Home Stay (Chapter 142)

Words
207
Reading
1 min
6y
Listen to this post
~1 min

IMG_4862-01.jpeg

မနေ့က အကြောင်းကို ဆက်ပါမည်။ စာသင်အလုပ်အပြင် ကျနော် တွဲလုပ်ဖို့ စဉ်းစားထားသည့် အလုပ်က trading ဖြစ်၏။ Forex နှင့် Binary မှာ ကနဦးက Forex ကို အရင် စမည် တွေးထားပေမယ့် နောက်ပိုင်းမှာတော့ binary ကို အရင် လုပ်တော့မည် တွေးထား၏။ covid သာ မဖြစ်ခဲ့လျှင် ကျနော် စီစဉ်ထားသည့်၊ တွေးတောထားသည့် အစီအစဉ်လေးက အတော်လေး ချောနေသား။ စသင်နှစ် စာသင် ရာသီ ပြန်စသည့် (၆) လပိုင်း၊ (၇) လပိုင်းမှာ ရသည့် လခများထဲမှ အချို့ကို ခွဲဝေချန်ထားပြီး trading သင်သည့် နေရာမှာ ပြန်လည် အသုံးချဖို့ကိုပေါ့။

ဖြစ်ချင်တော့ (၃) လပိုင်းမှာ အစပြုခဲ့သည့် ကိုရွှေဗစ်ကြောင့် သင်တန်းတွေ တော်တော်နှင့် ပြန်မစနိုင်ပေ။ ကျနော်လည်း ဝင်ငွေ မရှိပေ။ ထို့ကြောင့် အဆိုပါ trading ဘက်သို့ လုံး၀ မလှည့်နိုင်တော့ပေ။ (၇) လပိုင်းမှာ သင်တန်း အချို့ ပြန်ဖွင့်သဖြင့် ကျနော့် အိပ်မက်များ တဖန် ပြန်ပြီး ရှင်သန်လာခဲ့ပြန်၏။ သို့ပေမယ့် ပြီးခဲ့သော ရက်ပိုင်းက ကျောင်းတွေ ပြန်ပိတ်မည်ဆိုသည့် သတင်း နှင့်အတူ အိပ်မက်များ တဖန်ပြန် မှေးမှိန်သွားခဲ့ရပြန်၏။ သင်တန်း အားလုံး မဟုတ်ပေမယ့် အချို့ သင်တန်းတွေ ပိတ်သွားသဖြင့် ကျနော့်မှာ ဘာဆက်လုပ်လို့ လုပ်ရမှန်းကို မသိပေ။

IMG_20200823_172741.jpg

စာသင်သည့်အလုပ်အပြင် အခြား အလုပ်တခုခုကိုတော့ မဖြစ်မနေ စတင်နိုင်ဖို့ကို လိုနေပြီ ဖြစ်၏။ အခြား အလုပ် စနိုင်ဖို့ အရင်းအနှီးကလည်း မရှိ၊ အခြားသူတို့၏ အလုပ် (company) အလုပ်မှာ ဝင်လုပ်ဖို့ ပြန်ကြတော့လည်း ကိုယ့် စိတ်နှင့် သိပ်မတွေ့နေပေ။ မတတ်သာသည့် အခြေအနေမျိုးဆိုလျှင်တော့ လုပ်ရတော့ပေလိမ့်မည်။ ထို့ပြင် အခြား ခက်နေသည့် အရာက ကျနော့် စိတ် ဖြစ်၏။ လူတွေနှင့် ပြောဆို ဆက်ဆံရသည့် အလုပ်မျိုးကို သိပ်မလုပ်ချင်ပေ။ လူတွေဆိုသည်က လူနည်းနည်းနှင့် မဟုတ်ဘဲ လူများများနှင့် ပြောဆို ဆက်ဆံရခြင်းမျိုုးကို ဆိုလို၏။

ကျနော်ကား Online base အလုပ်မျိုးတွေကို ပိုပြီး သဘောကျ၏။ ထို့ကြောင့်ပင် trading ကို လုပ်ဖို့ စတင်ဖို့ တွေးတော မိသွားခြင်းဖြစ်၏။ သို့ပေမယ့် စတင်ဖို့က အရင်းအနှီးလိုနေ၏။ အမေ၊ အမတွေနားကလည်း မတောင်းချင်ပေ။ ကိုယ့်ခွန် ကိုယ့်အားနှင့် လုပ်ချင်၏။ ဘယ်လို လုပ်ရမည် မသိ ဖြစ်နေရာမှ အတွေးတစ ရသွား၏။ steemit, ဟုတ်သည် steemit။ ကျနော့် steemit account ဖြစ်၏။ ကျနော့် account မှာ steem, steem dollar တို့တော့ မရှိတော့ပေ။ hive ပြောင်းပြီး hive power up လိုက်ပြီ ဖြစ်၏။ သို့ပေမယ့် steem power (SP) တွေတော့ ကျန်နေသေး၏။ ထို SP တွေကပဲ ကျနော့် အတွေးတွေကို လမ်းစ ဖွင့်ပေးလိုက်တော့၏။

Don Jaun