Better Signal

Words
245
Reading
2 min
Listen
Play
3y

ဒီနေ့ Magisk Module တခု စမ်းဖြစ်၏။ ကြားထဲမှာလည်း စမ်း ဖြစ်တဲ့ module တွေ ရှိပါ၏။ သိပ်ပြီး မထူးခြားတာရယ် နောက်ပြီး unflash (uninstall) ပြန်လုပ် ပစ်လာတာတွေကြောင့် မပြောဖြစ်တာပါ။ ဒီနေ့ စမ်းဖြစ်တဲ့ module က network နဲ့ ဆိုင်သည့် module ဖြစ်၏။ အဆိုပါ module က mobile data ကော wifi အတွက်ကော သက်ရောက်မှု ရှိသည် ဆို၏။ file size က သေးသေးလေးရယ်။ 2 KB လောက်သာ ရှိ၏။

ဒီ module မတိုင်ခင်တုန်းကတော့ အခြားသော network modules တွေ စမ်းခဲ့ဖူး၏။ သိပ် မသိသာဘူးဟုသာ ခံစားရ၏။ တချို့ module တွေက ROM update ဖြစ်သွားရင် ထည့်သွင်း အသုံးပြုဖို့ မလိုအပ်ပေ။ build in function တခု အနေနဲ့ ပါလာတတ်၏။ ကျနော်ကလည်း မကြာခဏ ROM ‌တွေ ပြောင်းပြီး တင်နေတတ်သူ ဆိုတော့ကာ ယခင် ROM မှာ အလုပ် ဖြစ်သည့် module က အသစ်ပြောင်းလိုက်တဲ့ ROM မှာ အလုပ် မဖြစ်တာမျိုးလည်း ဖြစ်တတ်၏။

ခု တလော အဆင်မပြေဆုံးကတော့ internet line တွေ ဖြစ်၏။ ကြင်စိုး လက်ထက်မှာ ကောင်းတာ ဘာများ ရှိလို့လဲ။ ဒီ နှစ်ပိုင်း အတွင်းမှာ internet line တွေ အတော် စုတ်၏။ လိုင်းပျက်၊ လိုင်း မငြိမ်ရတာနဲ့။ ကျနော် တပ်ထားတဲ့ welink က လိုင်း ပျက် (ပြတ်) ခဲ ပေမယ့် လိုင်းတော့ မငြိမ်ပေ။ အဆိုးဆုံးက ဂိမ်းကစားချိန် ping မငြိမ်တာ။ ဒါတောင် ကျနော်က ဂိမ်းကို တနေ့ကုန် ကစားတာမျိုး မဟုတ်ပေ။ နာရီပိုင်းလေး လောက်သာ ကစားခြင်း ဖြစ်၏။

Ping မငြိမ်တော့ mobile data ပါ ဖွင့်ထားပြီး ကစားနေရ၏။ wifi ကြီး တပ်ထားပြီးမှ mobile data ပါ ဖွင့်ပြီး ကစားနေရတာကြီးက အဆင်မပြေလှပေ။ ရုံးကို လှမ်းပြောလည်း မထူးပေ။ ပြောတာက ပြောတာပဲ အဖက်တင်၏။ လာစစ် ပေးတဲ့ ညီလေးတွေက လိုင်းပျက်၊ လိုင်းမရတာဘဲ သူတို့ လုပ်တတ်တယ်၊ ping မငြိမ်တာတော့ သူတို့လည်း မသိ မလုပ်တတ်ဟု ဆို၏။ ကောင်းလိုက်တဲ့ service, ရုံးထိုင်တွေကို လှမ်း ပြောပြန်တော့ ping မငြိမ်တာက ဘာလဲ အကို၊ ကျနော်က ဂိမ်းမဆော့တော့ မသိဘူးတဲ့။ ကောင်းရော။

အိမ်နား တဝိုက်မှာက welink သာ ရ၏။ တခြား ftth တွေ မရတော့ သူ့ကိုပဲ ကြိတ်မှိတ် သုံးနေရ၏။ ရွေးစရာမှ မရှိဘဲကိုး။ ဂိမ်း မဟုတ်ဘဲ တခြား လိုင်းသုံး ဘာညာမှာတော့ သိပ်အဆိုးကြီး မဟုတ်နေပေ။ ဒါလေးတခုတော့ ခံသာနေလို့ တော်သေး၏။ နဂို မူလ internet line က အဆင်မပြေရင်တော့ အဘယ် module တွေပဲ သုံးသုံး အဆင်ပြေ၊ ပိုကောင်းလာဖို့ မရှိပေ။ နို့ပေမယ့် ကောင်းလာနိုးနဲ့ ကောင်းနိုးရာရာ network modules တွေ စမ်းကြည့် နေရပေလိမ့်ဦးမည်။

ယခု module ကိုလည်း စမ်းသုံးကြည့်ပါဦးမည်။ သူ့ အညွှန်းလေးကတော့ မဆိုးလှပေ။ ထူးမထူးကိုတော့ နောက်ရက်မှာ ပြန်လာ ပြောပြပါမယ်။

Better Signal | Ecency