ်ပျက်ဖွယ်ကောင်းလှပေသည်။မည်သည့်အရာမဆို ဆိုလိုရင်းကိုသိမှသာ ပြောဆိုခြင်းသာ အကောင်းဆုံးဖြစ်မည်ဟု ယူဆပါသည်။ထို့ကြောင့် သူတစ်ပါး၏ အားနည်းချက်တစ်ခုကို မြင်ပါက "ကဲရဲ့သည့်အနေဖြင့် ပြောမည်လား" ""ဝေဖန်သည့်အနေဖြင့် ပြောမည်လား"ဆိုတာကို ကွဲကွဲပြားပြားသိနိုင်ကြပါစေ။

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :hnineikhaing@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

ကွဲကွဲပြားပြားသိပါစေ | Ecency