အချိန်ကား သီပေါမင်းနန်းစံနေချိန်.. မြန်မာတရုတ်ချစ်ကြည်ရေးအနေနဲ့ တရုတ်ပြည်မှသံအမတ်များနှင့် ဘုရင်ကိုယ်တိုင် မြန်မာပြည်သို့လာလည်ပြီး အရှင်မင်းကြီးအား ဂါဝရပြုရင်း ပြိုင်ပွဲတစ်ခုလုပ်လေ၏။ပေနှစ်ဆယ် ကျောက်စိမ်း တစ်တုံးစာနိုင်သည့်ဘက်ကို ရှုံးသည့်ဘက်မှ ချစ်ကြည်ရေး အနေဖြင့် ပေးရမည်ဖြစ်၏။
တရုတ်မင်းကြီးပြောသောပြိုင်ပွဲသည်ကားထူးဆန်းပေစွ။နှုတ်ဖြင့်မပြောရပဲ လက်ဖြင့်ပြိုင်ရမည်ဆို၏။ဆိုလိုသည်မှာ အမူအရာဖြင့်ပြသော တရုတ်တို့မေးသောမေးခွန်းသုံးခုအား မြန်မာမှ အမူအရာဖြင့်ဖြေဆိုရမည်သာ။ခက်ချေပြီကော....။ဘာမေးလို့မေးမှန်းမသိ။ဘာပြန်ဖြေလို့ဖြေရမှန်းမသိချေ။သီပေါမင်းလည်း မိမိတို့မြန်မာ အခက်မတွေ့စေရန် မိဘုရား စုဘုရားလတ်နှင့် တိုင်ပင်လေ၏။ပြိုင်ပွဲကားသုံးရက်အလို...။စုဘုရားလတ်လည်း မင်းကြီးပြောပြသောအခါ တိုင်းပြည်ထဲသို့ ကြော်ငြာချက်တစ်ခုထုတ်လိုက်လေသည်။စုဘုရားလတ်၏ ကြော်ငြာချက်သည်ကား ပြင်းထန်ပေစွ။တရုတ်တို့မေးခွန်းအားဖြေနိုင်သူ ပညာရှိတစ်ယောက်လိုအပ်သည်...ဖြေနိုင်ပါက ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်တစ်သက်လုံးချမ်းသာအောင်စည်းစိမ်ပေးမည်ဖြစ်ပြီး..မဖြေနိုင်ပါက ဆွေမျိုးခုနှစ်ဆက်လုံးအား ကွပ်မျက်မည်ဖြစ်၏။
ခက်ချေပြီကော..။မည်သူမျှမပြိုင်ဝံ့ပြီ။မိမိမှားပါက မိမိဆွေမျိုးများဒုက္ခရောက်ရမည့်အရေးပေတည်း။ချမ်းသာချင်သော်လည်း အားလုံးကွပ်မျက်ခံရမည်ကိုတော့ ကြောက်ကြပေပြီ။ပြိုင်ပွဲယှဉ်ပြိုင်မည့်သူကား ထွက်၍မလာ။ကြော်ငြာချက်ပြီး ပွဲပြိုင်ရန်နာရီပိုင်းလောက်အလိုတွင်........
