Get Well Soon

Words
143
Reading
1 min
Listen
Play
2y

ဆိုင်ကယ် လဲ (မှောက်) တုန်းက လူသာမက မျက်မှန်ပါ ထိ၏။ မနက်ခင်း သေချာကြည့်မိမှ မျက်မှန်ကိုင်းက ဘေး အနည်းငယ် ကားကာ ချောင်လည်း ချောင်နေ၏။ ဆိုင်ကယ် ဦးထုပ်လည်း အပြင်ဘေးက ပွန်းနေ၏။ ကျသည့် အချိန် ခေါင်းနဲ့ လမ်း အနည်းငယ် ရိုက်မိသည့် ပုံပင်။ ညာဘက် အောက် မေးစေ့နားလည်း အနည်းပွန်းနေသည်ဆိုတော့လေ။ တော်တော်ထိ သွားတာပဲဟု ပြောလို့ရမည်။ ဦးထုပ်ဆောင်းထားလို့ တော်သေးသည်ဟု ပြောလို့ရ၏။ နို့ဆိုရင် မတွေးရဲစရာပင်။

ညာဘက်အခြမ်း လဲသဖြင့် ညာဒူး၊ ညာလက်မောင်းတွေ ထိခိုက်မိ၏။ လက်မောင်းက ပွန်းသွားတာမျိုး မရှိပေ။ တညသာ နာလိုက်ပြီး နောက်ရက် ပျောက်သွား၏။ ဒူးခေါင်းကသာ။ ထိုနေရာက တော်တော်ထိထား၏။ မခံနိုင်အောင် နာကျင် ကိုက်ခဲတာမျိုးတော့ မရှိပေ။ သို့ပေမယ့် နေရတော့ ခက်လှ၏။ ဆိုးတာက ညဘက်တွေ အိပ်လို့ မပျော်ခြင်း ဖြစ်၏။ ခဏခဏ နိုးနိုးနေခြင်း ဖြစ်၏။ ယခင်က အိပ်ရင် တခါတည်း မနက်မှ နိုး၏။ ကြားထဲ နိုးရင်လည်း တကြိမ်ထဲလောက်သာ။ ခု ဆိုင်ကယ်မှောက်ပြီး နောက်ပိုင်းမှ ညဘက်တွေ ၃၊ ၄၊ ၅ ကြိမ်လောက် နိုးနေတော့၏။ အိပ်လို့ အဆင်မပြေနေပေ။ အတော်လေး နေရခက်လှ၏။

ဖြစ်ခါစရက်နဲ့ နောက်ရက်မှာတော့ တော်တော်ဆိုးဆိုး ခံရခက်၊ နေရခက် ဖြစ်နေ၏။ ၂ ရက်လောက် နေမှ နည်းနည်း နေရ အဆင်ပြေလာ၏။ သို့ပေမယ့် ညတော့ အိပ်လို့ မပျော်နေပေ။ ဘာကြောင့်ရယ်တော့ မသိပေ။ မြန်မြန်လေး ပြန်အဆင်ပြေဖို့တော့ မျှော်လင့်မိ၏။ ဆိုင်ကယ် ပြင်သွားတုန်းက မျက်မှန်ကိုပါ တပါတည်း ပြင်ခဲ့လိုက်၏။

ဒူးက အနာနဲ့မို့ ဒီနေ့ Futsal မကန် ဖြစ်တော့ပေ။ ကျန်သူငယ်ချင်းများကလည်း မကန်တော့ဘူး ဆိုသဖြင့် ဒီနေ့ နားကြမည် ဖြစ်၏။ ကြာသပတေးနေ့လောက်ဆိုရင်တော့ ပြန်ကန်လို့ ရလောက်ပြီ ထင်ပါရဲ့။ အမေကတော့ ဘုရား တရား ပိုလုပ်ဖို့ ပြော၏။ ဘာပဲ ပြောပြော ဒီလောက်ပဲ ဖြစ်သွားလို့ အဆိုးထဲက အကောင်းဟု ပြောရပေလိမ့်မည်။

Get Well Soon | Ecency