ငပျင်း သကြားမင်း " မ " သလို

Words
501
Reading
3 min
Listen
Play
9y

ညီအကိုမောင်နှမများ အားလုံး မင်္ဂလာပါခင်ဗျာ။ steemit မှာ စာတိုပေစလေးတွေ မတောက်တခေါက် ရေးနေတဲ့သူဆိုတော့ facebook ဆိုတာတောင် သိပ်မသုံးဖြစ်ခဲ့တာကြာပါရောလား ။ မနက်ခင်း မိုးလင်းလာရင်တောင် အရင်ဆုံးဖွင့်ကြည့်မိတာက steemit ပါပဲ။ ကိုရေးထားတဲ့ စာကလေးကို ဘယ်သူကများ ကွန်မန့် လာရေးထားပြီလဲ ဘယ်သူကများ လာ ဘုထားပြီလည်း အရင်စစ်ဆေးကြည့်ပြီးမှ မျက်နာသစ်ခြင်း အမှုကို ပြုနိုင်ပါတယ်။
Man_WashingFace_Main_BL.jpg
Credit image source
Steemit အပေါ်စွဲလန်းတဲ့စိတ်က ဘယ်လောက်အထိတောင်လည်း ဆိုတော့ ညက အိပ်မက်ထဲထိတောင် ထည့်မက်ပါတယ်။ ဘယ်လိုမက်လဲ သိလား။ အိပ်မက်အကြောင်း နည်းနည်းပြောပြရဦးမယ်။ ကျွန်တော်က ဘဝင်ရူး ရူးတဲ့ရောဂါရှိတယ် ပြောရမလားပဲ။ ကိုယ် ရေးထားတဲ့ စာကို ကောင်းတာမကောင်းတာမသိဘူး။ စာရေးတင်ထားပြီးပြီဆိုရင် ကွန်မန့်လေးတွေ SBD လေးတွေ ကိုယ်ရေးထားတဲ့ စာရဲ့ အောက်မှာ ဝေဝေဆာဆာ ရှိနေစေချင်တဲ့ အခြောက်တိုက် ဘဝင်ရူး ရောဂါ ရှိတယ်ဗျ။ ဆိုတော့ကား ကိုရေးတဲ့ စာကပဲ မကောင်းတာထင်ပါတယ်။ လာဘုသူနည်း သလို $ လဲ သိပ်မမြင်ရဘူး။ ဒီတော့ SBD တွေ ဝယ်ပြီး ကိုရေးထားတာတွေကို ဘုစတာတွေ သုံးပြီး ဘုတယ်ဗျာ။ အဲ့လို ဘုလိုက်တာ စာရဲ့အောက်မှာ ဘုစတာတွေ လာပေးတဲ့ ဘုရယ် ကွန်မန့်ရယ်တော့ ရပါရဲ့ဗျာ။ ဒါပေမဲ့ 1SBD ကို 5$ ဈေးလောက်က ဝယ်ထားမိတာ အခုလိုဈေးတွေ ထိုးကျနေတော့ ခွက်ခွက်လန်အောင် ရှုံးပါလေရောဗျို့ ။ အဲဒီ Steem တွေ SBD တွေ ဈေးကျနေတော့ စိတ်မသက်မသာဖြစ်ပြီး အိပ်မက်ထဲ အထိတောင် အဲဒါတွေက ပါလာတယ်။
17291074-illustration-of-a-dreaming-boy-with-a-smile-on-his-face.jpg
Credit image source
ဆောင်းတွင်းအိပ်မက် ကရောက်ကယက်လို့ ပြောရအောင်ကလည်း ဆောင်းတွင်းကာလ က ကျော်ခဲ့ပါပြီ။ စိတ်ထဲစွဲ နေလို့မက်ဟန် တူပါရဲ့။ အိပ်မက်က ဒီလိုဗျ။ steem တွေ sbd တွေ ဈေးကျလို့ စိတ်ညစ်နေတုန်း ဖြုန်းကနဲ့ ဆို ဝတ်စုံအဖြူကြီး ဝတ်ထားတဲ့ အဖိုးကြီး ကျွန်တော့်အနား ရောက်လာတယ်။ " လူကလေး ကြည့်ရတာ မျက်နာမရွှင်မပြနဲ့ ဘာများ ဖြစ်နေသလဲ " မေးပါတယ်။ ကျွန်တော်ကလည်း ဈေးတွေကျနေလို့ စိတ်ပျက်နေတဲ့ အကြောင်းကို " ဖြစ်ကြောင်းရယ်တဲ့ မှ ကုန်စင် " ဆိုသလို