ရောက်တိရောက်ရာ အတွေးကမ္ဘာ

ansoe(67)
Published in
#myanmar
Words
367
Reading
2 min
Listen
Play
8y

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


အတွေးတို့က လူတို့ရဲ့ လုပ်ရပ်တွေကို ဦးဆောင်သွားတတ်တယ်။ အတွေးနောက်ကို ကောက်ကောက်ပါအောင် လိုက်ရင် အမှားတွေ့တတ်တယ်။ ဒါက အတွေးနဲ့ပတ်သက်တာရေးချင်လာလို့ပါ။ အတွေးဆိုတာကို အကြောင်းမဲ့သက်သက် မဟုတ်မဟပ်မတွေးသင့်ဘူး။ အတွေးအကျင့်ရအောင်လည်း လုပ်ထားသင့်တယ်။ အကျိုးမဲ့စေတဲ့အတွေးကိုတွေးရင် ဘ၀အတွက် အထောက်အကူမပြုနိုင်ဘူး။ ဒီတော့ အတွေးတွေကိုကောင်းတဲ့ ဘက်ကနေ တွေးတောတာအကောင်းဆုံးပဲဖြစ်လိမ့်မယ်။ ကောင်းတဲ့အတွေး မှန်တဲ့အတွေးလေးတွေကို အလေ့အကျင့်ဖြစ်အောင် ပြုကျင့်ထားကြမယ်ဆိုရင် ဘ၀အတွက်အသုံးကျတဲ့အတွေးတွေကို ရရှိနိုင်ပါလိမ့် မယ်။ အတွေးတွေနဲ့ပတ်သက်ပြီး လက်တွေ့အသုံးချနိုင်တာကို ဖီလိုဆိုဖီ(Philosophy)လို့ခေါ်တယ်။ လက်တွေ့ အသုံးမချနိုင်ဘူးဆိုရင်တော့ အလကားအတွေးသာဖြစ်မှာပါပဲ။ လက်တွေ့အသုံးချနိုင်မှသာ ခေါ်ဆို နိုင်တဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။ တွေးချင်ရာတွေး မဟုတ်တာတွေး နေကြတာမျိုးကိုတော့ ဖီလိုဆိုဖီ(Philosophy)လို့ မခေါ်နိုင်ပါဘူး။ ရောက်တိရောက်ရာ အတွေးကမ္ဘာမှာ သွားချင်ရာသွားနေတဲ့ အတွေးစိတ်ကူးတွေကို ဖီလိုဆိုဖီ(Philosophy)လို့မခေါ်ဆိုထိုက်ပါဘူး။ ဒါကြောင့်လည်း စိတ်ကူးပေါက်ရာ ရေးနေတဲ့ ကျွန်တော်လိုလူတစ်ယောက်ကတော့ ဖီလိုဆိုဖာ(Philosopher)လို့ မခေါ်ဆိုနိုင်ပါဘူး။ တွေးချင်ရာ တွေးပြီး ရေးချင်တာရေးနေတာကို ဖီလိုဆိုဖာ(Philosopher)တစ်ယောက်အဖြစ် အထင်ကြီးနေမှာစိုးလို့ ရှင်းပြရတာပါ။ အဲဒီလိုဖြစ်ဖို့ဆိုရင်တော့ ရေးသားချက်၊ တွေးခေါ်ချက်တွေကို လက်တွေ့အသုံးချနိုင်ရပါမယ် လို့အထက်ပါမှာရေးပြခဲ့ပြီးဖြစ်ပါတယ်။ ဆက်စပ်စဉ်းစားတာကို ၀ါသနာပါတာတော့အမှန်ပါပဲ။ တောင်တွေး မြောက်တွေးနဲ့ တွေးမိတာလေးတွေကို စာအဖြစ်ပြန်လည်ရေးချတဲ့နေရာမှာ မှတ်တမ်းရှိတာတွေထဲက ပါလာ တတ်သလို မှတ်တမ်းမရှိ ခေါင်းထဲမှာ စွဲမြဲနေတတ်တဲ့စာလေးတွေလည်း ပါလာတတ်ပါတယ်ဗျာ။


