(photo from Manchester United Facebook page)
မြန်မာစံတော်ချိန် မနက် 1 နာရီခွဲမှာ ကစားသွားခဲ့သည့် Man United vs Fulham တို့ ပွဲစဉ်မှာတော့ United က 1-0 ဖြင့် အနိုင်ရသွားခဲ့၏။ အဖွင့်လေးတော့ လှသွားခဲ့ပြီ။ အနိုင်ဂိုးတောင် 87 မိနစ် ရောက်မှ Zirkzee က သွင်းယူသွား ပေးခဲ့ခြင်း ဖြစ်၏။ United က Fulham ထက် ကစားကွက် အသာ၊ ခြေစွမ်းပိုင်း အသာနဲ့ ယှဉ်ပြိုင် ကစားနိုင်ခဲ့၏။ ကစားပုံ ကစားကွက် မနှစ်ကထက် သိသိသာာသာ တိုးတက် ကောင်းမွန်လာခဲ့၏။ ထိုအချက်က တကယ့်ကို ကောင်းမွန်သည့် အချက်ပင်။ ကျနော်တို့ ပရိတ်သတ်တွေ အဖို့ ဝမ်းသာစရာပင်။
မနက်က ပွဲမှာ ကစားပုံ ကစားကွက် ကောင်းပေမယ့် အဆုံးသတ် မသေချာတာနဲ့ ရသင့်သည့်ဂိုးတွေ မရခဲ့ပေ။ Fernandes ၏ အပိုင် အခွင့်အရေးတွေ၊ Casemiro ၏ အဝေးကန်ချက်တွေသာ တိကျမှု ရှိခဲ့ရင် ယခုထက် ပိုပြီး ဂိုး ရနိုင်၏။ Fulham အသင်း၏ ထိုးဖောက် တိုက်စစ်ဆင်မှုတွေကို ဂိုးသမားနဲ့ နောက်တန်း ကစားသမားတွေ ဟန့်တား ကာကွယ်နိုင်သည့် အတွက်လည်း ခုလို နိုင်ပွဲ ရယူနိုင်ခဲ့ခြင်း ဖြစ်၏။
ခုထိတော့ အသင်း အနေနဲ့ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် တပွဲပြီး တပွဲ ပြင်ဆင်ရင်း အကောင်းဆုံး ဖြစ်လာမယ်လို့ ယုံကြည် မျှော်လင့် မိပါ၏။ အပြင် အသင်းက မဆိုးပေမယ့် ကျနော့် FPL အသင်းက ရမှတ်နည်း၏။ United ကစားသမား ၃ ယောက်ရှိရာ ၂ ယောက်ကနေပဲ အမှတ်ရ၏။ Hojlund က injury မိနေ၏။ Fernandes နဲ့ Mainoo တို့ ဆီကနေတော့ အမှတ်ရပါ၏။ တကယ်ဆို Fernandes ၏ အပိုင်အခွင့်အရေးတွေသာ ဂိုး ဖြစ်သွားခဲ့မယ်ဆိုရင် အမှတ်တွေ အများကြီး ရနိုင်၏။ ကျနော့်အသင်းမှာ သူ့ကို Captain ပေးထားခြင်း ဖြစ်၏။
Captain ဆို ရမှတ်ကို ၂ နဲ့ မြှောက်ပေး၏။ ဂိုးသာ ရခဲ့မယ်ဆိုရင် ရှယ်ပေါ့။ ခုတော့ ပါဝင်ကစား ၃ မှတ်၊ ၂ နဲ့ မြှောက်တော့ ၆ မှတ်၊ Mainoo က ၃ မှတ် ပေါင်း ၉ မှတ်တော့ ရထား၏။ ဒီနေ့ ညမှာ အခြား အသင်းတွေ၏ ပွဲစဉ်တွေလည်း ရှိနေပါသေး၏။ မြန်မာစံတော်ချိန် ည ၆ နာရီ၊ ည ၈ နာရီခွဲနှင့် ည ၁၁ နာရီတို့မှာ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေ၏။
ညနေ ၆ နာရီ Ipswich vs Liverpool ပွဲမှာတော့ Liverpool ကစားသမား ၃ ယောက် ရှိနေသည့် ကျနော့် အသင်းအနေနဲ့ အမှတ်ထပ်ပြီး ရတန်ကောင်းပါရဲ့။ Man United ကစားသမား ၃ ယောက်၊ Liverpool ကစားသမား ၃ ယောက် စီ ကျနော့်အသင်းမှာ အများဆုံး ပါဝင်နေ၏။ (ဂိမ်းက တသင်းထဲက ကစားသမားကို အများဆုံး ၃ ယောက်သာ ခေါ်ခွင့်ပြုထား၏။
နက်ဖြန်မှာတော့ Chelsea vs Man City တို့၏ ပွဲကြီးပွဲကောင်း ပွဲစဉ်လည်း ရှိနေပါသေး၏။ EPL ပွဲစဉ်တွေက စဖွင့် ကတည်းက ကြမ်းနေခဲ့ပြီ ဖြစ်၏။