နန်းတော်ရှေ့သို့ အမူးသမား (မူးသမှ တနေကုန် ထမင်းမစား၊ ဟင်းမစား မနက်ကနေညအထိအရက်နှင့်ပွဲပြီးမည့်သူ) တစ်ဦးရောက်လာပြီး ပြိုင်ပွဲမိမိယှဉ်ပြိုင်မည်ဟု ထပ်ခါတလဲလဲ (မူးပြီးရစ်သည်ထင်ပါသည်) တံခါးစောင့်အားပြောနေလေ၏။တံခါးမှူးလည်း မင်းကြီးထံသို့ အဆင့်ဆင့်လျှောက်ထားရာ..မဖြစ်ချေပြီ..ပြိုင်ပွဲကားတစ်နာရီသာလိုတော့၏။ပုဏ္ဏားတို့အား ကြည့်ခိုင်းသော်..ဤလူသည်ကား အမူးသမားသာဖြစ်သော်လည်း နက္ခတ်မှာအရမ်းကောင်းလွန်းနေသည်...နိုင်ဖို့သေချာသည်ဟုဆိုပြန်သောကြောင့် ရှေ့တော်သွင်းစေဟုဆိုကာ ၀တ်ကောင်းစားလှများဆင်မြန်းပေးပြီး ရင်တမမနှင့် ပြိုင်ခိုင်းလိုက်ရပြီ။အမူးသမားလည်း စင်ပေါ်သို့ရဲဝံ့စွာတတ်ပေပြီ။ သူကားဆွေခုနှစ်ဆက် ကွပ်မျက်ခံရမည်ကို မမှုသူ။ အဘယ်ကြောင့်ဆိုသော် သူသည်ကားတစ်ကောင်ကြွက်။ သေမထူးနေမထူးဟုဆိုကာဝင်ပြိုင်ခြင်းပေတည်း။ မေးမြန်းမည့် ပေါက်ဖော်ကြီးကိုကြည့်ပြီးတစ်ချက်ပြုံးပြလိုက်သည်။ပေါက်ဖော်ကြီးကလည်း သူတို့နိုင်မှာသေချာသဖြင့် ထေ့ကာရိကာ ပြန်ပြုံးပြနှုတ်ဆက်လေ၏။ ပွဲကားစပြီ....။
ဒုန်းးးဒုန်းးးးဒုန်းးးးး...စည်သံကြီးကား မည်ဟီးလျှက် နန်းတော်တစ်ခုလုံးဟိန်းချေပြီ။ပရိသတ်အားလုံး စိတ်ဝင်စားနေကြပြီ။မေးခွန်းနံပါတ် တစ် စချေပြီ။တရုတ်ကြီးက လက်ငါးချောင်းထောင်ပြ၏။အရက်သမားကြီး ကြည့်ပြီးပြုံးကာ လက်ဆယ်ချောင်းပြန်ထောင်ပြလိုက်သည်။စည်သံထွက်လာ၏။မြန်မာ မေးခွန်းတစ်ကိုနိုင်ချေပြီဆိုသည်။ဟာ...ဟယ်....ဟေးးးးးးးးး စသောအသံများကားဆူညံကုန်၏။ပေါက်ဖော်ကား အရက်သမားကြီးအား မယုံနိုင်သလိုကြည့်၏။နိုင်ပြီဆိုတော့ အမူးသမားက ခပ်တည်တည်ပြန်ကြည့်၏။
မေးခွန်းနှစ်စရန်ပြင်၏။စပေပြီ။ပေါက်ဖော်ကား ရင်ဘတ်ကိုပုတ်ပြလိုက်ပြီ။မဆိုင်းမတွပင် အမူးသမားကြီးကား ရင်ဘတ်ရော ကျောပြင်ပါပုတ်ပြပေ၏။တရုတ်ကြီးမယုံနိုင်စွာကြည့်လျှက် စည်တီးပြန်၏။မြန်မာနိုင်ပြန်ပြီဟုကြွေးကြော်ပေသည်။ထုံးစံတိုင်း အလို ...ဟာ...ဟယ်....ဟေးးးးးးးးး စသောအသံများကားဆူညံကုန်လေပြီ။အမူးသမားကြီးအား ပေါက်ဖော်ကားကြည့်ပြီ။နောက်မေးခွန်းသာမြန်မာနိုင်လျှင်သူတို့ရှုံးပြီ။ကျောက်စိမ်းတုန်းပို့ရပေတော့မည်။အမူးသမားကြီးကား တည်ငြိမ်လွန်းပေစွ။သူ့ကိုဆင်မြန်းပေးထားသော အ၀တ်စားတို့က လေတလွင့်လွင့်ဖြင့် အလံထူနေသယောင်။
တတိယမေးခွန်းစပေပြီ။နောက်ဆုံးမေးခွန်းဖြစ်၍ အားလုံးစိုးရိမ်ခြင်း ၊ စိတ်ဝင်စားခြင်း များစွာဖြင့် မျက်တောင်မခတ်တမ်း ကြည့်နေကြလေပြီ။မင်းနှစ်ပါးသည်ကားထိုင်ရမလိုထရမလို။ပေါက်ဖော်ကြီးထိုင်ရာမှထကာ လက်သီးလက်ေမာင်းများတစ်ဘုန်းဘုန်းရိုက်လျှက် မြန်မာအားစိန်ခေါ်သယောင်အမူအယာ လုပ်ပြလေ၏။အရက်သမားကြီးကား ဒေါသထွက်တင်းချေပြီ။မူးကမူးနေတော့ ဘာကိုမှဂရုမစိုက်နိုင်တော့ မိမိအားစိန်လာခေါ်သောပေါက်ဖော်ကြီးအား ပုဆိုးလှန်ပြလိုက်ပြီ။ဟိုက်....