03.png


ဖီလိုဆိုဖီ(Philosophy)ဆိုတဲ့စကားရပ်ဟာ “ခေါမဘာသာ” စကားကနေဆင်းသက်လာတယ်လို့ဆိုထားပါ တယ်။ မြန်မာလိုအဓိပ္ပာယ်ပြန်ဆိုရင် “အသိပညာကို မြတ်နိုးခြင်း” ဒါမှမဟုတ် “အသိပညာကို အပတ်တကုတ် ရှာဖွေကြိုးပမ်းခြင်း” ဖြစ်ပါတယ်တဲ့။ ဒါကို ဆရာဦးဆန်းလွင် က ရေးသား ဖော်ပြခဲ့ဘူးပါတယ်။ “အသိပညာ” ဆိုတာကလည်း ဓာတ်ခွဲခန်းထဲကိုထည့်ပြီး ဘယ်ဓာတ်တွေပါတယ်ဆိုတာ ဓာတ်ခွဲကြည့်လို့ရတာမျိုးမဟုတ်။ သဘောတရားသက်သက်သာရှိပါတယ်။ ဒါကြောင့် သဘောတရားသက်သက်သာရှိတဲ့ အသိပညာ ကို လက်တွေ့ အသုံးချနိုင်မှသာ အကျိုးရှိမှာဖြစ်ပါတယ်။ အတွေးများကို ဓာတ်ခွဲခန်းပို့ကာ ဓာတ်ခွဲကြည့်လို့မရ ပေမယ့် ကိုယ့်အတွေးလေးတွေကိုတော့ ကိုယ်တိုင် သရုပ်ခွဲကြည့်နိုင်နေမှာပါ။ အကျိုးရှိ အကျိုးမဲ့ ဘယ်အရာကို တွေးနေမိသလဲ ဆိုတာသိနေကြမယ်ဆိုရင် အကျိုးမဲ့ကိုတွေးတောမှု နည်းပါးသွားနိုင်ပါတယ်။ ဇီလိုဆိုဖီ(Philosophy)ဘောင်ဝင်တဲ့အတွေးဆိုတာမျိုးကတော့ “ငါးတို့သည် အဘယ့်ကြောင့် ရေတွင် အသက်ရှု ရှင်သန်နေထိုင်နိုင်သနည်း” ဆိုတဲ့အတွေးမျိုးတွေဖြစ်မယ်ထင်တယ်။ ဒါမျိုးကတော့ ကျွန်တော်တို့ နေထိုင်ရာ လောကကြီးကို စူးစမ်းခြင်း၊ လေ့လာခြင်းတွေပါတဲ့အတွေးမျိုးလို့ခေါ်မယ်ထင်တယ်။ အသုံးချတာ အသုံးကျတာတွေရောနှောနေမှာပေါ့။ “ဟိုကောင်မလေးကတော့ ငါ့ကိုဘယ်လိုထင်မလဲမသိဘူး” ဆိုတဲ့ အတွေးမျိုးတွေကတော့ ပရမ်းပတာအတွေးတွေပဲဖြစ်ပါလိမ့်မယ်။ စူးစမ်းခြင်း၊ အသုံးချခြင်းတွေပါနေနိုင်ပေမယ့် လူအများအတွက်တော့ အကျိုးရှိမှာမဟုတ်လေတော့ ဖီလိုဆိုဖီ(Philosophy)မဖြစ်လောက်ဘူး။


04.png


အတွေးဆိုတာကတော့ ဘယ်သူမဆို တွေးနေတတ်ကြတာပါပဲ။ ကောင်းတာလည်းတွေး မကောင်းတာလည်း တွေးမိကြမှာပါပဲ။ အတွေးတွေကြောင့် လူမှုအသိုင်းအ၀ိုင်းတွေ တိုးတက်လာကြရသလို အတွေးတွေကြောင့်ပဲ လှုမှုအသိုင်းအ၀ိုင်းမှာ ရုပ်ဆိုးအကျည်းတန်သွားတတ်ပါတယ်။ ကောင်းတဲ့အတွေးတွေကြောင့် လူမှုအသိုင်း အ၀ိုင်း နေထိုင် ပြောဆို ဆက်ဆံရာတွေမှာ တိုးတက်သွားကြပြီး မကောင်းတဲ့အတွေးတွေကြောင့် ဒုစရိုက်မှုတွေ ကျူးလွန်ကုန်ကြတော့ လူမှုအသိုင်းအ၀ိုင်းကို အကျည်းတန်အရုပ်ဆိုးသွားစေပါတယ်။ အတွေးတို့သည် မျက်စိဖြင့်မြင်အောင်ပြသနိုင်သောအရာများ မဟုတ်သောကြောင့် မကောင်းသောအတွေးတို့သည် အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပါသည်။ အတွေးဆိုသည်မှာ ဘုရားဟောအရ မနောကံဖြစ်ပေသည်။ ထိုမနောကံ သည် လူမမြင်ရသည့်အတွက် တွေးလိုရာ တွေးနိုင်ပေသည်။ နှုတ်ဖြင့် ကောင်းမှု မကောင်းမှုပြုလုပ်ခြင်း (၀စီကံ)ကိုလည်းကောင်း၊ ကိုယ်ဖြင့်ပြုလုပ်သော ကောင်းမှု မကောင်းမှု(ကာယကံ)ကိုလည်းကောင်း လူတို့ အနေဖြင့် အလွယ်တကူ မြင်တွေ့နိုင်ကြပါတယ်။ မနောကံကိုတော့ ယနေ့ထိတိုင် မြင်တွေ့နိုင်ခြင်းမရှိသေးပါ။ အတွေး တို့သည် မိမိကိုယ်တိုင်သာသိပြီး အခြားသူများသိရှိနိုင်ရန်မလွယ်ကူနိုင်ရာ ပရမ်းပတာ ဖြစ်နေတတ် ကြပါတယ်။ မိမိတို့၏ ဘ၀တိုးတက်ကောင်းမွန်လိုသော ပရမ်းပတာအတွေးတို့အား လွှတ်မပေးပဲ ထိန်းချုပ် အပ်၏။ ပရမ်းပတာအတွေးတို့အား ထိန်းချုပ်နိုင်ခဲ့လျှင် အစီအစဉ်ကျသောအတွေးတို့သည် နေရာယူကုန်မည် သာဖြစ်ပေသည်။ အစီအစဉ်ကျသော အတွေးတို့သည် ဘ၀ကိုတိုးတက်စေမည်မှာ အမှန်ပင်ဖြစ်ပေသည်။ တိုးတက်သော ဘ၀၊ အောင်မြင်သောဘ၀တို့အား အလိုရှိသောသူတို့သည် အတွေးတို့ကို အစီအစဉ်တကျ ဖြစ်စေရာ၏။ ကောင်းသောအတွေးတို့အား အကျင့်ဖြင့်စေရန် မွေးမြူသင့်လှပေသည်။


