We Got 3 Points

Words
193
Reading
1 min
Listen
Play
2M

မြန်မာအသင်း အနေဖြင့် ASEAN Championship Hyundai Cup ပြိုင်ပွဲရဲ့ ဒုတိယပွဲစဉ် အဖြစ် ဖိလစ်ပိုင်အသင်းနဲ့ မနေ့က မြန်မာစံတော်ချိန် ညနေ 4 နာရီခွဲမှာ ကစားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ New Clark မြို့က ဘောလုံးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ မိုးရွာနေတာကြောင့် ကွင်းထဲမှာ ရေတွေ အတော်များနေခဲ့ပါတယ်။ ကွင်းရဲ့ နေရာတော်တော်များများမှာ ရေဝပ်နေခဲ့ပါတယ်။ အနိမ့်၊ အလှိမ့်ဘောထက် အမြင့်ဘော ကစားမှသာ အဆင်ပြေမယ့် အနေအထား ဖြစ်ပါတယ်။

နှစ်သင်းလုံး အနေဖြင့် အမြင့်ဘောတွေပဲ အဓိကထား ကစားသွားခဲ့ပါတယ်။ အိမ်ရှင် ဖိလစ်ပိုင်အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပါတယ်။ ဒါပေမဲ့ ဦးဆောင်ဂိုးကို မြန်မာအသင်းက စတင် သွင်းယူခဲ့တာပါ။ ပွဲစပြီး 7 မိနစ်မှာတင် ကျော်မင်းဦးက သွင်းယူပေးခဲ့တာပါ။ 28 မိနစ်မှာ သန်းပိုင်က ဒုတိယဂိုး သွင်းယူပြီး ပထမပိုင်းမှာ ၀-၂ ဖြင့် ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း 68 မိနစ်မှာ ဖိလစ်ပိုင်အသင်းက ချေပဂိုး ၁ ဂိုး သွင်းယူခဲ့ပါတယ်။ ချေပဂိုး ရပြီးနောက် ဖိလစ်ပိုင်အသင်း အနေဖြင့် ကစားအား မြှင့်တင်ခဲ့ပြီး နောက်ထပ် ဂိုးတွေ ထပ်မံ ရယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ 81 မိနစ်မှာ ဝင်းနိုင်ထွန်း၊ 83 မိနစ်မှာ သန်းပိုင်က နောက်ထပ် ဂိုးတွေ ထပ်မံ သွင်းယူခဲ့ပါတယ်။ ပွဲအပြီးမှာ မြန်မာအသင်း အနေဖြင့် ဖိလစ်ပိုင်အသင်းကို ၁-၄ ဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။

Group B ရဲ့ နောက်ထပ် ပွဲစဉ် တပွဲ ဖြစ်တဲ့ မလေးရှားနဲ့ လာအို အသင်း ပွဲစဉ်ကို ည ၇ နာရီခွဲမှာ ကစားသွားခဲ့ပါတယ်။ မလေးရှားက လာအိုအသင်းကို ၄-၀ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ မလေးရှား အသင်း အနေဖြင့် လက်ရှိမှာ ၂ ပွဲကစားပြီး ၂ ပွဲလုံး အနိုင်ရထားပါတယ်။ မြန်မာ အသင်း အနေဖြင့် ၂ ပွဲမှာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ် ထွက်ပေါ်ထားပါတယ်။ ထိုင်းအသင်း အနေနဲ့က ၁ ပွဲ ကစားပြီး ၁ ပွဲ အနိုင်ရထားပါတယ်။

August 1 ရက်နေ့မှာ ကစားမယ့် ထိုင်းနဲ့ မလေးရှား ပွဲစဉ် ရလဒ်ဟာ မြန်မာ အသင်း အတွက် အရေးပါနေခဲ့ပါတယ်။ အုပ်စု အဖွင့်ပွဲမှာ မလေးရှားကို မရှုံးခဲ့ရင် ခုလို သူများ ရလဒ်ကို လိုက်ကြည့်နေရမှာ မဟုတ်ပါဘူး။ အဆိုပါ ပွဲစဉ် ရလဒ်ကို ကြည့်ရမယ့် အပြင် လက်ကျန် ၂ ပွဲကိုလည်း အနိုင်ကစားထားနိုင်ဖို့ လိုပါလိမ့်မယ်။ လက်ကျန် ၂ ပွဲက လာအို၊ ထိုင်းတို့နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

(photos from MFF page)