အကောင်းဆုံး အရှုံးသမား

Words
264
Reading
2 min
Listen
Play
2y

ဒီရက်ပိုင်းက စိတ်မကောင်းစရာ ကိစ္စလေးတွေ ရှိ၏။ မိမိနှင့် မိမိ ပတ်ဝန်းကျင်မှာတော့ မဟုတ်ပေ။ တခြား တနေရာက တခြား အကြောင်း ကြောင့်ပါ။ ထုံးစံအတိုင်း မူတူးပဲပေါ့။ ဒီနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် Dortmund vs Real Madrid တို့ London က Wembley Stadium ကြီးမှာ ယှဉ်ပြိုင် ကစား၏။ ဘယ်အသင်းဆိုပြီး အားပေးတာမျိုးတော့ မရှိပေ။ အသင်းထက် လူတွေကို အားပေး ဖြစ်တာမျိုးဟု ပြောရမယ်။ တသင်းထဲက ကစားသမား မဟုတ်ဘဲ နှစ်သင်းလုံးမှာပါသည့် ကစားသမားတွေ ဖြစ်၏။ တူနေတာကတော့ နှစ်ယောက်လုံးက ဂျာမန် ကစားသမားတွေ ပင်။

သစ္စာရှင်ကြီး Marco Reus နှင့် Toni Kroos တို့ ဖြစ်၏။ Reus ကတော့ ဆက် ကစား မကစားဖြစ် မပြောတတ်ပေမယ့် Kroos ကတော့ ကစားသမားဘဝ အနားယူတော့မည် ဖြစ်၏။ ယခု ချန်ပီယံလိဂ် ဖိုင်နယ်က သူ့ အတွက် နောက်ဆုံးပွဲ ဖြစ်၏။ Reus က ၃၅ နှစ်၊ Kroos က ၃၄ နှစ် ဖြစ်၏။ ဆက်ကစားမယ်ဆိုရင် ကစားလို့ရပါသေး၏။ သို့ပေမယ့် Kroos ကတော့ အနားယူဖို့ကိုသာ ရွေးချယ်ခဲ့၏။ သူ့၏ အကောင်းဆုံး လုပ်ဆောင် ပေးနိုင်ချိန်ကို မကျော်လွန်သွားခင် ဘောလုံးသမားဘဝကို ရပ်တန့်လိုက်ဖို့ သူ ရွေးချယ် သွားခဲ့၏။

ဗိုလ်လုပွဲ ဆိုသည့်အတိုင်း အကြိတ်အနယ် ရှိပြီး ကြည့်ကောင်းခဲ့၏။ ပထမပိုင်းက Dortmund အတွက်ဟု ဆိုရရင် ဒုတိယပိုင်းက Real Madrid အတွက်ဟုပင် ဆိုရပေလိမ့်မည်။ ပထမပိုင်းမှာ Dortmund တို့ Real Madrid ထက် အခွင့်အရေးတွေ ပိုပြီးရခဲ့၏။ သို့ပေမယ့် အခွင့်အရေးတွေကိုတော့ ဂိုးအဖြစ် မပြောင်းနိုင်ခဲ့ပေ။

ဒုတိယပိုင်းမှာတော့ Real Madrid တို့ အခွင့်အရေးတွေ ပိုပြီး ရခဲ့၏။ အခွင့်အရေးတွေကိုလည်း သွင်းဂိုးတွေ အဖြစ် ပြောင်းလဲ နိုင်ခဲ့၏။ ၇၄ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် Carvajal က ဦးဆောင်ဂိုး သွင်းယူခဲ့၏။ ဦးဆောင်ဂိုး ပေးရပြီးနောက် Dortmund တို့ ပြန်လည် တိုက်စစ်ဆင် ဖိအားပေး ကစားခဲ့ပေမယ့် ၈၃ မိနစ်မှာ Dortmund နောက်ခံလူ Maatsen ၏ ပေးပို့ပုံ အမှားကနေ တဆင့် Vinicius Junior မှ ဒုတိယ ဦးဆောင်ဂိုး ထပ်မံ သွင်းယူလို့ သွားခဲ့၏။

၈၃ မိနစ် ရောက်နေပြီ ၂ ဂိုးလည်း ပေးထားရပြီးပြီမို့ ပွဲက ပြီးသလောက် ဖြစ်သွားဟု ဆိုလိုရ၏။ လက်ကျန် မိနစ်တွေမှာ Real Madrid က ပွဲကို ထိန်းကစား အနိုင်ရယူသွားခဲ့၏။ Reus အတွက် စိတ်မကောင်းရပေမယ့် Kroos အတွက်တော့ ဝမ်းသာရပါ၏။

နောက်ထပ် စိတ်ဝင်စားစရာ တခုက Bellingham ဖြစ်၏။ အသင်းဟောင်းနှင့် အသင်းသစ် ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲမှာ သူ့ခမြာ နေရခက်ရှာမည် ထင်။ ပရိုပီသမှုနှင့် လူသားဆန်မှုကို သူ ပေါင်းစပ် ပြသွားခဲ့၏။ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်မှုအပေါ် သူ အလွန်အမင်း အောင်ပွဲ မခံသွားခဲ့ပေ။

Reus အတွက် စိတ်မကောင်းရသလို United မှာ ကစားဖူးသည့် Sancho နှင့် Sabitzer အတွက်လည်း စိတ်မကောင်းပေ။ Dortmund တို့ အကောင်းဆုံး ကြိုးစားခဲ့တာ မှန်ပေမယ့် ချန်ပီယံကတော့ Real Madrid ဖြစ်သွားခဲ့၏။ ချန်ပီယံလိဂ် ဖလားကြီးကို ၁၅ ကြိမ်မြောက် အဖြစ် သူတို့ သိမ်းပိုက်လို့ သွားခဲ့ကြ၏။

Congratulations Real Madrid and Well play Dortmund.

(Photos from Respective Facebook Pages)

အကောင်းဆုံး အရှုံးသမား | Ecency