အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
ဆုတောင်းခဲ့တာ နှစ်အနည်းငယ် ကြာခဲ့ပါပြီ။ ဆုတောင်းလို့ ပြည့်စုံနေတာမျိုးမဟုတ်ပေမယ့် ဒီဆုတောင်းကိုတော့ ပြည့်စေချင်မိတယ်။ ဒါပေမယ့်လည်း ဒီဆုတောင်းကလည်း မပြည့်ခဲ့ပါဘူး။ တကယ့် လူ့လောကကြီးမှာက ပါးစပ်လေးကလှုပ်ပြီး ဆုတောင်းနေရုံနဲ့ ဘာမှဖြစ်မလာနိုင်ဘူး။ ဒါကိုသိနေပေမယ့်လည်း ဒီဆုတောင်းကခုတော့ စိတ်ထဲကနေကို အမှန်တကယ်ပြည့်စေချင်နေမိတယ်။ ဘာတွေများဆုတောင်းလို့လဲဆိုရင်
အဲဒီလို ဆုတောင်းနေခဲ့တာ နှစ်အနည်းငယ်ကြာသွားခဲ့ပါပြီ။
ကမ္ဘာအရပ်ရပ်မှာ သဘာဝ ရာသီဥတုကြောင့်ဖြစ်ပေါ်တဲ့ ရေဘေး မီးဘေး မိုးခေါင်ရေရှားဘေးတွေ၊ လူသားအချင်းချင်း ဒေါသ အဃာတ အမုန်းတရား အငြိုးအတေးတွေနဲ့သတ်ဖြတ်နေကြတဲ့ စစ်လက်နက်ဘေးတွေ အများအပြားဖြစ်ပေါ်လာနေပါတယ်။ လူ့အသက်ပေါင်းများစွာ သေကြေပျက်စီးနေကြတယ်။ နောက်ထပ် နောက်ထပ်တွေလည်း လူသားတွေရဲ့ လောဘ ဒေါသ မောဟတွေကြောင့် သေကြေ ပျက်စီး ဆုံးရှုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေအုံးမယ်လို့ ယူဆမိပါတယ်။ မမြင်ချင်ပေမယ့်လည်း မကြားချင်ပေမယ့်လည်း မြင်ရ ကြားရအုံးမှာပါ။ တကယ့် သဘာဝဓမ္မကို နားလည် လက်ခံပြီး မကျင့်သေးသမျှပေါ့။
သဘာဝဘေးအန္တရာယ်တွေကြောင့် လူ့အသက်တွေ သေကြေပျက်စီးကြရတယ်။ အဲဒါထက်ပိုဆိုးနေတာက လူတွေက လူတွေကို ဒေါသနဲ့သေစေလိုတဲ့စိတ်နဲ့ သတ်ဖြတ်နေကြတဲ့အတွက် သဘာဝဘေးအန္တရာယ်ကြောင့် လူအသက်တွေသေဆုံးတာထက် အဆပေါင်းများစွာ သေဆုံးနေကြရတယ်။ သေဆုံးတာ ငိုတဲ့သူတွေ ငိုကြွေးကြသလို လက်ခုပ်တီးပြီး ပျော်ကြတဲ့သူတွေလည်း အများအပြားပါပဲ။ ဆွေမျိုးသားချင်းတွေသေဆုံးလို့ ငိုကြွေးတယ်။ ကိုယ်နဲ့မတည့်သူ ကိုယ့်ကိုဒုက္ခပေးတတ်သူ သေသွားလို့ လက်ခုပ်တီးပြီးပျော်ကြတယ်။ ဘယ်သူက အမှန်လဲ?
လူတိုင်း လူတိုင်းကတော့ ကိုယ်လုပ်တာအမှန်ပဲလို့ လက်ခံကြတယ်။ နေရာတစ်ခုကြောင့် မှန်တယ်။ အခြေအနေတစ်ခုကြောင့်မှန်တယ်။ ဒီလိုအကြောင်းတွေကို မကြာခဏရေးတင်ခဲ့ဖူးလို့ ရိုးနေလောက်ပါပြီ။ လူတွေဆိုတာက ကိုယ်ကအမြဲမှန်တယ်လို့ လက်ခံလာပြီး သေခါနီးအချိန်ရောက်မှ ငါမှားသွားပြီလို့ ရေရွတ်တတ်ကြတယ်။ ဒါတောင် မှားသွားတယ်လို့ ဝန်ခံတာမဟုတ်ဘူး။ ဒါတွေကို ဖြစ်အောင်လုပ်တာက လူတွေရဲ့ လောဘ ဒေါသ မောဟ များလာကြလို့ပါပဲ။ ဒီတော့ ဒါတွေကို ရပ်တန့်ဖို့က လူတွေရဲ့ လောဘ ဒေါသ မောဟတွေကို နည်းသွားအောင် လျော့ချနိုင်မှဖြစ်မှာပါ။ အဲဒီလို လျော့ချနိုင်ခဲ့ရင်တော့ ကျွန်တော့်ဆုတောင်းလည်း ပြည့်သွားမယ်ထင်ပါရဲ့။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -
(ပုံတွေနဲ့ စာနဲ့တော့ သက်ဆိုင်မှုရှိမှာမဟုတ်ပါ။ အခြားသူတွေရံ ပုံကို ယူမသုံးချင်လို့ ကိုယ့်မှာ ရှိတဲ့ပုံနဲ့ တင်လိုက်ရခြင်းဖြစ်ပါတယ်။)
========================================================================