ကျွန်တော့်မှာ နေ့စဉ်ပြုလုပ်နေဖြစ်တဲ့ ကုသိုလ်အသေးစားလေးရှိတယ်ဗျ။ အဲဒါက တစ်ခြားတော့မဟုတ်ပါဘူး။ ထမင်းဟင်းကို ကိုယ်တိုင်ချက်စားတာဖြစ်လေတော့ မနက်ခင်း မိုးလင်းလို့ ထမင်းချက်ဖို့ ထမင်းအိုးဆေးပြီဆိုရင် ထမင်းလုံးအကြွင်းကျန်လေးများကို စာကလေးတွေ ကြက်ကလေးတွေစားလို့ရအောင် မြေပေါ် ချကျဲ ပေးထားလိုက်တာပါပဲ။ အဲဒီလို ထမင်းလုံးလေးတွေ ကျဲထားပေးတော့ ဘေးနားအိမ်ကမွေးထားကြတဲ့ ကြက်ကလေးတွေ လာစားကြတယ်ခင်ဗျ။
Credit image source
အစပထမတော့ ကြက်မကြီးတစ်ကောင်နှင့် သူ့ကလေးလေးတွေလောက်ပဲ လာစားတာပါ။ ဒါပေမဲ့ဘယ်ကဘယ်လို သတင်းကြားသွားလည်း မသိပါဘူး။ နောက်ရက်တွေကျန်တဲ့ ကြက်သားအုပ်တွေပါ ရောက်လာကြပါတော့တယ်။ သူတို့ထမင်းလုံးကောက်စားနေတာကြည့်ပြီး စိတ်ထဲမှာ ပီတိတစ်မျိုးဖြစ်ရတယ်ဗျ။ ဒါနဲ့ နောက်ရက်တွေကျ လက်တစ်စုပ်စာလောက် ပိုချက်တာတို့ ညနေစာထမင်းကို ကျွန်တော်နည်းနည်းလေး လျော့စားတာတို့ လုပ်ဖြစ်လာတယ်။ ဘာဖြစ်လို့လည်းဆို ကြက်ကလေးတွေ စားစေချင်တဲ့ ကျွန်တော့် စေတနာကြောင့်ဆိုပါတော့။
မနက်လင်းပြီဆို အစာစားရမှန်းသိတော့ ကျွန်တော့်အိမ်ရှေ့မှာ ဘယ်ကဘယ်ကမွေးထားမှန်း မသိတဲ့ကြက်ကလေးတွေ ရောက်နေတတ်တယ်။ ကျွန်တော် အိပ်ယာထနောက်ကျတဲ့ရက်ဆို သူတို့ရဲ့ အသံလေးတွေ အိမ်ရှေ့မှာ ဆူညံနေတတ်တယ်။ အဲလိုရက်မျိုးဆိုရင်တော့ အိပ်ယာက ကမန်းကတန်းထပြီး မျက်နာ နောက်မှသစ်ရတယ်။ ထမင်းအိုး အရင်ဖွင့်ပြီး ထမင်းအကျန်လေးတွေ အရင် သူတို့ကိုကျဲ ရတယ်။ ပြီးမှမျက်နာသစ်တယ်ပေါ့ဗျာ။ သူတို့က ကျွန်တော့်ဆီက စားရလို့ လာတယ်။ ကျနော်က သူတို့စားတာကြည့်ပြီး ပျော်တယ်။ သူတို့နဲ့ ကျွန်တော့်အကြား အဲဒီလို အညမည ဖြစ်ပြီး အဆင်ပြေနေကြတယ် ဆိုပါတော့ဗျာ။
Credit image source
ဒီမနက်ခင်းကျတော့ အသိတရား ရစရာ တစ်ခု ကျွန်တော် တွေ့လိုက်ရတယ်။ မနေ့ညက သူငယ်ချင်း တစ်ယောက် ကျွန်တော့်အိမ်မှာ လာအိပ်တယ်ဗျာ။ သူငယ်ချင်းကလည်း လာမယ်ကြိုပြောမထားတော့ ထမင်းကလည်း ပိုမချက်ထားမိဘူး။ အဲဒါ ရှိတဲ့ထမင်းလေးကို နှစ်ယောက်အတူ မျှစားလိုက်ကြတယ်။ ကျွန်တော်ကတော့ မနက်လင်းရင် ကြက်ကလေးတွေ ကြွေးရဦးမှာ သတိရပြီးတော့ နည်းနည်းလျှော့ စားလိုက်ပါတယ်။ ဒါပေမဲ့ သူတို့ ကြွေးဖို့ကျ ခါတိုင်းထက် တော်တော် နည်းသွားတာအမှန်ပဲဗျ။
ပုံမှန်အတိုင် အိပ်ယာထ ကြက်ကလေးတွေ အတွက် ထမင်းကျန်လေးတွေ ကျဲပေးလိုက်ပါတယ်။ ခါတိုင်းဆိုရင် ကြက်သားအုပ် လေးအုပ်လောက် ဝဝလင်လင် စားကြရတာဆိုတော့ သူတို့အချင်းချင်း ပြသနာ မရှိလှပါဘူး။ ဒီမနက်ကြတော့ ကျွန်တော် ကျဲလိုက်တဲ့ ထမင်းလုံးလေးတွေက တော်တော်နည်းနေတော့ ကြက်ကလေးတွေ ဝေစုမတည့်ဘူး ဖြစ်နေကြတယ်ဗျ။ ကြက်အုပ်က လေးအုပ်ဆိုတော့ ကြက်မကြီးလေးကောင်က သူတို့သားသမီးလေးတွေ ဝဝလင်လင် စားရဖို့အတွက် တစ်ကောင်နဲ့တစ်ကောင် ရန်စောင်နေကြတယ်။ ကိုယ့်သားသမီး စားတဲ့နေရာ လာလုစားတဲ့ ကြက်ကလေးတွေကို ကြက်အမေကြီးက လိုက်ခွတ်နေတယ်။ အဲဒီလို အခွပ်ခံရပြီဆိုရင် အခွတ်ခံရတဲ့ ကြက်ကလေးရဲ့ အမေကလည်း မနေဘူး။ သူကလည်း ပြန်ခွပ်ပါတယ်။ ခါတိုင်းဆိုရင် အခုလောက် ပြသနာမရှိပေမဲ့ ထမင်းနည်းနည်းပဲ ချန်မိတဲ့ကျွန်တော့်ကြောင့် ကြက်မိသားစုတွေ အချင်းများနေကြရပြီ။ တရားခံကတော့ ကျွန်တော်ကြောင့် ဆိုပါတော့။
