ML Rank

Words
238
Reading
2 min
Listen
Play
7y

t5n9axz4v5.jpg

ယခုတလော ဂိမ်း တော်တော်လေး ဆော့ ဖြစ်၏။ အားတိုင်း ဂိမ်းဆော့ ဖြစ်နေသည်ဟုပင် ပြောလို့ ရ၏။ ပိုစ့်တင်ဖို့ စာရေးပြီးသည်နှင့် ဂိမ်းဆော့တော့၏။ ညဖက် ဘောလုံး သွားမကန်ဖြစ်သည့် ရက်များ ဆိုလျှင် ညစာစားပြီးချိန်ကတည်းက စဆော့လိုက်တာ ည (၁၂) နာရီကျော်သည်အထိပင်။ တခါတလေ မနက် (၂) နာရီပင် ထိုးသွားလေ့ ရှိ၏။ ထို့ကြောင့်ပင် ဂိမ်းဆော့သည့် (၂) လအတွင်းမှာပင် Grand Master သို့ ရောက်သွား၏။ Grand Master V IV III II I မှာပင် ပတ်လည် ရိုက်နေပြီး အတော်လေး ကြာသွားသေး၏။

တလောကတော့ Epic ကို ရောက်သွားသေး၏။ သို့ပေမယ့် ခဏပါ။ တရက်ပဲ Epic V မှာ နေလိုက်ရပြီး Grand Master I သို့ ပြန်ဆင်းသွားရ၏။ ခုတော့ Grand Master I နှင့် II ကို ဆင်းလိုက် တက်လိုက်နှင့် လူးလာခေါက်ပြန်နေ၏။ ကျနော့် အရင် ဆော့ကစားပြီး Level အမြင့်မှာ ရောက်နေသည့် သူငယ်ချင်းကတော့ အားပေးရှာပါ၏။ မပူနဲ့ ခုလို တက်လိုက် ဆင်းလိုက်က တော်တော်ကြာကြာ ဖြစ်နေဦးမှာ တဲ့။ အင်းပေါ့လေ စမိပြီ ဆိုမှတော့ ပြီးဆုံးအောင် လုပ်ရပေလိမ့်မည်။

တွဲဆော့ရသည့် သူတွေက မကောင်းသည့် အခါမျိုးမှာ Rank က ကျသွား၏။ ထိုသို့ မဟုတ်ဘဲ တွဲဆော့ရသည့် သူတွေက ကောင်းနေလျှင်တော့ Rank တက်တာ မြန်၏။ ခက်တာက ဂိမ်းသဘော သဘာဝကြောင့်ပင် Rank က တက်လာလိုက်၊ ကျသွားလိုက်နှင့် ဖြစ်နေတော့၏။ တချို့တွေက ဂိမ်းကောင်းကောင်း မဆော့ကြပေ။ ခေတ်စကားအရ ဆေးသည်ဟု ပြောလို့ ရမည် ထင်၏။ ကောင်းကောင်း မဆော့ဘဲ မိမိ အသင်းကို အခက်တွေ့အောင် လုပ်ကြ၏။ မည်သို့သော အတွေးတွေနှင့် ထိုသို့ လုပ်နေကြသည် မသိပေ။

ကိုယ့်ကို ကောင်းကောင်း မဆော့ချင်တာနှင့် အခြား မိမိ အသင်းဖော်များကို အဘယ်ကြောင့် ဒုက္ခ ပေးနေရသနည်း။ ကိုယ်တိုင်လည်း ကောင်းကောင်း မဆော့သည့် အပြင် အခြား အသင်းဖော်များကိုလည်း ကသိကအောင့် ဖြစ်အောင် လုပ်ကြ၏။ ထိုသူများ အဘယ်ကဲ့သို့ ယခုလို level များအထိ ရောက်လာသည်ကို စဉ်းစားလို့ မရပေ။ ယခင်က ကောင်းကောင်း ဆော့လာခဲ့ပြီး ယခုမှ ထဖောက်တာလား သို့မဟုတ် သူများ အကောင့်ကို ယူပြီး ၀င်ဆော့တာလား စဉ်းစားမရလောက်အောင်ပင်။ သေချာတာ တခုကတော့ တော်တော် ဒုက္ခပေးသည့် သူများပင် ဖြစ်၏။

အချို့က တမျိုး။ ဆော့နေရင်းနှင့်မှ ထဖောက်တက်ကြပြန်၏။ အစက ဆော့နေတုန်းက အကောင်း၊ ခဏနေကြ ဘာကြောင့်ရယ် မသိ (ကိစ္စ တခုခုကြောင့် ဥပမာ မိမိ အသင်းဖော် တဦးဦးက တလွဲလုပ် ကောင်းကောင်း မဆော့နေတာမျိုး) ရန်သူ ဖက်သို့ ဒီအတိုင်း စတေးခံဖို့ ၀င်ဝင်သွားလေ့ ရှိ၏။ ထိုသို့ လုပ်ခြင်းက သူ့ စိတ်ခံစားချက် အရဆိုပေမယ့် အသင်းအတွက်လည်း မကောင်း၊ ထို့ပြင် ထိုသို့ လုပ်သူ မိမိမှာလည်း အပြစ်ပေးခံရ၏။ တချို့ ကစားသူတွေက ထိုသို့ပင် ဖြစ်၏။ လူ့သဘော လူ့သဘာဝကို ဂိမ်းကစားရင်းနှင့်လည်း တွေ့နိုင်၊ မြင်နိုင်သည်ပေါ့။ ထိုသို့သော လူများနှင့် ဆုံနေသရွေ့တော့ ကျနော် Rank တက်ဖို့ ကြာနေဦးမည် ဖြစ်၏။

Don Jaun

MSC 31

ML Rank | Ecency