Happy 7 Hive Birthday for Me

Words
281
Reading
2 min
2y
Listen to this post
~2 min

မနေ့ ၂၇ ရက်နေ့က ကျနော့် ပိုစ့်လေးမှာ hivebuzz က Comment လေး တခု လာမန့်ထား၏။ Happy Hive Birthday! You are on the Hive Blockchain for 7 years! ဆိုပြီးတော့။ Personal badge လေး တခု ထပ်တိုးခဲ့ပြီ။ သူလာမန့်ထားမှပဲ မိမိ Hive profile ကို သွား ပြေးကြည့်မိ၏။ ဟုတ်သား ၂၇၊ ၆၊ ၂၀၁၇ က စခဲ့တာ ဆိုတော့ ၇ နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်၏။ စိတ်အတွေး တို့က အတိတ်ဆီသို့ အပြေးလေး ရောက်သွားခဲ့၏။

Hive ခေတ်မတိုင်မီ Steemit ကနေ စလို့ အမှတ်ရစရာ၊ သတိရစရာတွေ အများကြီး။ ၇ နှစ်လို့သာ ပြောပေမယ့် ပြန်တွေးကြည့်ရင် မနေ့တနေ့ကလို လတ်ဆတ်နေဆဲပင်။ အတူတကွ တပျော်တပါး ပိုစ့်တွေ ရေးခဲ့၊ တင်ခဲ့တာတွေ၊ ခရီးတွေ အတူသွားခဲ့တာတွေ၊ နိုင်သလောက် အလှူဒါနလေးတွေ လုပ်ခဲ့တာတွေ စတာတွေကတော့ တကယ့်ကို အမှတ်တရပင်။ Myanmar Hive Community ( Myanmar Steemit Community) ၏ ပထမဆုံး Gathering ကို ပုဂံမှာ လုပ်ခဲ့ကြတာကောပေါ့။

နောက်ထပ် တွေ့ဆုံမှုတွေ မလုပ်နိုင်သေးပေမယ့် တချိန်မှာတော့ ဒီလူတွေ အပြင်မှာ ထပ်မံဆုံတွေ့ ဖြစ်ကြပေလိမ့်မည်။ ဆုံဖြစ်မယ်လို့လည်း ယုံကြည်ပါ၏။ ဆုံဖြစ်အောင်လည်း လုပ်မည် ဖြစ်၏။ တွေ့ဆုံပွဲ လုပ်နိုင်ဖို့ Hive ဈေးလေး တက်နေဖို့တော့ လို၏။ ခေတ်ပြန်ကောင်းချိန်၊ တွေ့ဆုံပွဲလေး လုပ်ချိန်မှာ Hive ဈေးလေးလည်း ကောင်းနေမယ် ဆိုရင်တော့ အတိုင်းထက်လွန်ပေါ့လေ။

Hive (ယခင် Steemit) အကြောင်း ပြောရရင် အရင်ဆုံး ပြေးပြီး သတိရမိသူက ကသက်ကြီးပင်။ သက်ကိုဇော် (ကသက်ကြီး) ဘယ်ဆီများ ရောက်နေသည် မပြောတတ်ပေ။ ကောင်းရာ မွန်ရာ မြင့်မြတ်တဲ့ ဘုံဘဝ တခုခုမှာ ရောက်နေမှာတော့ အသေအချာပင်။ ဒီလူက ‌လူကောင်းတယောက် ဖြစ်၏။ သဘော မနောလည်း ကောင်း၏။ ခင်ဖို့ ကောင်း၏။ တခါတလေ လူကြီးဆန်ပြီး တခါတလေကြ ကလေးဆန်နေပြန်ရော။ သူ နှင့်ပတ်သက်ပြီး အမှတ်တရတွေ အများကြီး ရှိပေမယ့် စာနှင့်တော့ မဖော်ပြ ဖြစ်ပေ။ သူ့အကြောင်းကိုက သူနှင့် ပတ်သက်ဖူးသူတိုင်း ကောင်းကောင်းကြီး သိကြ၏။ ကိုဟင်၏ ပိုစ့် အချို့မှာ သူ့အကြောင်းတွေ တစိတ်တပိုင်း ပါလာလေ့ ရှိ၏။

ဒီလူကြီးသာ ဆက်ရှိနေရင်ဟု တခါတလေတော့လည်း တွေးမိ၏။ တခါတလေကျပြန်တော့လည်း ခေတ်ဆိုး ခေတ်ပျက်ကြီးထဲ ဘဝ အသစ်ကို ခပ်စောစောလေး သွားနှင့်တာပဲ ကောင်းပါတယ်လေဟု တွေးမိ၏။ စိတ်ထောင်း ကိုယ်ကျေ ဆိုသည့်အတိုင်း သူ၏ ချစ်လှစွာသော သားငယ် အောင်အောင်ဦးလေး အပါအဝင်၊ အကို၊ အဖေတို့ ဆုံးပါးသွားမှုက ကသက်ကြီးအတွက် ထိုးနှက်ချက် အကြီးစားတွေပင်။ ပသို့ ခံနိုင်မည်နည်း။

ကျနော်တို့တွေ အလှူ လုပ်မယ်၊ ပွဲတွေ လုပ်မယ်ဆို အစအဆုံးသူပဲ လုပ်၊ သူပဲ ဦးဆောင်ပြီး လိုအပ်တာတွေကို ဖြည့်ဆည်း ကူညီလေ့ ရှိ၏။ စိတ်ထားကောင်းတဲ့သူတွေက ဘာလို့ လူ့ဘဝမှာ ကြာကြာ မနေကြတာလဲဟု တခါတခါကျတော့လည်း တွေးမိပြန်သား။ Myanmar Hive Community အနေနဲ့ တွေ့ဆုံပွဲတွေ ဆက်လုပ်ဖြစ်ပါက ကသက်ကြီးကို သတိရ၊ အမှတ်ရနေပေလိမ့်ဦးမည်။

၇ နှစ်တာ ကာလအတွင်း အသိမိတ်ဆွေတွေလည်း တိုးခဲ့၏။ အသိ ဗဟုသုတတွေလည်း ဆပွားခဲ့၏။ Steemit နှင့် Hive ကြောင့် သူဌေး မဖြစ်သေးပေမယ့် တချို့အခက်အခဲတွေကို ဖြေရှင်းနိုင်ခဲ့သလို၊ တချို့ ပျော်စရာတွေကို မျိုးစေ့ချ အစပျိုးနိုင်ခဲ့ပါ၏။ တချိန်ချိန် Hive မှာ စာလေးပဲ ရေးရင်း အေးအေးလူလူ နေနိုင်သည့် အချိန်လေးတော့ ရောက်လာလိမ့်မယ်လို့ ယုံကြည် မျှော်လင့်နေမိ၏။

၇ နှစ်တာ ကာလအတွင်း အတူရှိနေခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းများကို ကျေးဇူးတင် ချစ်ခင်ပါကြောင်းနှင့် Hive Blockchain ကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း ပြောလိုပါ၏။ ဆက်လက်၍လည်း Hive ခရီးလမ်းကို လျှောက်လှမ်းနေပါဦးမည်။ ဒီလူ ဒီလူတွေနဲ့ အတူတူပေါ့။

Happy 7 Hive Birthday for Me | Ecency