စီကာပတ်ကုံးပြောပြလိုက်တာပေါ့လေ။ အဲဒီအခါ ဝတ်စုံ အဖြူနဲ့ အဖိုးကြီးက " လူကလေး မပူနဲ့ အဘ ကူညီမယ် " ဆိုပြီး " အပ်ချလောင်း "ဆို အဖိုးကြီးရဲ့ လက်ထဲမှာ မြှားးသုံးစင်းနဲ့ လေးတစ်လက် ရောက်လာတယ်ခင်ဗျ။ အဲဒီမြှားသုံးစင်းနဲ့ လေးတစ်လက်ကို ကျွန်တော့်လက်ထဲ ထည့်ပေးပြီး " လူလေးအလိုရှိရာ သုံးပေတော့ " ဆိုပြီး အဖိုးကြီး ပျောက်သွားတာပဲ။
il_570xN.740177623_sgwd.jpg
Credit image source
ကျွန်တော်လည်း အရမ်းဝမ်းသာသွားတယ် ။ ငါ့ကို နတ်ကောင်း နတ်မြတ်တွေ လာပြီး " မ " တာပဲဆိုပြီး ပျော်သွားတယ်။ အပြင်မှာသာ အဲ့လို လာပေးရင်တော့ ဘယ်လောက်ကောင်းလိုက်မလဲနော်။ ခုတော့ အိပ်မက်ထဲမှာ ရတာဆိုတော့။ အိပ်မက်ထဲမှာ SBD တွေ Steem တွေ ဈေးတက်စေချင်နေတာလေ။ ဒါနဲ့ မြှားတစ်ချောင်းယူပြီး လေးပေါ်တင်လိုက်တယ်။ 1SBD ကို ဒေါ်လာတစ်သောင်း ဖြစ်စေဆိုပြီး ပစ်ထည့်လိုက်တယ်။ မြှားပစ်ပြီးတော့ ကပျာကယာ ဖုန်းလေးဖွင့်ပြီး ဈေးကွက်ကြည့်မိတယ်။ အလားလား အံသြစရာ ကောင်းလိုက်တာ တကယ်ကြီး 1SBD ကို ဒေါ်လာတစ်သောင်းဖြစ်နေတယ်ဗျ။ အရမ်းဝမ်းသာသွားပြီး နောက်မြှားတစ်ချောင်းယူပြီး လေးပေါ်တင်လိုက်တယ်။ သိပ်ပြီးတော့ လောဘမထားပါဘူး 1Steem ကို ဒေါ်လာတစ်သောင်းဖြစ်စေဆိုပြီး ပစ်လိုက်ပြန်တယ်။ ပြီးဖုန်းဖွင့်ကြည့်တော့ တစ်ကယ်ကို 1Steem ဒေါ်လာတစ်သောင်းဖြစ်နေပြီလေ။ ပျော်လိုက်တဲ့အပျော်ဆိုတာလေ ပြောပြလို့တောင် မတတ်ပါဘူး။ မပျော်ပဲ နေပါ့မလားဗျာ။ ကျွန်တော့်ဆီမှာက steem 120 လောက်တောင်ရှိတာ။ 1 steem ကို ဒေါ်လာတစ်သောင်းဖြစ်သွားတော့ လွှတ်ပျော်တာပေါ့။ ပျော်လွန်းလို့ အနားမှာ ရှိတဲ့ အအေးဗူးခွံလို ခြေထောက်နဲ့ ထကန်မိတာ အိပ်ယာက လန့်နိုးလာပါရော။
awake-clipart-1.jpg
Credit image source
နာလိုက်တာဗျာ။ အိပ်မက်ထဲမှာ 1steem ဒေါ်လာတစ်သောင်းဖြစ်လို့ အပျော်လွန်ပြီး အနားကဗူးခွံလေး ကန်တာ။ အပြင်မှာ အရှိန်လွန်ပြီး ကုတင်ကတိုင်ကို အားရပါးရကန်မိတော့ နာပြီးလန့်နိုးတော့တာပေါ့။ မြှားသုံးစင်းထဲက နှစ်စင်းပဲ ပစ်လိုက်ရသေးတယ် တစ်စင်းက သုံးတောင် မသုံးလိုက်ရသေးဘူး။ အိပ်မက်က နှမြှောစရာကောင်းတာဗျာ။ ကုတင်တိုင်ကိုကန်မိလို့ နာနေတဲ့ခြေထောက်ကို အသာပွတ်ပြီး ပြုံးမိရသေးတယ်။ စွဲမိစွဲရာ အိပ်မက်ထဲထိတောင် လိုက်လာတဲ့ steemit ပါလား။