အရှက်တော့ကွဲပြီ။မြန်မာသီပေါမင်း မျက်နှာဘယ်နားထားရမှန်းမသိ။အိမ်နီးချင်းတရုတ်မင်းအား အားနာပေစွ။မြန်မြန်အမူးသမားကြီးအားဆွဲထုတ်ဖို့ အမိန့်ပေး၏။တရုတ်တို့ဘက်မှလည်း အံ့အားသင့်စွာဖြင့် ဟိုက်ခနဲ အိုးအိုး...ဟု အော်မည်ကြပြီးလျှင် အမူးသမားကြီးအား လက်ခုပ်တီးကြ၏။ထူးဆန်းပေစွ...တတိယ စည်သံမည်လာပြီး မြန်မာကွင်းလုံးကျွတ်နိုင်ကြောင်း ကြေငြာလေ၏။
သီပေါမင်းလည်း အမူးသမားကြီးအား မဆွဲဖို့ပြန်တားရ၏။တရုတ်မင်းကြီးကား ကျောက်စိမ်းတုန်း ပြန်ရောက်လျှင် လက်ဆောင်အဖြစ်ပေးမည်ဖြစ်ကြောင်း ရိုသေစွာပြော၏။မြန်မာတွင်ပညာရှိပေါကြောင်းနှင့် ဘုရင်ကြီးအားလည်း အလွန်လေးစားကြောင်းထပ်ကာထပ်ကာပြောလေသည်။သီပေါမင်းနှင့်စုဘုရားလတ်တို့လည်း မေးခွန်းများအားအလွန်သိချင်၍ မေးခွန်းဖြေသော အမူးသမားကြီးအား ညအခါတွင် နားနေချိန်...ဆင့်ခေါ်စေလျှက် ဘာတွေဖြေလိုက်သနည်းဟုပြန်မေးလေ၏။အမူးသမားကြီး ဘုရင်မင်းထံအခစားဝင်ပေသည်။
"သူမေးသောမေးခွန်းတွေက လွယ်လွန်းတယ်ဘုရား"
(၁) ကျွန်တော်မျိုးကို လက်ငါးချောင်းထောင်ပြတယ်။အရက်ငါးလုံးသောက်နိုင်လားလို့မေးတာပါဘုရား။ကျွန်တော်မျိုးကဘယ်အလျှော့ပေးလိမ့်မလည်းဘုရား ဆယ်ချောင်းထောင်ပြပြီး မြန်မာဟာတရုတ်ထက်သောက်နိုင်တယ်ဆိုတာပြလိုက်တယ်ဘုရား။ကျွန်တော်မျိုးအဖြေမှန်တယ်ဘုရား။
(၂) ကျွန်တော်မျိုးကို ရင်ဘတ်ပုတ်ပြတယ်ဘုရား။သူမေးတာက အရက်ဆယ်လုံးတောင်သောက်တော့ ရင်မပူဘူးလားလို့မေးတာဘုရား။ ကျွန်တော်မျိုးကသဘောပေါက်တာပေါ့ဘုရား. ၁၀ လုံးသောက်မှတော့ ရင်တယ်ဘယ်ကမလည်း ကျောပါပူတာကိုးဘုရား။ကျောရောရင်ရောပုတ်ပြလိုက်တာ ကျွန်တော်မျိုးတို့နိုင်တယ်ဘုရား။
(၃) ဒါကိုသူကသူ့ထက်သောက်နိုင်တယ် ဘာမှမဖြစ်ဘူးဆိုတော့ ကျွန်တော်မျိုးကို တင်းသွားတယ်ဘုရား။သူစိန်ခေါ်တယ်လေဘုရား။လက်ခမောင်းတွေခတ်တာဘုရား။ကျွန်တော်မျိုးလည်း ဒေါသထွက်လာတော့ ဘာမှမမြင်နိုင်တော့ပါဘူးဘုရား။ဒီလောက်တောင်စိန်ခေါ်တာ ထိုးမယ်ဆိုပြီးတော့ သူ့ကို ငါ့ဘာထင်လို့လည်းဆိုပြီးတော့ ပုဆိုးလှန်ပြလိုက်တယ်ဘုရား။ သူတို့ကြောက်သွားတာတွေ့လားဘုရား။ကျွန်တော်မျိုးတို့ကိုအနိုင်ပေးတယ်ဘုရား။
အရှင်မင်းကြီးကား အမူးသမားကြီး၏ ရဲရင့်သောစိတ်ဓါတ်ကို ချီးကျူးတော်မူပေသည်။စုဘုရားလတ်ကလည်း ဆုတောင်လာဘ်တော်များစွာချီးမြှင့်ပေ၏။အမူးသမားကြီးလည်းပျော်ရွှင်စွာပြန်၍ အိပ်ဆောင်သို့ပြန်သွားပြီးနားနေ၏။
နန်းတွင်းမှ မှူးမတ်ကြီးများကား မေးခွန်းအားမသိသေးပေ။ထို့ကြောင့်မေးခွန်းမေးသော ပေါက်ဖော်ကြီးအားဆင့်ခေါ်ယူစေလျှက် အဖျော်.မကာဖြင့်ဧည့်ခံကာ ဘာတွေမေးသနည်းဟု မေးလေ၏။ပေါက်ဖော်ကြီးကား မြန်မာအားအရမ်းချီးကျူးကြောင်းပြော၏။သူမေးသောမေးခွန်းသည်ကား...
