What Happen United

Words
176
Reading
1 min
Listen
Play
5M

ပွဲတွေ နားထားရတာ ကြာသွားလို့ ထင်ပါရဲ့။ သွေးအေးလွန်းသွားပြီး တကယ် ပွဲကန်ချိန်မှာတော့ ထင်သလောက် မဟုတ်တော့ပေ။ တပတ် တပွဲသာ ကန်ဪသည့်အသင်းက အိမ်ကွင်းမှာ လိုအပ်သည့် အနိုင်ရလဒ်ကို မယူနိုင်ဘူး ဆိုတာက သိပ်တော့ မဟုတ်သေးပေ။ နောက်ပိုင်း ပွဲစဉ်တွေမှာ နည်းပြ Michael Carrick ၏ နည်းစနစ်တွေက မေးခွန်း ထုတ်စရာ ရှိလာခဲ့၏။ ၄-၂-၃-၁ ကစားကွက်ကို အဓိက ထားသုံး၏။ အကယ်ဒမီက လူငယ်တွေကို ခေါ်ထားပေမဲ့ ထုတ်သုံးတာမျိုး မတွေ့ရပေ။ နောက်ပိုင်း United မှာ အကယ်ဒမီက လူငယ်တွေကို အသင်းကြီးမှာ နေရာ ပေးတာမျိုး နည်းလာခဲ့၏။ ဘာကြောင့်ရယ်တော့ မသိပေ။

တုန်းဆင်းဇုန်ကနေ ဝေးရာကို သွားရမယ့် Leeds နှင့် UCL ဝင်ခွင့် သေချာအောင် လုပ်ရမယ့် United တို့ ထိပ်တိုက်တွေ့သည့် ပွဲမှာ United က ၁-၂ ဖြင့် ရှုံးသွားခဲ့၏။ ပထမပိုင်း ၅ မိနစ်၊ ၂၉ မိနစ်တွေမှာတင် ဧည့်သည် Leeds အသင်းက ဦးဆောင်ဂိုးတွေ သွင်းယူခဲ့၏။ ၅၆ မိနစ်မှာတော့ United နောက်တမ်း ကစားသမား Martinez တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ် ခံရပြီး နောက်မှာတော့ ပွဲက ပြီးသလောက် ရှိသွားခဲ့ပြီ ဖြစ်၏။

တယောက်လျော့ အသင်းတွေကိုတောင် နိုင်အောင် မကစားနိုင်တာ ကိုယ့်အသင်းက တယောက် ထုတ်ခံရမှတော့ ပိုဆိုးပြီပေါ့။ တယောက်လျော့နဲ့ အနိုင်ကစားပြခဲ့တဲ့ United က အတိတ်မှာ ကျန်ခဲ့လေပြီ။ Carrick လည်း အစပိုင်းက ဟုတ်မလိုလိုနဲ့ နောက်ပိုင်း ယိုင်တိုင်တိုင် ဖြစ်လို့လာခဲ့၏။ မသိရင် Leeds တန်းဆင်းဇုန်နဲ့ လွတ်အောင် အမှတ် တမင်ပေးလိုက်သလားပေါ့။

အနီးကပ် ဖိအား ပေးနေသည့် Aston Villa ရှုံးရင် သို့မဟုတ် သရေကျရင် United ကလည်း ရှုံးလိုက်၊ သရေကျလိုက်ရမှ နေပျော်နေသလိုပင်။ ခုလည်း ၅၅ မှတ်ချင်း အမှတ်တူသွားခဲ့ပြီ။ အဆင့် ၅ က Liverpool က ၅၂ မှတ်ဖြင့် ဖိအားပေးလို့ လာခဲ့ပြီ။ ဒီအတိုင်း ဆက်သွားနေရင်တော့ UCL ဝင်ခွင့်ကိုပါ ဆုံးရှုံးသွားရနိုင်၏။ လက်ကျန် ၆ ပွဲကို သေချာလေး အာရုံစိုက်ဖို့ လိုမည် ဖြစ်၏။

ကြာတော့ ဘာမှားနေလဲ United ဟုပင် မေးခွန်း မထုတ်ချင်တော့ပေ။ အဖြေ မရှိသည့် အမေးတွေပဲ တွေ့နေရသည် မဟုတ်လား။ ဒီအသင်းက မြေလှန်ပစ်လိုက်တာပဲ ကောင်းပေလိမ့်မည်။

(photos from Premier League Page)