Wifi လိုင်း တိုးမည် စဉ်းစားထား၏။ လက်ရှိ ယူထားသည့် internet ကိုပဲ MB တိုးရမလား၊ ဒါမှ မဟုတ် အခြား တခုခု ပြောင်းတက်ရမလား။ စဉ်းစားရ အနည်းငယ် ကြပ်နေ၏။ လက်ရှိ ယူထားသည့် company က Welink, MB က 2 MB ဖြစ်၏။ 2MB က တကိုယ်ရေ၊ တယောက်ထဲ သုံးလို့ အဆင်ပြေ၏။ ပေါ့ပေါ့ ပါးပါး သုံးရင်ပေါ့။ သူတင် ကိုယ်တင် heavy သုံးဖို့ကြတော့ အဆင်မပြေပြန်ပေ။ ခုချိန်ထိလည်း ကြီးကြီးမားမားတွေ လုပ်စရာ မရှိသေး၊ မလိုသေးတော့ 2 MB လောက်နှင့်လည်း အဆင်ပြေနေသေး၏။ သို့ပေမယ့် နောက်ပိုင်း လုပ်မည့် ကိစ္စတွေမှာတော့ internet က အနည်းငယ် စကားပြောလာ၏။ အရေးပါလာပြီ ဖြစ်၏။
ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ internet က အတော်လေး အရေးပါလာ၏။ ထို့ပြင် ကိုယ်သုံးဆွဲမည့် အခြေအနေပေါ် မူတည်ပြီး MB အနည်းအများကလည်း စကားပြောလာ၏။ ဘာသုံးမှာလည်း ဘာလုပ်မှာလဲပေါ် မူတည်ပြီး MB အနည်းအများ ချိန်ဆပြီး ယူကြ၏။ အစောပိုင်း အခြေအနေမှာ MB နည်းသော်လည်း အဆင်ပြေ၏။ ခုလည်း အဆင်ပြေပါ၏။ မပြေလို့ မဟုတ်ပေ။ ပိုကောင်းဖို့နှင့် ဆက်လက်ပြီး လုပ်ဆောင်မည့် ကိစ္စရပ်တွေမှာ MB အနည်းအများက စကားပြောလာခဲ့ပြီ ဖြစ်၏။
လက်ရှိ 2MB က တလကို လစဉ်ကြေး (၁၅၀၀၀) ကျပ်ပေးရ၏။ 10 MB ဆိုလျှင်တော့ (၂၅၀၀၀) ပေးဆောင်ရမည် ဖြစ်၏။ တွက်ကြည့်လျှင်တော့ 10 MB က ပိုတန်၏။ ယခင်ကတော့ 10 MB ယူရလောက်အောင် လုပ်စရာက မများနေခဲ့ဘူးကိုး။ ခုချိန်မှာတော့ internet MB ကို တိုးယူဖို့ လိုအပ်လာခဲ့ပြီ ဖြစ်၏။ ဒီနေရာမှာ လက်ရှိ ယူနေသည့် company ကနေပဲ MB ကို တိုးယူမလား၊ အခြား တမျိုး တခုကို ပြောင်းလဲ စမ်းသပ် သုံးကြည့်မလားဆိုပြီး ရှိလာခဲ့၏။ အခြား internet တပ်ဆင်ထားသည့် သူငယ်ချင်းတွေထံ မေးမြန်းကြည့်မှု အရ Mytel ကို recommend ပေးကြ၏။
Mytel ကလည်း 10 MB ကို (၂၅၀၀၀) ဖြစ်၏။ သို့ပေမယ့် 15 MB ဆိုလျှင်တော့ (၂၉၀၀၀) ဖြစ်၏။ (၄၀၀၀) ကျပ် ပိုပေးရရုံနှင့် 5 MB အပိုရမည် ဖြစ်၏။ ထို့ပြင် လစဥ် 10 GB phone sim card လည်း ရမည်၊ ပေးမည် ဖြစ်၏။ တွက်ကြည့်လျှင် အဆိုပါ 15 MB က အတော်လေး တန်နေပြီ ဖြစ်၏။ အိမ်မှာ Internet သုံးလို့ ရသည့်အပြင် အိမ်မှာ မဟုတ်ဘဲ အပြင်ရောက်နေခဲ့လျှင်း အဆိုပါ 10 GB ထဲကနေ Internet ကို သာသာယာယာ သုံးလို့ ရပြီ ဖြစ်၏။ တော်တော်လေးတော့ အဆင်ပြေ၏။
အဆင်မပြေတာက ကျနော့် နေရာမှာ Mytel က မရပေ။ ထိုနေရာမှာ Mytel က Internet box မရှိသေးဟု ဆို၏။ ဒီအတိုင်းဆို Welink နဲ့ပဲ စခန်းဆက်ရဦးမည် ထင်၏။