မပျော်ပါဘူး... အမေရယ်...

Words
392
Reading
2 min
Listen
Play
8y

... မပျော်ပါဘူး အမေရယ် ...
orca-image-801968922.jpeg

သားလေ...
စာရေးဆရာ ဖြစ်ချင်လို့
စာအုပ်တွေ အများကြီး ဝယ်ဖတ်ခဲ့တယ် အမေ
သားစိတ်ကြိုက် ကောင်းနိုးရာရာတွေလည်း
မှတ်စုထုတ်ထားခဲ့တယ် အမေ
ခံစားရသမျှတွေကိုလည်း
ကဗျာ အဖြစ် ချရေးထားခဲ့မိတယ် အမေ
အားအားရှိတိုင်းလည်း စာတွေ ဖတ်နေခဲ့သလို
စိတ်ကူးရတိုင်းလည်း စာတွေ ချရေးနေခဲ့တယ် အမေ
ခေတ်ကြီးက တိုးတတ်လာတော့
သားလေ Facebook ဆိုတာကြီးကို
အသုံးပြုလို့ သာယာခဲ့ဖူးတယ် အမေ
အမေ ပဲ စဉ်းစားကြည့်လေ...
စာရေးတာ ဝါသနာပါတဲ့ သားလေ
Facebook ပေါ် စာတွေ ရေးတင်ရတော့
မပျော်ဘဲ နေနိုင်ပါ့မလားဗျာ...
ဒါတင် မကဘူးလေ အမေရဲ့
ကမ္ဘာမှာ အောင်မြင်နေတဲ့ ဟောပြောရေးစာရေးဆရာတွေရဲ့
စာတွေလည်း ဖတ်ရတယ်လေဗျာ
ဒါနဲ့တင် သားလေ...
Facebook မှာ Group တွေထောင်၊ Page တွေထောင်ပြီး
အောင်မြင်ရေး စိတ်ဓာတ်တတ်ကြွစေမယ့်စာတွေ
ဘာသာပြန်လို့ အမြဲတင်ပေးနေခဲ့တာ
နှစ်တွေ ကြာရှည်လို့ Facebook သုံးတာတောင်
၆ နှစ် ပြည့်တော့မယ် အမေ...
ဒီလိုနဲ့ ကိုယ်ဝါသနာပါရာ Bill ကုန်ခံပြီး
ပျော်ပါးနေခဲ့တာပါ အမေ...
နောက်ထပ် ပြောရဦးမယ် အမေရေ...
၂၀၁၇ ကုန်ခါနီး ဒီဇင်ဘာမှာတော့
Steemit ဆိုတာကြီး ထပ်တွေ့ရတယ်ဗျ
Steemit ကြီးက Facebook လိုပဲ
Post တွေ တင်ရတာပဲ...
ဒါပေမယ့် ထိုဟာကြီးက Cryptocurrency ဆိုတဲ့
ကိုင်တွယ်လို့မရတဲ့ ပိုက်ဆံတွေ ရတယ် ဆိုပဲ...
သားလေ...
အရမ်းပျော်တာပဲ အမေရယ်...
Steemit ဆိုတဲ့ Social Media Platform ကြီးက
Own Creator တွေကို တန်ဖိုးထားသတဲ့ဗျ
Copyright ကို အလေးထားသတဲ့ဗျ
ဂုဏ်သိက္ခာနဲ့ ရပ်တည်နေတာတဲ့ဗျ
ကိုယ်တိုင်အားထုတ်ထားတဲ့ အရာတွေကိုပဲ
Post တင်ရမတဲ့ဗျ...
ကြိုက်ပါတယ်ဗျာ...
Facebook ထက် ပိုပျော်တာပေါ့ အမေရာ...
အမေ့သား ကံကောင်းတယ် အမေ
Steemit ကို အသုံးပြုစမှာပဲ
Myanmar Steemit Community ဆိုတဲ့
Steemit Myanmar User Newbies တွေကို
အကူအညီပေးနေတဲ့ အဖွဲ့ကြီးနှင့် ချိတ်ဆက်မိပြီး
အဖွဲ့ဝင် ဖြစ်ခွင့်ရတယ်ဗျ...
သိပ်သိပ် ပျော်တာပဲ အမေ...
ဟိုတုန်းက ဖတ်ခဲ့တဲ့ စာပေထဲက
"မိမိဝါသနာပါရာ လုပ်ရင်း ဝင်ငွေ ရနိုင်မလား"
ဆိုတဲ့ မေးခွန်းကို ဖြေနိုင်တော့မယ် အမေ...
ခု သား ဝါသနာပါတဲ့ စာတွေ ရေးတင်နေရင်း
ဝင်ငွေ ရတော့မယ်လေ အမေရဲ့...
ဒါကြောင့်သာပဲ အမေရေ...
သားလေ...
ဟိုးဟိုးတုန်းက ရေးခဲ့တဲ့ စာတွေကို ဖုန်းလေးဖြင့်
စာတွေ ရိုက်ပြီး တင်နေခဲ့တာ...
ခုဆို ၈ လ ကျော်ခဲ့ပါပြီ
ဝင်ငွေတော့ တစ်ကျပ်မှ ထုတ်သုံးဖူးသေးပါဘူး အမေ
ပိုတိုပွားအောင် ဆိုပြီးတော့ မြန်မာငွေ သုံးသိန်းဖိုးလောက်ပါ
ဝယ်ထည့်ပြီး စုထားပါတယ် အမေ
ရေရှည်ရည်မှန်းချက်ဖြင့် နှစ်ရှည်ပင် စိုက်သလိုပေါ့ အမေရယ်

