ချူချာခြင်းနဲ့ ကျနော် ခုတလော တရင်းတနှီး ရှိလွန်းနေ၏။ ဒီလထဲမှာ ကျန်းမာရေး အတော်လေး အားနည်းနေသည်ဟု ပြောရပေလိမ့်မည်။ တခုပြီး တခု ဖြစ်နေခဲ့၏။ ဒီလ အစောပိုင်းတုန်းက ဖျား၏။ လလယ်ရောက်တော့ ခါးနာ၏။ ခါးနာ သက်သာတော့ ဇက်ကြောလွဲ၏။ ဇက်ကြောနာ သက်သာတော့ ဖျားချင်ချင် ဖြစ်ပြန်၏။ ကောင်းရော။
ခါးနာတုန်းက အတော်လေးကို ခံရ၏။ ဘာမှ မဟုတ်သည့် ကိစ္စလေးကနေ အစပြုပြီး ခါးနာ၏။ ယခင် ဒဏ်တွေ ပေါင်းပြီး ရက်အတော်ကြာ ဒုက္ခပေးသွား၏။ Futsal Training တွေလည်း ပျက်ကွက်ခဲ့ရ၏။ တိုင်းရင်းဆေးခန်းက ထုတ်လုပ်ထားသည့် ကံ့ကော် လိမ်းဆေး လိမ်း၏။ ခါးနာ သက်သာပြီး ၂ ရက်လောက်နေတော့ ဘယ်ဖက် ဇက်ကြော နာလေ၏။
ည အိပ်တုန်းက အကောင်း မနက်ထလာမှ ဖြစ်နေတာ။ ဘာက ဘယ်လို လွဲသွားသည် မသိပေ။ နာနေတာပဲ သိ၏။ ဇက်ကြီး ခိုင်နေ၏။ လှဲ့မရ၊ ပြုမရနဲ့၊ အတော်ဆိုး၏။ ကံ့ကော်ပဲ လိမ်းရပြန်၏။ ပြောလို့ ပြောတာ မဟုတ် အနှီ ကံ့ကော် လိမ်းဆေးက အတော်လေး သက်သာ၏။ စာဖတ်သူတို့ အနေနဲ့ ကံ့ကော်ဆေး ကြေငြာနေတာလားဟု မေးကောင်း မေးကြပေလိမ့်မည်။
ခါးနာတုန်းက ခါးကပ် ပလာစတာ ကပ်၏။ အကိုက်အခဲ ပျောက်ဆေးတွေ သောက်၏။ ဆေးရှိန် ပြယ်တော့ ပြန်နာလေ၏။ ညာဖက်ပဲ နာနေရာကနေ ဘယ်ဖက်ပါ နာလာလေ၏။ ကံ့ကော် လိမ်းမှ သက်သာလေတော့၏။ ဇာက်ကြောနာတုန်းကလည်း အခြား လိမ်းဆေးတွေ လိမ်း၏။ မထူးခြားပေ။ ကံ့ကော် လိမ်းမှသာ သက်သာလေ၏။ ထို့ကြောင့် ကံ့ကော် ကံ့ကော်ဟု ပြောနေရခြင်း ဖြစ်၏။
မနေ့က ဖျားချင်ချင် ဖြစ်နေ၏။ ထို့ကြောင့် မနက် ဆွမ်းလောင်းပြီး ကတည်းက မုန့်စားပြီး ဆေးသောက်ထား၏။ လူက တနေကုန် နေလို့ အဆင်မပြေပေ။ ညနေ Training နားရမလားပေါ့။ မနားဖြစ်၊ သွားလိုက်၏။ Training ပြီး ဆေးသောက်၏။ အိမ်ပြန်ရောက် အစားစားပြီး ခါးနဲ့ ဇက်ကို ဆေးလိမ်းရပြန်၏။ ညက စောစော အိပ်ပျော်သွား၏။ မနက်ထတော့ ခေါင်းနည်းနည်း ကိုက်ချင်နေ၏။ မုန့်စားပြီး ဆေးသောက်ရပြန်၏။ အနှီ ချူချာခြင်းနဲ့ မရင်းနှီးချင်တော့ပါ။