မမှန်တဲ့ အမှန်

Words
190
Reading
1 min
Listen
Play
2y

မီး မမှန်ခြင်းက မှန်မှန်လေး ဆက်ဖြစ်နေဦး။ အချိန်မှန် မလာပေမယ့် အချိန်မှန်တော့ ပျက်၏။ ပြောနေ ရေးနေလို့လည်း မထူးတော့ပေ။ သို့ပေမယ့် အဆင်မပြေတာလေးတွေကိုတော့ ပြောချင်မိ၏။ ကိုယ်လည်း ပိုစ့် တပုဒ်ရသည်ပေါ့။ မီး မမှန်တာက တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်၏။ အမေ့ အတွက်ကော၊ ကျနော့် အတွက်ကော အဆင်မပြေပေ။ အမေက ချက်ရေး ပြုတ်ရေး အတွက်၊ ကျနော်က Internet သုံးဖို့ အတွက် ဖြစ်၏။

မီးမမှန်တော့ အမေ့မှာ Gas ကို အားကိုးပြီး ချက်ပြုတ်နေရ၏။ Gas ဈေးက အရင်ထက် စာရင် များလာသည် ဆိုပေမယ့် ထပ်ပြီး မတက်လာနေသေးတာကိုပဲ တော်သေးသည်ဟု ပြောရမည်။ လိုရမယ်ရ ဆိုပြီး မီးသွေးတော့ ဝယ်ဆောင်ထားရ၏။ ညရေး ညတာ မီးလင်းရေး အတွက်ကတော့ အားသွင်းမီးသီးတွေကိုသာ အားပြုနေရ၏။ မီးလာချိန်နည်းတော့ အားကောင်းကောင်း မသွင်းရသဖြင့် သူတို့ရဲ့ အလင်းပေးနိုင်ချိန်ကလည်း အကန့်အသတ် ရှိလာခဲ့၏။ ဖယောင်းတိုင်ပါ ဆောင်ထားနေရပြီ။ ခေတ်က အတော်လေးကို နောက်ပြန်ဆုတ်သွားခဲ့လေပြီ။

မီးတွေ အရမ်း မပျက်ခင်တုန်းက wifi စက်အတွက် ups power bank လေး ဝယ်ထား၏။ အားသာအပြည့်ဝင် (သွင်း) ထားရင် ၈ နာရီထိ အသုံးခံ၏။ ခုက မီးလာချိန် ပိုပို နည်းသွားတော့ ups လည်း အား ကောင်းကောင်း မသွင်းရဝောာ့ အသုံးမခံတော့ပေ။ ရိုးရိုး power bank နဲ့ ပြန်ပြန်ချိတ်သုံးနေရ၏။ ကျနော်က အောက်ထပ် အခန်းမှာ အိပ်၏။ Wifi စက်က အပေါ်ထပ်မှာ။ မီးပျက်တဲ့ ညမျိုးတွေ ups ကလည်း အားမရှိသည့် အခါမျိုးဆို သွားရော။ ဘာ internet မှ သုံးမရတော့ပေ။

ဒါတောင် ကိုယ်က online base, digital job လုပ်ငန်းကြီးတွေ လုပ်နေတဲ့သူ မဟုတ်လို့သာပေါ့။ ဒီအတိုင်း Telegram, ecency နှင့် အခြား social media လောက်လေးတွေသာ သုံးသူမို့။ Solar ဆင်ဖို့ကြပြန်တော့လည်း ခုဈေးနှုန်းနဲ့ လိုက်မမှီတော့ပေ။ ပစ္စည်းဈေးတွေ တအား မတက်ခင်တုန်းက လုပ်ထား လိုက်ရင်တော့ အဆင်ပြေပေလိမ့်မည်။ အိမ်ရှိ လျှပ်စစ်ပစ္စည်း အကုန်လုံး အတွက် မဟုတ်ရင်တောင် Wifi နဲ့ ညဖက် မီးထွန်းဖို့ အတွက် Solar လေး ဆင်ရင်ကောင်းမလားလို့ တွေးထား၏။

Hive ဈေး တက်လာရင်တော့ တပ်ဆင် ဖြစ်မလားပဲ။ Hive မတက်ရင်တောင် တခြား ကိုယ်ကိုင်ထားသည့် tokens လေးတွေ ‌ဈေးတက်ရင် ဖြစ်ဖြစ်ပေါ့။ ဒီနိုင်ငံကနေ မထွက်နိုင် ထွက်သွား မရသေးတော့ ခါးစီးလို့ ခံရဦးမပေါ့လေ။ လွတ်မြောက်နိုင်ဖို့ နိုင်ရာ ကြိုးစားကူရင်း နေ့ရက်ဆိုးတွေကို အားတင်းလို့ ဖြတ်ကျော်ရုံသာ။

မမှန်တဲ့ အမှန် | Ecency