Home Stay (Chapter 138)

Words
193
Reading
1 min
6y
Listen to this post
~1 min

IMG_4862-01.jpeg

ရာသီဥတုက ခုတလော အတော်လေး ဆိုး၏။ ရက်ဆက်ကို မိုးရွာနေတော့၏။ တိတ်လည်း ခဏ တဖြုတ်သာ၊ ပြီးလျှင်တော့ ရွာမြဲ ရွာဆဲပင်။ မိုးရွာတော့ ခြေခင်း လက်ခင်းက မသာပေ။ သွားစရာ လာစရာ မရှိပေမယ့်၊ အိမ်မှာပဲ နေရပေမယ့် မိုးတအိအိနှင့်ဆိုလျှင်တော့ အဆင်မပြေလှပေ။ သီးသန့် သွားစရာဆိုလို့ သင်တန်း သွားရသည့် အချိန်တွေသာ ရှိ၏။ ထိုအချိန်နှင့် မိုးရွာချိန်နှင့် တိုက်နေပါက တော်တော်လေးကို စိတ်ကသိကအောင့် ဖြစ်ရတော့၏။ မိုးကလည်း အိမ်မှာ နေသည့် အချိန်ဆို သိပ်မရွာသလိုလိုနှင့် အိမ်အပြင် သွားစရာ ရှိချိန်ကြ ရွာတော့၏။

မသိလျှင် အချိန်ကိုက် ရွာသည့် အလားပင်။ ဟို ယခင် ဆိုင်ကယ် ရေဆေးကဲသည့် အချိန်တွေကို သတိရမိ၏။ နေသာမည် ထင်ပြီး ကိုယ်က သေသေချာချာလေး ဆပ်ပြာတွေ ဘာတွေနှင့်ဆေး ကစ်တွေ၊ ဆီတွေ ပွတ်ပြီး တိုက်ပြီး လမ်းသလားကာ၊ လူလုံးပြမည် လုပ်ခါမှ ကိုရွှေမိုးက ရွာချတော့၏။ ဆိုင်ကယ်လေးက ဆေးထားပါတယ် ဆိုမှ ဗွက်ပြန်မပေလိုလှပေမယ့် မဖြစ်မနေ သွားစရာကလည်း ရှိသည့် အခါမျိုးဆို ပိုဆိုးသေး၏။ ဆိုင်ကယ် မဆေးထားဘဲ ဒီအတိုင်း ဖုန်တွေ မြေကြီးတွေ အပေအတိုင်း ရှိချိန် ထားချိန်ကြ အဆိုပါ မိုးက မရွာပေ။

IMG_20200823_172741.jpg

ဆိုင်ကယ်လေးများ ဆေးပြီး သွားပြီ ဆိုလျှင်တော့ အဆိုပါ မိုးက ရွာပြီ။ တကယ့်ကို ကွက်တိ အချိန်ကိုက်ပင်။ ဒီနှစ် မိုးတော့ ဆိုင်ကယ် မဆေး ဖြစ်ပေ။ မဆေး ဖြစ်တာမှ အတော်ကြီးကို ကြာပြီ ဖြစ်၏။ အတိအကျ ဆိုရလျှင် ဆိုင်ကယ် ရေဆေးသည့် စက်ကလေး ဝယ်ထားပြီးသည့် နောက်ပိုင်း မှတ်မှတ်ရရ တခါသားလား ဆေး ဖြစ်တော့၏။ ယခင်က ဆိုင် မသွားဖြစ်လျှင်တောင် အိမ်မှာပဲ ကိုယ့်ကိုကိုယ်ဆေး ဖြစ်နေသေး၏။ ခုတော့ ဆေးကို မဆေး ဖြစ်ပေ။ ဆိုင်ကယ်လည်း အတော်လေး ပေနေပြီ ဖြစ်၏။

ထိုသို့ မဆေးဘဲ ပစ်ထားတာက တကယ်တမ်းတော့ မကောင်းပေ။ ကြာလျှင် ဆိုင်ကယ်အောက် သံဘောင်များ သံချေး တက်လာနိုင်၏။ မအားလို့ အချိန် မရလို့လား ဆိုတော့လည်း မဟုတ်ပေ။ ဒီအတိုင်းကို မဆေးဖြစ်နေခြင်း ဖြစ်၏။ ဆိုင်ကယ်ကို ဂရုမစိုက်ဖြစ်တာ အတော်လေး ကြာနေခဲ့ပြီ ဖြစ်၏။ အင်ဂျင်ဝိုင်၊ ဆီ နှင့် အခြား ဘာဘာညာညာများကိုတော့ မကြာမကြာ စစ်ဆေး ဂရုစိုက်ဖြစ်ပါ၏။ တခုပဲ ပေနေသည့် ဆိုင်ကယ်လေးကို မဆေး ဖြစ်တာလေး တခုသာ။

ခုလည်း ရက်ဆက် မိုးရွာနေမှု နှင့်အတူ ကျနော့် ဆိုင်ကယ်လည်း ပိုလို့သာ ရွှံ့တွေများများလာတော့၏။ အင်း တရက်တော့ အချိန်ပေးပြီး ဆေးမှ ရပေလိမ့်ဦးမည်။ ဒီမိုးနှင့် ဟုတ်တော့ ဟုတ်နေ၏။ ကျနော်က ခပ်ပျင်းပျင်း မိုးကလည်း ခပ်တင်းတင်းနှင့်။

Don Jaun