Covid ပိုးတွေ့ အရေအတွက်က တဖြည်းဖြည်း များလို့ လာခဲ့ပြီ ဖြစ်၏။ ခုချိန်ထိတော့ ထိန်းချုပ်နိုင်ခြင်းငှာ မစွမ်းနိုင်သေးပေ။ တချိန်ချိန်မှာ ထိန်းချုပ်နိုင်ပေလိမ့်မည် ဆိုပေမယ့် ခပ်မြန်မြန် ထိန်းချုပ်နိုင်ဖို့တော့ လို၏။ ဒီထက်ပိုပြီး လူနာအရေအတွက် မတိုးပွားလာအောင် ထိန်းနိုင်ဖို့ လို၏။ ရောဂါကို အရှင်းပျောက်အောင် မလုပ်နိုင်သေးသဖြင့် ရောဂါ ထပ်မံ မပြန့်ပွားအောင်သာ လုပ်ဆောင်နိုင်မည် ဖြစ်၏။ ထိုနည်းလမ်းကသာ တခုထဲသော နည်းလမ်း ဖြစ်၏။ ကိုယ့်ကို ကူးစက်မှု မရှိအောင် နေ့စဉ် လှုပ်ရှားသွားလာမှုများကို သတိထားရမည် ဖြစ်၏။
ပထမလှိုင်းတုန်းက ပြည်တော်ပြန်တွေကို အဆင့်ဆင့် ကန့်သတ် ထိန်းချုပ်မှုတွေ လုပ်နိုင်ခဲ့သဖြင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့သည်ဟု ပြောလို့ ရ၏။ ပထမလှိုင်း ငြိမ်သွားပြီး အတော်ကြီး ကြာမှ ဒုတိယလှိုင်းက ပြန်လည် စတင်လာခဲ့၏။ ယခု ဒုတိယလှိုင်း ကူးစက်မှုက အတော်လေး မြန်၏။ အရေအတွက်လည်းများ၏။ ပြည်တွင်း ကူးစက်မှု ဖြစ်နေခြင်းကလည်း ထိန်းချုပ်ရ ခက်သွားစေခြင်း ဖြစ်၏။ အများစုကလည်း ထုတ်ပြန်ထားသည့် စည်းကမ်းများကို လိုက်နာမှု မရှိ၊ လိုက်နာရန် အားနည်းခဲ့ခြင်းကြောင့်လည်း ပါပေလိမ့်မည်။
ဒုတိယလှိုင်း ကြီးထွားလာမှု နှင့်အတူ ကျနော်တို့၏ လုပ်ငန်းတာဝန်များလည်း ထိခိုက်နစ်နာမှုတွေ ရှိလာခဲ့၏။ အခြားသူများတော့ မသိပေမယ့် ကျနော့်လို စာသင်ပေးသည့် သင်တန်း ဆရာ တယောက်အနေနှင့် ကျောင်းများ ပြန်ပိတ်လိုက်တော့ အတန်းတွေ နားရသဖြင့် ဝင်ငွေ အတော်လေး ထိသွား၏။ နဂို မများသေးသည့် ဝင်ငွေလေး ခုတော့ ပြန်နည်း သွားရပြန်ပြီပေါ့။ အနှီ covid က ရိုက်ချက် ပြင်းလွန်းလှ၏။ ပထမ ရိုက်ချက်နှင့် မူးဝေနေသော၊ ပြန်လည် တည့်မတ်ရန် ကြိုးစားနေသော သူကို ထပ်မံပြီး ထိုးနှက်လိုက်သကဲ့သို့ ဖြစ်နေတော့၏။ အတော်လေး ဆိုးလှ၏။
ဒီကာလမှာတော့ ယခင်ထက်စာလျှင် ငြီးငြူသူ ပိုပြီးတော့ များမည် ထင်၏။ အဆင်မပြေသူကလည်း ပိုများသည် မဟုတ်လား။ ဘဝမှာ အခက်အခဲဆိုတာ ကြုံရမှာပဲ ဆိုပေမယ့် ခုလို လူများကြီး အုံလိုက်ကျင်းလိုက်ကြီး ခက်ခဲကြသည်မျိုးကတော့ ပထမဆုံး ကြုံဖူးခြင်းပင်။ ကပ်ရောဂါဆိုသည်မျိုးကလည်း ရှေးယခင်ကတည်းက ကြုံဆုံနေခဲ့ရဖူးပြီး ဖြစ်ပေမယ့် ခုလိုမျိုးကြီး ကမ္ဘာနှင့် ချီလောက်ရသည်အထိတော့ မကြုံဆုံဖူးပေ။ တကယ်ကို ဆိုးရွားလှ၏။
ငြီးငြူ ရေရွတ်နေလို့လည်း မထူးသေးပြန်ပေ။ လုပ်စရာ ရှိတာ၊ လုပ်နိုင်တာကို ဆက်လုပ်နေဖို့ လို၏။ ပထမနည်း လမ်း အဆင်မပြေလျှင် ဒုတိယ နည်းလမ်းကို သုံးရမည် ဖြစ်၏။ သုံးနိုင်အောင် နည်းလမ်းကလည်း အဆင်သင့် ရှိနေဖို့ လို၏။ plan A နှင့် အဆင်မပြေလျှင် plan B ပေါ့။ အားလုံးပဲ plan B ရှိနိုင်၊ လုပ်နိုင်၊ အကောင်အထည် ဖော်နိုင်ကြပါစေ။