အားလုံးပဲ မင်္ဂလာပါ။
ဒီနေ့ က တော့ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်တာ သုံးရက်မြောက်နေ့ဖြစ်ပါတယ်။ ခုတစ်လော ဒီကထိုင်းဘန်ကောက်ဘဏ်မှာ ဘဏ်အကောင့်ဖွင့်တာ တာ ခေါတ်စားနေတာမို့ ကျွန်တော်လဲ online စျေးဝယ်ဖို့နဲ့ ငွေချေတာ အဆင်ပြေဖို့ ဘန်ကောက်ကို ရောက်လာခဲ့တာပါ။ ဒီမှာ ရောက်လက်စနဲ့ ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ဖို့လဲ ရည်ရွယ်ထားတာမို့ ပထမရောက်ရောက်ချင်း ဆေးစစ်ဖို့ Vibharam ဆေးရုံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ကျွန်တော်ယူတဲ့ package ထဲမှာ လေဆိပ်ကားလာကြိုဖို့နဲ့ ဆေးရုံကွန်ဒိုမှာနှစ်ည တည်းခိုခွင့်ပါတာမို့ ပထမနှစ်ညကတော့ ဆေးရုံကွန်ဒိုမှာ တည်းခဲ့ပါတယ်။ ပထမညမှာ ကွန်ဒိုရောက်တာနဲ့ ဆေးစစ်ဖို့ ဆီးနဲ့ ဝမ်းယူဖို့ ဗူးနှစ်ဗူးပေးပါတယ်။ နောက်တစ်ရက်မနက်မှာတော့ ဆေးစစ်တာကို စတင်လုပ်ဆောင်ပါတယ်။ ဆေးစစ်ဖို့ ည ၁၂ နာရီကတည်းက အစာရှောင်ထားရတာပါ။
ဆေးစစ်တဲ့အထဲ ကိုယ်နဲ့ မရင်းနှီးခဲ့တာတွေက ဝမ်းနမူနာယူတာနဲ့ ပြေးစက်ပေါ်မှာ ပြေးပြီး နှလုံးလုပ်ဆောင်ချက်ကို စစ်ဆေးတာပါပဲ။ ကျန်တဲ့ သွေးဖောက်တာ၊ အီးစီဂျီ၊ ဓါတ်မှန်ရိုက်တာ စတာတွေကတော့ ကိုယ့်နဲ့ ရှင်းနှီးပြီးသာတွေပါ။ ဆေးစစ်တဲ့ ရလဒ်တွေကတော့သွေးထဲ အဆီများတာကလွဲလို့ ကျန်တာတွေ ကောင်းနေပါတယ်။ ခါးနားမှာ နာနေတာကို စစ်ကြည့်တော့ အရင်ခါးကြော ညှပ်ထားတာက အရှင်း မပျောက်သေးတာကြောင့် ဆရာဝန်က လေ့ကျင့်ခန်းလုပ်ဖို့ အကြံပေးလာပါတယ်။ လေ့ကျင့်ခန်းကို မြန်မာပြည်မှာပဲ ပြန်လာလုပ်မှာဖြစ်ပါတယ်။ နောက်တစ်ခုက မျက်စိတွင်း ဖိအားများတာကြောင့် တိမ်ဖြစ်နိုင်တဲ့ အလားအလာ ရှိတာမို့ နောက် ခြောက်လမှာ follow-up စစ်ဆေးမှု တစ်ခု လုပ်ဖို့လိုတာပါ။
အောက်ပုံကတော့ ဆေးရုံ နဲ့ ကွန်ဒိုမှာ ရိုက်ထားတဲ့ ပုံအချို့ဖြစ်ပါတယ်။ ဆေးရုံတွင်းတော့ ဓါတ်ပုံရိုက်ခွင့်မရှိတာမို့ ပုံတော့မရှိပါဘူး။

ဆေးရုံကွန်ဒိုမှာတော့ ချက်ဖို့ မီးဖိုမပါပေမယ့် အစားအစာနွေးဖို့ microwave တော့ ထားထားပေးတော့ လမ်းထိပ်က 7-Eleven က အစားအစာတွေကို အလွယ်တကူ နွေးဖို့အဆင်ပြေပါတယ်။ အခန်းကလဲ ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။ အောက်ကပုံကတော့ အခန်းခန်းပုံတွေဖြစ်ပါတယ်။
ဆေးရုံထဲက စားသောက်ဆိုင်တွေမှာ ဝယ်စားလို့ရအောင် ဘတ် ၁၆၀ တန်ကူပွန် ပေးပါတယ်။ ဆေးရုံလမ်းထိပ်မှာ 7 Eleven, Family Mart နဲ့ လမ်းဘေး ထမင်းဆိုင်နဲ့ ခေါက်ဆွဲဆိုင်တွေရှိပါတယ်။ အောက်ပုံကတော့ လမ်းဘေး ခေါက်ဆွဲဆိုင်က ခေါက်ဆွဲပါ။ ၄၅ဘတ်ပေးရပြီး စားကောင်းပါတယ်။ ဒီမှာတော့ အင်္ဂလိပ်စကား မတတ်ကြတာမို့ ထိုင်းလို နဲနဲ ပါးပါး ပြောတတ်ရင် ပိုအဆင်ပြေပါတယ်။
နောက်တစ်ရက်မှာတော့ ဘဏ်စာအုပ်လုပ်ဖို့ မြန်မာသံရုံးကို သွားပါတယ်။ စာအုပ်လုပ်ဖို့ မြန်မာသုံရုံးက ထောက်ခံစာ အရင်လုပ်ရပါတယ်။ ကျွန်တော်ကတော့ ထောက်ခံစာယူဖို့ အကျိုးဆောင်ကို အပ်ထားတာမို့ သူဆီကထောက်ခံစာယူပြီး သံရုံးထဲက Bangkok Bank မှာ ဘဏ်စာအုပ်လုပ်ရုံပါပဲ (ဘဏ်စာအုပ် လုပ်တဲ့သူများလို့ထင်ပါတယ် Bangkok Bank က မြန်မာသုံရုံးအတွင်းမှာပဲ စာအုပ်လုပ်ဖို့ ဝန်ဆောင်မှု လာပေးတာပါ။ ဘဏ်ကို တကူးတကသွားစရာ မလိုတော့ပါဘူး။) မြန်မာသုံရုံးထဲ နဲ့ ဝန်းကျင်မှာတော့ သံရုံးလာတဲ့သူတွေနဲ့ စည်ကားနေပါတယ်။ အားလုံးက ဘဏ်စာအုပ်အတွက်လာကြတာလားဆိုတာကတော့ မသိပါဘူး။
ဆေးရုံမှာ ဆေးစစ်တာလို့အပြီး ကွန်ဒိုမှာလဲ နှစ်ညပဲ နေထိုင်ခွင့်ရှိတာမို့ မနေ့ညနေမှာပဲ ဘန်ကောက်ထဲ Ploenchit BTS နားမှာ ပြောင်းလာခဲ့ပါတယ်။ သက်သာတဲ့ ဟိုတယ်တစ်ခုမှာပဲ တည်းခိုဖြစ်ပါတယ်။
ဆေးရုံအကြောင်းပိုပြီးသိချင်တယ်ဆိုရင်တော့ Google မှာ Vibharam Hospital လို့ရိုက်ရှာလို့ရမယ်ထင်ပါတယ်။ သူ့ရဲ့ Facebook စာမျက်နှာလဲရှိပြီး ချက်ဘောက်ကနေလဲ သိလိုတဲ့ အချက်အလက်တွေကို မေးမြန်းနိုင်ပါတယ်။ မြန်မာဘာသာနဲ့ပဲ ပြန်ဖြေပေးတာပါ။ အခု အခါ FB မှာ ဆေးရုံဝန်ဆောင်မှု နဲ့ ပါတ်သက်ပြီး ဘန်ကောက်ကဆေးရုံတွေက sponsored page လေးတွေတက်တက်လာတာကို တွေ့နေမိပါတယ်။ ဘယ်ဆေးရုံက ဝန်ဆောင်မှု ပိုကောင်းတယ်ဆိုတာကတော့ ကျွန်တော် အတတ်မသိပါဘူး။ ဒီဆေးရုံကို လဲ သူငယ်ချင်းက ပြဖူးလို့ သူ့နဲ့ ချိတ်မိတာ ဖြစ်ပါတယ်။ ဆေးရုံ သူနာပြု (မြန်မာလူမျိုး) ပြောပြချက်အရ ဆေးလာစစ်တာ တစ်ရက်တစ်ရက် မြန်မာပြည်က ၁၀ ယောက် ၁၅ ယောက်လောက်ရှိတယ် ပြောပါတယ်။ ကျွန်တော်ဆေးစစ်နေတုန်းမြန်မာပြည်က သူတွေနဲ့ တွေ့ပါတယ်။ ဆေးစစ်ရတာ အဆင်ပြေပါတယ်။ ပိုက်ဆံကုန်သွားတာ တစ်ခုပါပဲ :D။
မနက်ဖြန်မှာတော့ ကျွန်တော် ပညာသင်ကြားဖူးခဲ့တဲ့ Asian Institute of Technology (AIT) ကို သွားရောက်လည်ပါတ်မှာ ဖြစ်ပါတယ်။ ဒီနေ့တော့ မြန်မာပြည်က မိတ်ဆွေ ရောက်မှာမို့ သူကိုစောင့်ပြီး Fortune IT mall ကိုသွားပါမယ်။ (ကွန်ဒိုအကြောင်း ပုံတွေနဲ့ ဖော်ပြမိတာ တောကျရာရောက်တယ်ဆိုရင်လဲ သည်းခံပေးစေလိုပါတယ်။ :D)
အားလုံး ကျန်းမာချမ်းသာကြပါစေ။
@princekham
30th Nov 2022
Myanmar.