ဒီလိုနဲ့ ဒီလိုနဲ့ပါပဲ အမေရယ်...
ခုတော့...
သားလေ...
သိပ်မပျော်တော့ဘူး အမေ...
ဈေးကျလို့ မဟုတ်ပါဘူး အမေရယ်...
စာမရေးနိုင်လို့ မဟုတ်ပါဘူး အမေရယ်...
သားကလေ...
ဟိုတုန်းက ရေးခဲ့တဲ့ စာတွေပဲ တင်နေခဲ့တာလေ
စာအရေးအသား တိုးတတ်မလာခဲ့ဘူးဗျ
ဘယ်လိုသိရလဲ ဟုတ်လား...
Steemit က စာကောင်းကောင်းရေးတဲ့သူတွေကို
ချီးမြှင့်တဲ့ အနေဖြင့် Upvote ကောင်းကောင်းပေးကြတယ် လို့
ကြားသိဖူးခဲ့တာပဲ...
သားလေ...
အဲလိုမျိုး ချီးမြှင့်တဲ့Upvote တွေ Comment တွေ
မရဖူးဘူးဗျ...
အဲတော့ သား စာရေးမကောင်းလို့ ပေါ့ဗျာ
ကံလေးကောင်းလို့ MSC လို အဖွဲ့ထဲ ဝင်ပါခွင့်ရတာကြောင့်
အချင်းချင်း မကြိုက်လည်းပေး ၊ ကြိုက်လည်းပေး
မကျေနပ်လည်း ပေး၊ ကျေနပ်လည်း ပေး
အဲလို ပေးနေကြရတဲ့ Upvote လေး၊ Comment လေးတွေတော့ ရတာပေါ့ဗျာ...
အဲလိုရတော့ ကိုယ်ကလည်း အဲလိုပဲ ပြန်ပေးရတယ် အမေရဲ့
အထူးကံကောင်းတာကတော့ဗျာ
သားတို့ MSC ခေါင်းဆောင်ကြီးရဲ့ အစွမ်းအစဖြင့်
နိုင်ငံခြားက Tom တို့ရဲ့ Curie အဖွဲ့ကြီးဆီက
Promotion Upvote တွေ အလှည့်ကျ ရခဲ့ပေါ့ အမေရာ...
ဒီလိုတွေ ရနေတာကို
အစက ပျော်သလိုလိုတော့ ရှိသား အမေရေ
အလှည့်ကျ ပေးတဲ့နေ့ဆို
သားလေ မပျက်မကွက် ပို့စ်တင်ခဲ့တာပါ အမေ...
ခုလောလောဆယ်ဆို
နေ့တိုင်းရလို့ နေ့တိုင်း ရေးတင်နေပါတယ် အမေ

ဒါပေမယ့် အမေရာ...
သားလေ...
ပြန်တွေးရင်း ပြန်တွေးရင်းနဲ့
ရှက်သလိုလို ဖြစ်လာတယ် အမေ...
သားကလေ...
Steemit ကို ဘာလို့ သုံးခဲ့တာလဲ
ဘာရည်ရွယ်ချက်နဲ့လဲ
ဘယ်လို ဆက်သွားဖို့လဲ
ပန်းတိုင်က ဘာလဲ
ဘာ ဘာ ဘာ ဘာမှ ရှင်းရှင်းလင်းလင်း မသိဘူး အမေ
ဝါသနာပါလို့ စာရေးတင်နေတာလား
ပိုက်ဆံရချင်လို့လား
မသဲကွဲဘူး အမေရယ်...
သား ဝင်ထားတဲ့ ၊ အကူအညီ ရယူနေခဲ့တဲ့ အဖွဲ့ကြီးကရော...
သူများဆီက အကူအညီ ယူနေတာ
ကိုယ်ကျိုး အတွက်လား
ပြန်လည် ကူညီဖို့လား
အတ္တဟိတ အတွက်လား
ပရဟိတ အတွက်လား
သား တိတိကျကျ နားလည်နိုင်စွမ်း မရှိဘူး အမေ...
ဒါကြောင့်သာပဲ အမေရယ်
သားလေ...
ကိုယ့်အားကို မကိုးနိုင်တဲ့ ဒုက္ခိတ တစ်ယောက်လို
ရှက်မိပါတယ် အမေ
စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဝမ်းနည်းလာတယ် အမေ
သား ယုံကြည်ချက်တွေ ဆွံ့အလာတယ် အမေ
ဒီလိုနဲ့ ဒီရက်တွေမှာ
သားလေ...
မပျော်ပါဘူး အမေရယ်
သား တစ်ကယ်...
#မပျော်ပါဘူး-အမေရယ်။ ။

ဟိန်းခန့်မောင် အတိအလင်းခံစားရေးဖွဲ့သည်။
11:00 / 30,08,2018

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
orca-image-1529224864173.jpg_1529224864253.jpeg

MSC - 193
billionairehein@billionairehein

မပျော်ပါဘူး... အမေရယ်... | Ecency