(၁) မြန်မာတို့ရဲ့အရှင်သီပေါမင်းကြီးအကြောင်းကျွန်တော်မျိုးကမေးတာဗျ။လက်ငါးချောင်းထောင်ပြပြီး မင်းကျင့်မင်းတရားငါးပါးနဲ့ပြည့်စုံရဲ့လား လို့မေးတဲ့အခါ မြန်မာဘက်က ပညာရှိက ဆယ်ချောင်းထောင်ပြပြီး မင်းကျင့်မင်းတရား ၁၀ ပါးနဲ့အညီအုပ်ချုပ်ပါတယ်လို့ပြောတာ တအားတော်လွန်းပါတယ်လေ။
(၂) ကျွန်တော်မျိုးက ရင်ဘတ်ကိုပုတ်ပြပြီးတော့ မင်းကြီးက တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ရော အုပ်ချုပ်ရဲ့လားလို့မေးတဲ့အခါမှာလည်း မြန်မာပညာရှိကြီးက ရင်ရောကျောရောပုတ်ပြပြီးတော့ ကျောသားရင်သားမခွဲခြားပဲ အုပ်ချုပ်တယ်လို့ပြောတာ တော်တော်လေး ပညာပါတယ်ဗျာ။ရှုံးပျော်ပါတယ်။
(၃) ဒီမေးခွန်းကတော့လုံးလုံးမဖြေနိုင်တော့ဘူးလို့ ကျွန်တော်မျိုးထင်ထားတာ တော်တော်လေး လည်းသဘောကျတယ် ပြီးတော့ လေးလည်းလေးစားတာ ဖြေနိုင်တာကို။ကျွန်တော်မျိုးမေးတာက မင်းကြီးက လက်ရုံးရည်နဲ့ရောပြည့်စုံလားလို့မေးလိုက်တာ။ဒါကို မြန်မာပညာရှိကြီးက ပုဆိုးလှန်ပြပြီးတော့ နှလုံးရည်ပါပြည့်စုံတယ်လို့ပြောသွားတာများ အံ့သြလွန်းပါတယ်ဗျာ။ကျောက်စိမ်းတုန်းမြန်မာဘက်ကိုပေးရတာ တန်ပါတယ်လေ။ဟုပြောကာ အဆောင်သို့ပြန်ဝင်ပြီးအနားယူလေသည်။
မေးခွန်းနှင့်အဖြေများကားရှင်းသွားချေပြီ။နောက်နေ့တွင်တရုတ်မင်းကြီးအပြန်ခရီးအား လှေဆိပ်သို့လိုက်ပို့လေ၏။နောက်တစ်ပတ်တွင်တရုတ်မင်းကြီးမှ ပေနှစ်ဆယ်ကျော်သော ကျောက်စိမ်းတုန်းကြီးကို တင်ပို့လိုက်၏။မြန်မာနိုင်ပေသည်............
ဟာသအမြင်ဖြင့်သာအားပေးကြဖို့စာဖတ်သူများကိုအနူးညွတ်တောင်းပန်ပါသည်။အားလုံးကျေးဇူးတင်ပါသည်။
Author - @zarmanizawlinn
MSC 210
Naypyitaw.
Myanmar.
6/17/2018.
Thank all steemit friends.Good luck.