အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
ယခုတလော ဟော့ဖြစ်နေတဲ့အကြောင်းအရာတွေက မိုချ(Mocha)အမည်ရ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းသတင်းနဲ့ မကျင်းပနိုင်ခဲ့တာ ကြာပြီဖြစ်တဲ့ အကယ်ဒမီဆုပေးပွဲအကြောင်းတွေပဲဖြစ်တယ်လို့ သိရပါတယ်။ အခြားအရာတွေရှိကောင်းရှိနိုင်ပေမယ့် အဲဒီသတင်းတွေလောက် ဟော့ဖြစ်ပုံမရဘူး။ အဲဒီ ဟော့ဖြစ်နေတဲ့ သတင်းနှစ်ခုထဲမှာလည်း စိတ်ဝင်စားတာက မုန်တိုင်းသတင်းပဲဖြစ်ပါတယ်။ မုန်တိုင်းသတင်းက လူအများနဲ့သက်ဆိုင်လို့ စိတ်ဝင်စားမိခြင်းပါပဲ။
အကယ်ဒမီဆုပေးပွဲက ကိုယ်နဲ့မသက်ဆိုင်သလို လူအများရဲ့ ဘဝနဲ့လည်းသက်ဆိုင်ခြင်းမရှိဘူး။ အနုပညာအသိုင်းအဝိုင်းကလူတွေနဲ့ပဲ သက်ဆိုင်မှာဖြစ်တဲ့အတွက် စိတ်မဝင်စားဘူး။ Mocha က ဖျက်အားပြင်း မုန်တိုင်းဖြစ်လာနိုင်တဲ့အတွက်ရယ် လူပေါင်းများစွာရဲ့ အသက် အိုးအိမ်တွေကို ဖျက်ဆီးနိုင်တဲ့အတွက်ရယ်ကြောင့် စိတ်ဝင်စားမိသလို တတ်နိုင်သလောက် သတိပေးချက်တွေကို မျှဝေချင်လို့လည်း ဖြစ်ပါတယ်။ လူအများနဲ့သက်ဆိုင်နေတဲ့ကိစ္စလည်းဖြစ်ပါတယ်။
ခက်နေသည်ကား အဲဒီ အရူးလို ဖြစ်နေတဲ့ Mocha ကို မိုကလို့ပြောသူပြော မိုခါးလို့ ခေါ်သူခေါ် မိုချလို့သမုတ်သူကသမုတ်နဲ့ နာမည်အမျိုးမျိုးဖြစ်နေသလို မုန်တိုင်းဖြတ်သန်းမဲ့ လမ်းကြောင်းကို ပညာရှင်တွေအနေနဲ့ မခန့်မှန်းနိုင်ဘူးဖြစ်နေပါတယ်။ နာဂစ်တုံးကလည်း ဘင်္ဂလားဖက်ကိုသွားနေရာကနေ နောက်ပ့န်လှည့်ပြီး မြန်မာဘက်ကို ဝင်ရောက်ဖျက်ဆီးသွားခဲ့တာကို အမြဲအမှတ်ရနေတယ်။ အခု Mocha က ခန့်မှန်းထားတဲ့အတိုင်းဆိုရင် နာဂစ်ထက် ဖျက်အားပြင်းနိုင်ပါတယ်။ မနေ့ညကဒေတာတွေအရ မြန်မာ့နိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ ဒီနေ့မနက်မှာတော့ မုန်တိုင်း လမ်းကြောင်းပြောင်းနေတာတွေ့ရပါတယ်။ ဘင်္ဂလားကိုလား အိန္ဒိယကိုလားတော့မသိနိုင်သေးဘူး။ မြန်မာလည်း သိပ်လွတ်မယ်မဟုတ်ဘူး။
ယနေ့မနက် လမ်းကြောင်းပြောင်းနေတဲ့ Mocha
ကျွန်တော်တို့နိုင်ငံကလူအများစုက ဖြစ်ကာဖြစ်ရောဆိုတဲ့စိတ်ထားကြတာလားတော့မသိပါ။ ပင်လယ်ကမ်းခြေတွေကို ခုလိုအချိန်ကာလမှာ မသွားသင့်ပေမယ့် သွားတဲ့သူတွေကတော့ သွားကြတာပဲ။ အင်အားပြင်းရုံမကလို့ ကားကြီးလေထဲလွင့်ပါသွားမယ်ဆိုရင်တောင် ခရီးစဉ်မဖျက်နိုင်တဲ့သူတွေရှိမယ်။ အသက် ဉာဏ်စောင့် ဥစ္စာ ကံစောင့် ဆိုတဲ့စကားကို လုံးလုံးသတိမရဘူး။ ထားလိုက်ကြပါစို့။ သူများတွေ စိတ်ဝင်စားတာ စိတ်မဝင်စားတာက ကိုယ့်အလုပ်မဟုတ်တော့ ကိုယ်စိတ်ဝင်စားတာပဲပြောရတာပေါ့။ Mocha ကို နောက်စိတ်ဝင်စားရခြင်းကတော့ ပူလွန်းတော့ မိုးများများရနိုင်တယ်လို့ ပြောထားလို့ မိုးမျှော်ခြင်းပဲဖြစ်ပါတယ်။ မိုးလေဝသကြော်ငြာချက်တွေကို အချိန်နဲ့အမျှ နားထောင်သင့်ပါကြောင်းကို အကြံပြုလိုက်ပါရစေ။ မြန်မာပြည်သူပြည်သားအားလုံး သဘာဝဘေးမှ ကင်းလွတ်နိုင်ကြပါစေ။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -