Steemit Myanmar မှညီအကို မောင်နှမ သူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ။ ဒီကနေ့ဟာဆိုရင် နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းစတင်တဲ့ မြန်မာ့နှစ်သစ်ကူး ရက် သို့မဟုတ် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများ ကမ္ဘာသူကမ္ဘာသားများနဲ့ တကွ စာချစ်သူ ပရိတ်သတ်အပေါင်း နှစ်သစ်မှာ စိတ်သစ်လူသစ်နှင့်အတူ အလုပ်ကိုင်ခွင့်လမ်းကောင်းများလည်း တိုးတက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်။
Credit image source
ပြီးခဲ့အပါတ်တုန်းက ပါရမီဆယ်ပါးအကြောင်း အကြမ်းဖျင်းကို ကျွန်တော်ဖတ်ဖူးသလောက် တင်ပြပေးခဲ့ပါတယ်။ ထိုပါရမီဆယ်ပါးတွင် ပါရမီရဲ့ အစသည် အဘယ်က စသနည်းဟု အစတစ်စ ဆွဲထုတ်ရသော် ပါရမီအစ ဒါန ကဟု မှတ်သားကြားနာရဖူးပါသည်။
ယခင်ရက်က ရေးသားခဲ့ပြီးသလိုပင် ဘုရားအလောင်းတော်များသည် ရဟန္တာဖြစ်ပြီး နိဗ္ဗာန် စံဝင်လိုက ဝင်ခွင့်ရကြသော်လည်း သူတို့သိသလို အများသိစေလိုခြင်းအလို့ငှာ သတ္တဝါတို့ကို အစွဲချွတ်နိုင်ရန်အတွက် ခက်ခဲနက်နဲလှသော ပါရမီဆယ်ပါးလုံးကို ကမ္ဘာအသင်္ချေပေါင်းများစွာ ပါရမီဖြည့်ကာ ဘုရားအဖြစ်ကို ရောက်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြရပေသည်။
Credit image source
ဤကဲ့သို့ ခက်ခဲသော လမ်းကိုလိုက်ခဲ့သည့်အတွက် ဘုရားအလောင်းတော်များသည် ပါရမီဆယ်ပါးအနက်မှ ဒါနပါရမီတစ်ခုတည်းအတွက်ကိုပင် အဘယ်၍ အဘယ်မျှ စွန့်တော်မူခဲ့ရသည်ဟု ထင်ပါသနည်း။ ဤအကြောင်းအရာကို သိရှိလိုသောကြောင့် ကျွန်တော်ဖတ်ခဲ့ရသော ရှာဖွေ ဖတ်ရှုခဲ့ရသော စာအုပ်ပေါင်းမှာမနည်းပေ။
Credit image source
သိချင်စိတ်ဖြင့်ရှာဖွေဖတ်ရှုခဲ့ရာတွင် ဇိနာ လင်္ကာရကျမ်း ဟူသော စာအုပ်ထဲတွင် ကျွန်တော်သိလိုသော အကြောင်းရာကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ထိုကျမ်းစာအုပ်ထဲတွင် ပါရမီရဲ့ အစ ဒါနက ဆိုတဲ့အကြောင်းကို ရေးသားထားပါတယ်။ အကျယ်ကိုတော့ စာလေးမှာစိုး၍ မတင်ပြတော့ပေ။ လိုရင်းအချက်ကို တင်ပြရလျှင် ဘုရားအလောင်းတော်များဟာ ဘုရားဖြစ်ဖို့ လှူတန်းခဲ့ရတဲ့ သွေးအရေတွက်ဟာ ဘယ်လောက်များသလဲဆိုရင် သမုဒ္ဒရာလေးစင်းထဲက ရေတွေထက်များပါတယ်တဲ့။ ဘုရားမဖြစ်ခင် ဘဝ ဘဝက လှူခဲ့ရတဲ့ အသားတွေက နှစ်သိန်းလေးသောင်း အထုရှိတဲ့ ဤကမ္ဘာမြေကြီးထက် များပြီးလှူခဲ့ရတယ် ဆိုပါတယ်။
Credit image source
ဘုရားလောင်း လှူခဲ့ရတဲ့ ဦးခေါင်းတော်များကို စုပုံ၍ ထားမည်ဆိုလျှင် မြင့်မိုရ်တောင်ထက်ပင် ကြီးကျယ်မြင့်မားနိုင်တယ်လို့ ဆိုပါတယ်။ ဘုရားလောင်း လှူခဲ့ရတဲ့ မျက်လုံးတော်တို့ရဲ့ အရေအတွက်ဟာဆိုရင်ဖြင့် ကောင်းကင်ယံမှာ ရှိတဲ့ ကြယ်တာရာတို့ထက် ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ ဤ အကြောင်းအရာများကိုဖြင့် ဇိနာ လင်္ကာရကျမ်းထဲမှာ အကျယ်ရေးသားထားပါတယ်။ အသေးစိတ်သိရှိလိုလျှင် ရှာဖွေ ဖတ်ရှုကြပါကုန်။
အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း ဘုရားဖြစ်အောင် ထိုမျှ ခက်ခက်ခဲခဲ ကျင့်ကြံ ကြိုးစား အားထုတ်ကြရသော်လည်း ဘုရားများဟာ ခဏခဏ မပွင့်နိုင်ရှာကြဘူးလို့ ဆိုပါတယ်။ ဘုရားဖြစ်ဖို့ ကမ္ဘာတွေ အသင်္ချေတွေ များစွာ ကျင့်ကြံအားထုတ်ကြရပါတယ်။ ကမ္ဘာတစ်ခုရဲ့ သက်တမ်းဟာ အင်မတန် ရှည်လျားသော်လည်း ဘုရားတစ်ဆူမှ မပွင့်တဲ့ ကမ္ဘာလည်း ရှိတတ်ပါတယ်။ ဘုရားတစ်ဆူမှ မပွင်တဲ့ ကမ္ဘာမျိုးကိုတော့ " သုညကမ္ဘာ " လို့ ခေါ်ပါတယ်။
ဒီနေရာမှာ အလျင်းသင့်လို့ ဖော်ပြရရင် ကမ္ဘာက လေးမျိုးရှိတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်။ ထိုကမ္ဘာလေးမျိုးကတော့
( ၁ ) သာရကမ္ဘာ
( ၂ ) မဏ္ဍကမ္ဘာ
( ၃ ) သာရမဏ္ဍကမ္ဘာ နှင့်
( ၄ ) ဘဒ္ဒကမ္ဘာ တို့ ဖြစ်ကြပါတယ်။
Credit image source
ထိုကမ္ဘာလေးမျိုးကို အကြမ်းဖျင်း ပြောပြရသော်
( ၁ ) တစ်ချို့ ကမ္ဘာတွေမှာ ဘုရားတစ်ဆူတည်းပဲ ပွင့်တော်မူကြပါတယ်တဲ့။ ထိုသို့ ဘုရားတစ်ဆူတည်းပဲ ပွင့်တဲ့ကမ္ဘာမျိုးကို " သာရကမ္ဘာ " လို့ ခေါ်ပါတယ်။
( ၂ ) တစ်ချို့ ကမ္ဘာတွေမှာ ဘုရားနှစ်ဆူ ပွင့်တော်မူကြပါတယ်။ ထိုသို့ ဘုရားနှစ်ဆူ ပွင့်တဲ့ကမ္ဘာမျိုးကိုတော့ " မဏ္ဍကမ္ဘာ " လို့ ခေါ်ပါတယ်။
( ၃ ) တစ်ချို့ ကမ္ဘာတွေမှာ ဘုရားလေးဆူ ပွင့်တော်မူကြပါတယ်။ ထိုသို့ ဘုရားလေးဆူ ပွင့်သော ကမ္ဘာမျိုးကို " သာရမဏ္ဍကမ္ဘာ " လို့ ခေါ်ပါတယ်။
( ၄ ) တစ်ချို့ ကမ္ဘာတွေမှာ ဘုရားငါးဆူအထိ ပွင့်တော်မူကြပါတယ် ။ ထိုသို့ ဘုရားငါးဆူ ပွင့်တဲ့ ကမ္ဘာမျိုးကို " ဘဒ္ဒကမ္ဘာ " လို့ ခေါ်ပါတယ်။
အထက်ပါ လေ့လာချက်များအရ ကမ္ဘာတစ်ခုမှာ အများဆုံး ဘုရားငါးဆူသာ ပွင့်တော်မူနိုင်ကြတာ တွေ့ရှိရပါတယ်။ ထို့ကြောင့် အလွန် ရှည်လျားလှသည့် ကမ္ဘာ့ အချိန်သက်တမ်းကာလနဲ့ စာလျှင် ဘုရားရှင်များ ပွင့်တော်မူကြသည့် အချိန်ကာလသည် အင်မတန် တိုတောင်းလှတာကို တွေ့ရှိရပါတယ်။
ကျွန်တော်တို့ ခင်ဗျားတို့ လူ့ပြည်လူ့လောကမှာ လူဖြစ်နေရတာဟာ သမုဒ္ဒရာ ရေပြင်ထက်က ခဏတက်ပြီး ပွက်တဲ့ ရေပွက်ကလေးရဲ့ ကြာချိန်လောက်ပဲ ရှိပါတယ်တဲ့။ ဒါကြောင့်မို့ ရခဲလှတဲ့ လူ့ဘဝ တိုတောင်းလှတဲ့ လူ့ဘဝမှာ လူဖြစ်လာရတုန်းလေး လူနဲ့တူအောင် ကျင့်ကြံနေထိုင်ပြီး နှစ်သစ်မှာ စိတ်၏ချမ်းသားခြင်း ကိုယ်၏ ကျန်းမားခြင်းများနဲ့ ပြည့်စုံနိုင်ကြသူများ ဖြစ်ကြပါစေလို့ နှစ်သစ်ကူး ဆုမွန်ကောင်း ပို့သလိုက်ရပါတယ် ခင်ဗျာ။
#ယခုဆောင်းပါးသည် ဗုဒ္ဓဝင်စာပေများနှင့် ဇိနာ လင်္ကာရကျမ်းများကို ဖတ်ရှုလေ့လာ၍ ကိုယ်တိုင်ရေးသားထားသော ဆောင်းပါးသာဖြစ်ပါသည်။
Author>>>@aungzawhtwe
MSC : 014