မည်သို့ အားပေးစေကာမူ ကျနော့်မှာတော့ တွေးတွေးပြီး ပူနေရပြီ ဖြစ်၏။ ရှေ့ဆက်ရမည့် ခရီးလမ်းက တကယ့် မလွယ်ကြောကြီးကိုး။ PM လည်းနား၊ ကျနော့် သူငယ်ချင်းလည်း နား သူတို့ (၂) ယောက်လုံးသာ မရှိတော့ရင် ကျနော်တော့ ပိုပြီး ရွာလည်တော့မည် ထင်၏။ အနီးကပ် သင်ပေးမည့်သူတွေမှ မရှိတော့ဘဲ။ သူတို့က နားရခါနီးလို့ ပျော်၊ ကျနော်က ရှေ့လျှောက် ပိုပင်ပန်းတော့မည်ကိုသိလို့ ညစ်။ ဟုတ်တော့ ဟုတ်နေ၏။ ထိုသို့ နေနေရင်းနှင့် တရက်သား သူဌေး ဆူတာခံရ၏။ ဝန်ထမ်းတွေ ရှေ့မှာ ဖြစ်၏။
အမှန်တော့ သူဌေးက PM ကို ဆူလိုခြင်း ဖြစ်၏။ ဒါကို မဆီမဆိုင် ကျနော်က ကြားထဲက ပါသွားခြင်း ဖြစ်၏။ ကျနော့် ဖက်က ကြည့်ပြန်တော့ တော်တော်ခံရခက်၏။ သူခိုင်းတာက ကျနော်က လုပ်နေခြင်း ဖြစ်၏။ ဒါကို သူက ဗလောင်းဗလဲနှင့် ခင်ဗျားက ဘာလုပ်နေတာလဲ ဆိုပြီး ဆူ၏။ စကားများမနေကြနှင့် ကိုယ့်အလုပ် ကိုယ်လုပ်ဟု အစချီကာ ပြောဆိုလေတော့၏။ သူ့သူ PM ကို ဆူပြောချင်တာ တိုက်ရိုက် မဆူဘဲ ကျနော့်ကိုပါ ဆွဲထည့်လေ၏။ ကျနော် တော်တော်လေး စိတ်ဆိုးသွား၏။ ကိုယ်မှားလို့ ပြောလျှင် ခံနိုင်၏။ ခုက ကိုယ်က လုံး၀ မမှားဘဲ တဖက်သတ် အပြောခံရခြင်းမျိုးကိုတော့ လက်မခံလိုပေ။
သူဌေး ဖြစ်နေလို့ လက်ရှိအချိန်မှာ သူလည်း ဒေါသ ထွက်နေလို့သာ ဘာမှ မပြောဘဲ နေနေလိုက်ရ၏။ ကျနော့် စိတ်ထဲ ဘဝင်မကျ ဖြစ်နေသည်ကို သူဌေးလည်း သိသည်ထင်၏။ ညဖက်ရောက်တော့ ကျနော့် သူငယ်ချင်းက phone ဆက်လာ၏။ သူဌေးက နေ့လည်က ကိစ္စမှာ သူ့ ညီဝမ်းကွဲကိုသာ ရည်ရွယ်ပြီး ပြောလိုခြင်း ဖြစ်ကြောင်း၊ သို့ပေမယ့် ကြားထဲက မဆီမဆိုင် ကျနော့်ကို ရောပြီး ဆူမိသည့် အတွက် တောင်းပန်ပါကြောင်း တဆင့် ပြောလေ၏။ စိတ်ထဲမှာ မပြေသေးပေမယ့် တောင်းပန်မှုကိုတော့ လက်ခံ နားလည်ပေးလိုက်၏။
ရှေ့ဆက်ရမည့် နေ့ရက်တွေ အတွက်တော့ ရင်မောနေရပြီ ဖြစ်၏။ ရှေ့ဆက်ပြီး ဘာတွေ ဘယ်လို ကြုံတွေ့ရဦးမည် မသိပေ။ ဒီအလုပ်နှင့် ပတ်သက်ပြီး ရှေ့ရေးနှင့် ပတ်သက်ပြီး ကျနော် စဉ်းစားဖို့တော့ လိုပြီ ဖြစ်၏။ ဒီအလုပ်ကို ဆက်လုပ်၊ မလုပ်ကိုပေါ့။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျနော် အဆင်သင့် ဖြစ်ပြီလားပေါ့။ လက်ရှိ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုက မိမိ ရင်းနှီးသည့် နယ်ပယ် မဟုတ်သည်ကလည်း ဆိုးလှ၏။ နယ်ပယ် အစိမ်းမှာ သင်ကြားပေးမည့်သူတွေ ကလည်း မကြာမီ နားကြတော့မည် ဖြစ်၏။ ဘာလုပ် မည်နည်း။ အကောင်းဆုံး နည်းလမ်းက ကျနော် ဒီအလုပ်ကနေ နားလိုက်ဖို့သာ ဖြစ်၏။
နားတာတောင်မှ PM နှင့် ကျနော့် သူငယ်ချင်း မနားမီမှာပင် နားလိုက်ဖို့လို၏။ သို့မှသာ ပိုပြီး အဆင်ပြေလိမ့်မည်။ တော်နေကြာ PM က လွဲစရာ ရှိတာတွေ လွှဲပေးပြီးခါမှ ကျနော့်မှာ နားမရ ပြုမရ ဖြစ်နေလျှင် ပိုပြီး ဆိုးသွားနိုင်၏။ သို့နှင့် ကျနော့် သူငယ်ချင်းကို အားနာစွာ၊ မျက်နှာ ပူစွာနှင့် ပြောရလေတော့၏။ သူငယ်ချင်းက နားလည်ပါ၏။ ကျနော်ကလည်း အကျိုးသင့် အကြောင်းသင့် သေချာ ပြောပြတော့ သူ လက်ခံ၏။ အလုပ်ထွက်ဖို့ကိုတော့ သူဌေးကို ကျနော် ကိုယ်တိုင်ပဲ ပြောလိုက်၏။ လူကိုယ်တိုင် တွေ့ပြီး ပြောခြင်းတော့ မဟုတ်ပေ။ phone ထဲနေသာ လှမ်းပြီး ခွင့်တောင်းလိုက်ခြင်း ဖြစ်၏။
ဆက်ပါဦးမည်
MSC 31