Myanmar steemit

Words
79
Reading
1 min
9y
Listen to this post
~1 min

ပြီးခဲ့တဲ့လပိုင်းက မန္တလေးက ဧရာဝတီစာပေပွဲတော်မှာ
Pannelist အနေနဲ့ ဆွေးနွေးပွဲရှိကြောင်း
ရေးလိုက်တော့ အချို့မိတ်ဆွေတွေ ကိုယ့်ကိုလာတွေ့ကြတယ်။ နှုတ်ဆက်ကြတယ်။

အဲ့ထဲမှာ ကိုယ့်ဆီရောက်လာတဲ့အထဲ
ဦးဇင်းတစ်ပါးပါတယ်။
ကိုယ့်စာအုပ်သုံးအုပ်စလုံး လက်ထဲမှာ ပါလာတယ်။
စာအုပ်သုံးအုပ်လုံး လက်မှတ်ထိုးပေးရင်း
သတိထားမိတာက ဒီစာအုပ်လေးပဲ။
စာအုပ်ကို ဖလင်နဲ့ ကြိုးချုပ်ပြီး အသေအချာလေး ချုပ်ထားတယ်။
စာအုပ်အနှောင့်တွေပြုတ်မှာစိုးလို့
ထပ်ဝယ်လို့လည်း မလွယ်လို့ သေချာလေး ချုပ်ထားတာဆရာမရေတဲ့။

စိတ်ထဲ နွေးခနဲဖြစ်သွားတယ်။
ပီတိဆိုတာ ဒီလိုအရာမျိုးပါလားလို့ မှတ်မှတ်ရရဖြစ်သွားစေတဲ့ တဒင်္ဂပါပဲ။
ကိုယ်တန်ဖိုးထားတဲ့အရာတစ်ခုကို ကိုယ့်လိုတန်ဖိုးထားပေးသူတွေ ရှိနေပါလားဆိုတဲ့ ကြည်နူးစိတ်၊
ကိုယ့်စာရေးသူဘဝကို တိုက်ခိုက်ခံရတိုင်း၊ ပုတ်ခတ်ခံရတိုင်း၊
စိတ်တွေ နာကျည်းလာတဲ့ အခါတိုင်း၊
လွှင့်ပစ်ချင်စိတ်ပေါ်လာတဲ့အခါတိုင်း
ဒီစာအုပ်လေးကို ပြန်ကြည့်ဖြစ်တယ်။
ကိုယ့်ကိုချစ်ခင်ကြသူတွေရဲ့ လက်ဆောင်တွေ၊ အားပေးစကားတွေကို ပြန်တွေးရင်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာတယ်။

ပရိသတ်ရဲ့အားပေးမှုဟာ အသက်လိုအရေးကြီးပါတယ်.. စတဲ့ ဘလာဘလာတွေလည်း ကိုယ်မပြောတတ်ပါဘူး။
လက်ခုတ်သံလည်း ကိုယ်မချူတတ်ပါဘူး။
ချစ်အောင်လည်း မနေတတ်ပါဘူး။ မပြောတတ်ပါဘူး။ မချွဲတတ်ပါဘူး။
ဒါပေမယ့် ကိုယ့်အတွက် ဒီလိုအရာလေးတွေကအစ တန်ဖိုးထားဖြစ်ကြောင်း မှတ်မှတ်ရရ ပြောပြတာပါ။

အမုန်းတရားတွေကို ဥပက္ခာပြုနိုင်အောင် ကြိုးစားနေသလို
ချစ်ခြင်းမေတ္တာရဲ့ အားကိုလည်း အကြားအလပ်မရှိ ခံစားကြည်နူးရပါကြောင်းပါ။