မင်္ဂလာပါ Steemit မှ မိတ်ဆွေများ ၊ ညီအစ်ကိုမောင်နှမများအားလုံး မိုးဦးကာလ အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
ဒီတစ်ပတ်မှာတော့ ကျွန်တော်၏မပြီးဆုံးသေးသော ခရီးသွား post တစ်ခုဖြစ်သော အားလပ်ရက်အကြောင်းကိုဘဲ ပြန်လည်ကာ ဆက်လက်ဝေမျှပါရစေ။
ကျွန်တော်တို့လည်း များမကြာခင်မှာပင် ဘုရားသို့ရောက်ရှိလာခဲ့ကြပါတော့သည်။ပထမဦးတွေ့ရှိရသည်က တစ်ခြားဘုရားဖူးဧည့်သည်များနှင့် ဘုရားဖူးလာရောက်ကြသော ကားများရပ်ထားသည်များကိုတွေ့ရှိခဲ့ရပါတော့သည်။ဘုရားဖူးကားများရပ်နားထားရာနေရာများဟုဆိုရာတွင်လည်း ထိုကားဝင်းသည် တစ်ခြားတန်ခိုးကြီးဘုရားများလို အဆောက်အဦးများဖြင့်စည်ကားလှသော ကားဝင်းမျိုးတော့မဟုတ်ပါ။ဘုရားဖူးများနားနေနိုင်စေရန် ဆောက်လုပ်လှူဒါန်းထားကြသော ဇရပ်များရှေ့မှ မြေကွက်လပ်ကွင်းပြင်များတွင်သာ အဆင်ပြေသလိုရပ်နားထားကြခြင်းမျိုးကို မြင်တွေ့ခဲ့ရပြန်ပါသည်။ကျွန်တော်တို့ မအီစက်တော်ရာဘုရားသည် မြန်မာပြည်တွင် လူသိထင်ရှားနည်းပါးလှသောကြောင့်လည်းဖြစ်ပေလိမ့်မည်။မအီစက်တော်ရာ၏ သာယာလှပသောရှုခင်းများနှင့် ဘုရား၏တန်ခိုးကြီးခြင်းတို့မှာ လမ်းပန်းဆက်သွယ်ရေးများခက်ခဲမှုများကြောင့် ကျွန်တော်တို့ရခိုင်ပြည်နယ်တွင်ပင် လူအများသိရှိလာကြသည်မှာ နှစ်အနည်းငယ်ခန့်သာရှိသေးသည်ဟု ကျွန်တော်ယူဆမိပါသည်။
ကျွန်တော်တို့ မင်းဘူးရွှေစက်တော်ဆိုလျှင် မြန်မာတစ်ပြည်နယ်လုံး မသိသူများပင်ရှိလိမ့်မည် မဟုတ်ကြပေ။မင်းဘူးရွှေစက်တော်သည် လမ်းပန်းဆက်သွယ်ရေးမှာလည်း အဆင်ပြေချောမွေ့နေပြီးဖြစ်သလို သီချင်းများတွင်လည်း ထည့်သွင်းကာပင်စပ်ဆိုသီဆိုထားသည်များရှိကြပါသည်။မင်းဘူးရွှေစက်တော်၏ ဘုန်းတန်ခိုးကြီးမားမှုများကိုလည်း မြန်မာပြည်သူပြည်သားများက မရောက်ဘူးခဲ့လျှင်တောင်မှ ကြားဖူးနားဝကတော့ လူတိုင်းနီးပါးရှိနေခဲ့ကြပေပြီ။ကျွန်တော်တို့ မအီစက်တော်ရာသည် လူသိထင်ရှားနည်းပါးသည်နှင့်အမျှ ဘုရားဝင်းထဲမှ အဆောက်အဦးများနှင့် ပတ်ဝန်းကျင်များသည် သဘာဝအတိုင်းပင်ငြိမ်းချမ်းသောခံစားမှုများကို ပေးစွမ်းလျှက်ရှိနေပါသေးသည်။အကယ်၍နောက်နောင်များတွင် လူသိထင်ရှားများပြားလာသည်နှင့် ဘုရားဖူးဧည့်သည်များ များစွာလာရောက်ဖူးမြော်ကြလျှင်တော့ သဘာဝတရားများ၏ အလှတရားများက ယခုလိုမျိုးအေးချမ်းသောခံစားမှုများကို ပေးစွမ်းနိုင်တော့မည်မထင်တော့ပေ။