အခုမက်တဲ့ အိပ်မက်နဲ့ ပုံစံတူတဲ့ ပုံပြင်မျိုး ငယ်ငယ်က ကြားခဲ့ဖူးတာ ပြန်အမှတ်ရမိသေးတယ်။ နည်းနည်းတော့ ပြန်ပြောပြဦးမယ်။ နားနှင့်မနာ ဖဝါးနဲ့သာ နာကြပေရော။ ဟိုးရှေးရှေးတုန်းက အလွန်ဆင်းရဲတဲ့ ငပျင်း ဆိုတဲ့ လူတစ်ယောက် ရှိသတဲ့ဗျ။ ဆင်းရဲတဲ့အပြင် ဘာအလုပ်မှလည်း မလုပ်တော့ ငပျင်းဟာ စားရမဲ့ သောက်ရမဲ့ ဘဝ ရောက်နေရှာတယ်ပေါ့ဗျာ။ အဲဒီအခါ သကြားမင်းက ဒီငပျင်းကို မ စမယ်စိတ်ကူးပြီး ငပျင်းရှေ့မှာ ရွှေထုပ်ကြီး ပစ်ချပေးတယ်ဆိုပဲ။ ရွှေထုပ်ရှေ့ရောက်နေတာကို မကောက်ပဲ မိုးပေါ် မော့ကြည့်တယ်တဲ့ ငပျင်းက။ သကြားမင်းက ရွှေထုပ်ကို သူ့ခေါင်းပေါ်တည့်တည့်မှာ ထားပေးတော့ အောက်ကို ငုံ့ကြည့်တယ် ဆိုပဲ။ လှမ်းမယူဘူးတဲ့။ ငပျင်းကလည်း အဲ့သလိုကို ပျင်းတာနော်။ သကြားမင်းကလည်း မဖြစ်ချေတော့ဘူး ကိုယ်ယောင်ပြပြီး ပေးမှ ရတော့မယ်ဆိုပြီး အစောက ကျွန်တော့်အိပ်မက်ထဲကလို သူက သကြားမင်းဖြစ်တဲ့အကြောင်းပြောပြီး မြှားသုံးစင်းနှင့် လေးတစ်လက် ငပျင်းကို ပေးတယ်။ ဒီမြှားသုံးစင်းဟာ အလိုရှိတဲ့ ပစ္စည်းကို ရနိုင်တဲ့အကြောင်းပြောပြီး ပေးခဲ့တယ်တဲ့။
800px_COLOURBOX3441155.jpg
Credit image source
ငပျင်း က မြှားတစ်စင်းကို လေးပေါ်တင်ပြီး စမ်းသပ်လိုက်တယ်။ ငပျင်းကအစမ်းသဘောနဲ့ မြှားကိုပစ်ပြီး စမ်းသပ်တယ်ထင်ပါရဲ့။ သူစမ်းပြီး တောင်းတဲ့ ပစ္စည်းက ယောက်ျားလေးတွေမှာသာပါတဲ့ ဗုဒ္ဓဟူးနံ ပစ္စည်းခင်ဗျ။ ဗုဒ္ဓဟူးနံ ပစ္စည်း ဆိုတာက " ယ ရ လ ဝ " စတာတွေပေါ့ဗျာ။ ယောက်ျားလေးတွေမှာသာပါတဲ့ပစ္စည်းဆိုတော့ ကိုယ့်ဟာကို တွေးကြည့်ကြပေါ့။ အဲဒါ ငပျင်းက ပထမဆုံး မြှားတစ်စင်းကို ပစ်လွှတ်လိုက်ပြီး လာလေရောဟ ( -ီး ) ဆိုတဲ့ ဗုဒ္ဓဟူးနံကို တောင့်တလိုက်တယ် ဆိုပဲ။ သကြားမင်းပေးထားခဲ့တဲ့ လိုတရမြှားတွေ ဆိုတော့ အစွမ်းက ထက်တယ်လေ။ သူ့အနားမှာ ဗုဒ္ဓဟူးနံ ပစ္စည်းတွေက မြေပြင်မှာရော လေထဲမှာပါ ဝဲနေတယ်ဆိုပဲ။ သူသွားလေရာမှာ အဲဒီဗုဒ္ဓနံ ပစ္စည်းတွေက ထပ်ကြပ်မကွာ လိုက်နေတယ်ဆိုပဲဗျ။

ဒီပုံစံနဲ့တော့ မဖြစ်ချေသေးဘူးဆိုပြီး နောက်မြှားတစ်စင်းထုတ်ကာ ပြန်လေရောဟဲ့ (ဗုဒ္ဓဟူးနံ) ဆိုပြီးပစ်လိုက်ရတယ်တဲ့။ မြှားကလည်း အစွမ်းထက်သလား မမေးနဲ့ သူ့မှာ နဂိုရှိပြီးသား ဗုဒ္ဓဟူးနံ လေးပါ ပါသွားတယ်ဆိုပဲ။ အဲဒါမှ ဒုက္ခပဲ ယောက်ျားလေးတွေ ဆိုတာကလည်း ဗုဒ္ဓဟူးနံမှ ကိုယ်မှာ မရှိရင် လူညွှန့်တုံးပြီလေ။ ဒီတော့ ငပျင်းလဲ လူညွှန့်တော့ ဘယ်တုံးခံမလဲ။ နောက်ဆုံး ကျန်နေသေးတဲ့ မြှားတစ်စင်းကို ယူပြီး ငါ့ ဗုဒ္ဓဟူးနံ ပဲ ပြန်လာခဲ့ဆိုပြီး ခေါ်ရတယ် ဟူသတတ်။
callBack_logo.png
Credit image source
အဲဒီပုံပြင်လေး အမှတ်ရသွားမိတယ် ညကအိပ်မက်နဲ့တိုက်ဆိုင်ပြီး။ တော်သေးတယ် ကျွန်တော်က SBD တွေ Steem တွေပဲ ဈေးတက်ခိုင်းမိတာ။ ငပျင်းလိုသာ ဗုဒ္ဓဟူးနံ တောင့်တမိရင် နောက်ဆုံးမြှား မသုံးရသေးခင် အိပ်ယာက လန့်နိုးလာခဲ့တာဆိုတော့ ငပျင်းလိုသာ လုပ်မိရင် ကိုယ်ကျိုးနည်းရချေရဲ့။စာဖတ်သူ မိတ်ဆွေများ လည်း အဲဒီလို တစ်ယောက်ယောင်ကများ လိုတရမြှားတွေ လာပေးခဲ့ရင် ငပျင်းလို တော့ မတောင်းသင့်တာမတောင်းကြပါနဲ့နော် အဟဲ။
DQmWqM1faGeq5JaJJDK7gGwrcsY7HdrmUCrskL4S2tiDLKX.jpeg

Author>>>aungzawhtwe@aungzawhtwe

MSC : 014

ငပျင်း သကြားမင်း " မ " သလို | Ecency