02 copy.png


ဖီလိုဆိုဖီ(Philosophy)သည် သိပ္ပံနည်းကျဖြစ်ကြောင့် ကမ္ဘာ့ပညာရှင်များက လက်ခံခဲ့ကြပါတယ်။ လူအများက လက်ခံလာသောအခါတွင် ပိုမိုအသုံးကျသော ပညာရပ်တစ်ခုဖြစ်လာပါတယ်။ အတွေးများသည် သဘာဝလွန် သို့တည်းမဟုတ် ရုပ်လွန်အဖြစ်အပျက်များ ဖြစ်စေပါတယ်။ လူတို့၏ ဘ၀ခရီးလမ်းကြောင်းကို အတွေးများက လမ်းပြခေါ်ဆောင်နိုင်ပါတယ်။ အတွေးများရဲ့ လမ်းပြခေါ်ဆောင်တဲ့အတွက် တိုးတက်အောင်မြင်သော ဘ၀ကို ရရှိစေပါတယ်။ “အတွေးများဟာ လူတို့ရဲ့ ဘ၀ကို မြင်တတ်သော အမြင်ဖြစ်ပါတယ်။” “အတွေးများဟာ ဘ၀ရဲ့ လမ်းပြကြယ်များ ဖြစ်ပါတယ်။” ကောင်းမွန်တဲ့အတွေးလေးတွေကို တွေးတတ် တဲ့အကျင့်ရလာတဲ့အခါမှာ လူမှုဆက်ဆံရေးတွေလည်း ပြောင်းလဲသွားတတ်ပါတယ်။ ခေတ်အဆက်ဆက် ရေးသားခဲ့သော လူမှုကျင့်ဝတ်တွေဟာလည်း အတွေးတွေကနေတစ်ဆင့် ဖြစ်ပေါ်လာတာတွေပဲဖြစ်ပါတယ်။ လူမှုအသိုင်းအ၀ိုင်းမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေဟာလည်း အတွေးတွေကနေ လာတာပဲဖြစ်ပါတယ်။ လောကနီတိဆိုတာဟာလည်း လိုက်နာဆောင်ရွက်သင့်တယ်လို့ တွေးတောတာတွေကြောင့် ချမှတ်လာတဲ့ စည်းကမ်းချက်လေးတွေဖြစ်ပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့တစ်တွေဟာ ဖီလိုဆိုဖီ(Philosophy)ပညာရပ် ဖြစ်ဖြစ် မဖြစ်ဖြစ် တွေးတော့ တွေးနေကြမှာပါပဲ။ အရင်တုံးကလည်း တွေးနေတယ်။ အခုလည်း တွေးနေဆဲ၊ နောက်လည်း တွေးနေရဦးမှာပါ။ ကောင်းတဲ့အတွေးက ကောင်းတဲ့အလုပ်တွေကို ဖော်ဆောင်နိုင်မှာဖြစ်သလို မကောင်းတဲ့အတွေးကတော့ အချုပ်ခန်းကိုလှမ်းမျှော်ကြည့်နေပါလိမ့်မယ်။ ကောင်းတဲ့ဘ၀ကို လိုချင်တဲ့သူ မှန်သမျှကတော့ “အတွေးကောင်းကောင်းလေးတွေကို အကောင်းတွေးတွေးပေးပါ” လို့ ရးသားရင်း ရောက်တိရောက်ရာ အတွေးကမ္ဘာကို ရပ်နားလိုက်ပါတယ်။


05.png


“အတွေးများဟာ လူတို့ရဲ့ ဘ၀ကို မြင်တတ်သော အမြင်ဖြစ်ပါတယ်”


“အတွေးများဟာ ဘ၀ရဲ့ လမ်းပြကြယ်များ ဖြစ်ပါတယ်”


“အတွေးကောင်းကောင်းလေးတွေကို အကောင်းတွေးတွေးပေးပါ”



ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

10-Oct-2018 ဗုဒ္ဓဟူးနေ့(Wednesday)

ရောက်တိရောက်ရာ အတွေးကမ္ဘာ | Ecency