ကျွန်တော်တို့လည်း တစ်ခြားသူများရပ်နားထားသော ကွင်းပြင်တွင်ရပ်နားခြင်းမရှိဘဲ ဘုရားနှင့်ပိုနီးသော ချောင်းနံဘေးနား အပင်အောက်သို့ထိမောင်းနှင်လာခဲ့ကြပေတော့သည်။
ကျွန်တော်တို့လည်း နေပူသော်လည်း ဂရုမစိုက်တော့ဘဲ အပေါ်သို့တက်ရောက်ရန် ပြင်ဆင်ကြကာ စတင်တက်ရောက်ကြပါတော့သည်။တက်ရောက်ကြသော လမ်းခရီးတွင်တော့ တစ်ခြားဘုရားဖူးများနှင့်လည်း ထပ်မံဆုံတွေ့ကာ အပေါ်သို့တက်ရောက်ရသည်မှာ အလွန်ပင်ပျော်စရာကောင်းခဲ့ရပြန်ပါတော့သည်။တောင်တက်လမ်းကလေးများကလည်း ဘုရားဖူးပြည်သူများအဆင်ပြေစွာတက်ရောက်နိုင်ရန်အလို့ငှာ လှေကားထစ်လေးများသဖွယ်ပြုလုပ်ထားကြပေတော့သည်။အတက်လမ်းတစ်လျှောက်တွေ့မြင်ရသော ၀ါးရုံပင်များမှာလည်း အစီအရီကလေးဖြင့် အတော်ပင်သာယာလှပသော တောလမ်းကများဖြစ်နေပါတော့သည်။
ကျွန်တော်တို့စတင်ထွက်ခွါသည်နှင့် တောင်တက်လမ်းကလေး နည်းနည်းလည်းမတ်တော့ လူတွေကလည်း မောလာနေပြီ။သို့ပေမယ့်လည်း မောတယ်ပန်းတယ်သဘောမထားဘဲ ဓါတ်ပုံတွေရိုက်ကြသည်မှာလည်း ပျော်စရာတော့ကောင်းလှပေသည်။
တက်ရင်းမောရင်းဖြင့် ဟော သစ်ပင်တွေကြားမှ ထွက်ပေါ်လာသော အဆောက်အဦးနှင့် ဘုရားမုခ်ဝလေးကို မြင်လိုက်ရတော့ ခံစားရသောပျော်ရွှင်မှုက အတိုင်းထက်အလွန်ပင်။ရောက်ပြီဆိုသော အသိလေးများက၀င်ရောက်လာကတည်းက လူကလည်းခြေပစ်လက်ပစ်ထိုင်ချလိုက်ချင်စိတ်များက အပြေးအလွှားဝင်ရောက်လာကြပေတော့သည်။ရေသောက်ချင်စိတ်ကတော့ အတော်ပင်ထိန်းမရဖြစ်နေပါတော့သည်။ကျွန်တော်လည်း ဘုရားအနားသို့ရောက်သည်နှင့် နီးစပ်ရာနားနေဆောင်တစ်ခုဖြစ်သည့် ဇရပ်ပေါ်တွင်တော့နားဦးတော့မည်။ထိုဇရပ်လေးကိုတော့ အတော်ပင်ရောက်ချင်လှပြီ။ထို့ကြောင့်လည်း ကျွန်တော်သည် အရင်ထက်ပိုမိုအားထုတ်ကာ မြန်မြန်လေးလျှောက်လာကာ ဇရပ်ပေါ်သို့အနီးသို့ရောက်ပြီဆိုသည်နှင့် အပြေးကလေးတက်ရောက်ကာ အနားယူလိုက်ပါတော့သည်။
ထိုဇရပ်ပေါ်တွင် ထိုင်ချလိုက်သည်နှင့် ပထမဦးလက်လှမ်းမိသည်က ရေဘူး ၊ ကျွန်တော်လည်း မောမောဖြင့် ရေတွေကို တရစပ်သောက်နေမိခဲ့တော့သည်။ဗိုက်ကလေးနည်းနည်းတင်းသလိုခံစားမိကာ ရေသောက်ခြင်းကို ရပ်လိုက်တော့ ရေတွေက တစ်လီတာတွင်တစ်ဝက်ခန့်သာကျန်ရှိပါတော့သည်။ကျွန်တော်လည်း ဘုရားဖူးဖို့ရန်ပင် မတက်နိုင်သေးဘဲ ထိုဇရပ်ပေါ်တွင် အမောဖြေလိုက်ပါတော့သည်။
ကျွန်တော်၏ အားလပ်ရက်အားဤတွင် ခေတ္တနိဂုံးချုပ်ပါရစေဦးဗျာ။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဟုဆုတောင်းရင်း-
Writter @theinzawlin
MSC - 128