Credit image source
သူတို့တွေ အဲ့လိုဖြစ်နေကြတော့ ကျွန်တော်အတွေးတစ်ခုကို ဆက်စပ်တွေးမိတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးဆိုတာ သဒ္ဒါးတရား လက်ကိုင်ထားတတ်ကြတဲ့ အမျိုးပါ။ ကိုယ့်အိမ်ကလူတွေ ဝဝလင်လင်စားသောက်နေကြရပြီး ဘေးနားအိမ်က ကလေးတွေ မစားရမသောက်ရဆိုရင် အဲဒီကလေးတွေ စားသောက်စရာလေးတွေ ကြွေးချင်တတ်ကြတာ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာ ဓလေ့တစ်ခုပါ။ ဒါပေမဲ့ ကိုယ့်အိမ်က မိသားစု ကိုယ့်ကလေးတွေ အတွက် အလျှံပါယ်ကြီး စားသောက်နေရတာလည်း မဟုတ်။ ကိုယ့်ကလေးတွေအတွက် နေ့ဖို့ညစာ ချန်ထားရမဲ့ အနေအထားမျိုးဆိုရင်ရော ဘေးနားအိမ်က မိသားစုကို ပေးချင်ကမ်းချင် ကျွေးချင်မွေးချင်စိတ် ရှိပါ့မလား ဆိုတာပါပဲ။
ကျွန်တော် ထင်ပါတယ်။ အဲ့ဒီလိုအခြေနေမျိုးမှာဆိုရင်တော့ များသောအားဖြင့်က ကိုယ့်မိသားစု အတွက်ပဲ စဉ်းစားကြမှာပါ။ ကျွန်တော်ကိုယ်တိုင်ဆိုရလည်း မိသားစုအတွက်ပဲ အရင်ကြည့်မှာပါ။ စာဖတ်သူများဆိုရင်ရော ဘယ်လိုလုပ်ကြမှာလဲ သိချင်မိပါဘိ။
ကိုယ်လည်း အခက်ခဲတွေ့နေချိန်မှာ ကိုယ့်မိသားစု ဝဝလင်လင် စားသောက်ဖို့အရေးပဲ ကျွန်တော်ကတော့ ဆုံးဖြတ်မိမှာပါ။ ဒါမျိုး ကိစ္စဆိုတာက ဘဝဘဝက ပါရမီ ဖြည့်ကျင့်ထားတဲ့ ဘုရားလောင်းတွေမှသာ လုပ်ဆောင်နိုင်လိမ့်မယ်ထင်ပါတယ်။ သာမန် ပုထုစဉ်လူသားအဖို့တော့ သိပ်လွယ်လှမယ် မထင်ပါဘူး။
Credit image source
အလှူအတန်း ပေးကမ်းရက်ရောတဲ့ နေရာမှာ ဝေသန္တရာမင်းကြီးကို အားအကျဆုံးပါပဲ။ သူကတော့ ဘယ်သူလာအလှူခံခံ လှူမယ်လို့ ဆုံးဖြတ်ထားတဲ့သူဆိုတော့ သားသမီးနှစ်ယောက်ကိုပါ ပုဏ္ဏားကြီးဆီ စွန့်လှူလိုက်သူပါ။ သူ့လို ဘုရားလောင်းအရင့်မာကြီးတောင် ပုဏ္ဏားကြီးက သူ့ရှေ့ မှာတင် ဇာလီ တဏှာစိန် မောင်နှမကို ကြိုးနဲ့ တုပ်နေတော့ သံလျက် လက်ကဆွဲမိသေးတယ်တဲ့။ ဒါပေမဲ့ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီက ရင့်သန်နေတော့ သူ့စိတ်သူလျော့ပြီး ဥပက္ခာပြုနိုင်ခဲ့တယ်။ ဝေသန္တရာလိုလုပ်နိုင်ဖို့တော့ ဘဝအဆက်ဆက်က ပါရမီရှိခဲ့မှသာ ရနိုင်ပါလိမ့်မယ်။
သားသမီးကို သူများဆီ စွန့်လှူ ရမဲ့ ဟာမျိုး မဟုတ်သေးပါပဲ နဲ့ အစောကပြောသလို ကိုယ့်သားသမီးမလောက်မငှ စားသောက်နေရတဲ့ အရာထဲကနေ ဘေးနားအိမ်က ကလေးကို စာဖတ်သူဆို ခွဲကျွေးနိုင်ပါ့မလား အမြင်လေးတွေ သိချင်မိပါ့ဗျာ။ ပိုလျှံ နေလို့ ခွဲဝေ ကျွေးရမှာ မဟုတ်ဘူးနော်။ မလောက်မငှထဲက ခွဲကျွေးရမှာပါ။
Author>>>@aungzawhtwe
MSC : 014