ပြင်ဆင်ထားစေချင်

Words
181
Reading
1 min
Listen
Play
9y

“ပြင်ဆင်ထားစေချင်”
Steemit Myanmar မှ မိတ်ဆွေများအားလုံးမင်္ဂလာပါ။ဒီနေ့ ကျွန်တော်ရေးမယ့်အကြောင်းအရာလေးကတော့ ကျွန်တော့်အလုပ်တွင် တွေ့ကြုံရသောအကြောင်းအရာလေးကိုရေးခြင်းဖြစ်ပါသည်။ ၄င်အကြောင်းအရာမှာ ကိစ္စတစ်ခုကိုလုပ်ကိုင်ရာတွင် ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း၊ ရောက်ရှိနေသော အခြေအနေပေါ်တွင် ဖြစ်သင့်သောအရာကို ကိုယ်ပိုင်စဉ်းစားချင့်ချိန်လုပ်ကိုင်မှုအားနည်းခြင်း၊ ကိုယ်ပိုင်လေ့လာမှုအားနည်းခြင်း ဆိုတဲ့အကြောင်းအရာများဘဲဖြစ်ပါတယ်။
Photo Credit: https://goo.gl/q3WNw8sublimist_self_study_course.jpg
ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ လူတော်တော်များများဟာ ကိစ္စတစ်ခုခုကိုလုပ်ကိုင်ကြရာတွင် ကြိုတင်ပြင်ဆင်မှုအားနည်းသည်ကို များသောအားဖြင့်တွေ့နေကြရပေသည်။တစ်ချို့ဆိုလျှင် အချိန်နီးကပ်မှ ပြင်ဆင်ကြသောကြောင့် အိုးနင်းခွက်နင်းသလိုဖြစ်ကြရပါသည်။”ပွဲမ၀င်ခင် အပြင်ကကျင်းပ”ဆိုသလို ကိုယ်လုပ်ရမည့်ကိစ္စတစ်ခုကို မလုပ်ခင် အထပ်ထပ်အခါခါ ကြိုတင်ပြင်ဆင်ထားမှသာ တော်ကာကြပေလိမ့်မည်။သို့မဟုတ်ပါက ခွေးအကြီး လှည်းနင်းသလို ဖြစ်နိုင်ပါသည်။
ယနေ့ခေတ် အလုပ်တစ်ခုလျှောက်ရာတွင် လိုအပ်သည်များကို ကြိုတင်မပြင်ဆင်ထားပါက အလုပ်ရနိုင်ရန်မှာ ရာခိုင်နှုန်းနည်းပါးပါသည်။ဥပမာအားဖြင့် မိမိသည် စာရင်းကိုင်အလုပ်ကို လျှောက်မည်ဆိုပါက စာရင်းကိုင်နှင့် သက်ဆိုင်သော ပညာရပ်များကို ကြိုတင်လေ့လာပြင်ဆင်ထားရန် လိုပေသည်။သို့တည်းမဟုတ်ဘဲ စာရင်းကိုင်နှင့်ခေါ်သည့်အလုပ်ကို Marketing ပညာကျွမ်းကျင်ပါသည်ဟု သွားပြော၍မရပေ။ထို့အတူ ကွန်ပျူတာ programimg ရေးသူခေါ်သည်ကို Basic လောက်တတ်ထားရုံလောက်နှင့် သွားလျှောက်၍မရပေ။ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်ပေလိမ့်မည်။
တစ်ချို့ဆိုလျှင် ယူထားသည့် လက်မှတ်အများအပြားရှိသော်လည်း တကယ်လက်တွေ့တွင် စမ်းသပ်လုပ်ကိုင်ခိုင်းပါက အလွဲလွဲအချော်ချော်ဖြစ်သည်ကများပါသည်။ သင်တန်းများတက်ပြီး လက်မှတ်သာယူထားသော်လည်း ကြိုတင်ပြင်ဆင်လေ့ကျင့်မှုနည်းသောကြောင့် အမှားများဖြစ်ရခြင်းဖြစ်ပါသည်။ထို့အပြင် စာရင်းကိုင်ရာထူးနှင့်ခေါ်သည်ကို Computer Excel လောက်သာလေ့လာမထားဘဲ LCCI လို Accounting ဘာသာရပ်များပါ ကြိုတင်လေ့လာပြင်ဆင်ထားပါက မိမိအတွက်လည်း အခွင့်အရေးပိုရနိုင်ပေသည်။
တစ်ချို့ တွေ့ဘူးပါသည်။ အလုပ်တစ်ခုခိုင်းလိုက်ပါက အမေမှာတဲ့ဆန်တစ်ခွက် သုံးစိပ်နဲ့မလဲဆိုသလိုဖြစ်နေပါသည်။ ဆန်ချိန်တွယ်ရာတွင် နို့ဆီဗူးလေးလုံးကို တစ်ခွက်ဟုလည်းကောင်း ၊ဆန် လေးပြည်ကို ဆန်တစ်စိပ်ဟုလည်းကောင်း ခေါ်ကြရာတွင် အမေက ဆန်တစ်ခွက်မှာသော်လည်း သုံးစိပ်ပေးသောအခါ အမေမှာသည်မှာ တစ်ခွက်ဟုဆိုသောကြောင့် ပိုရမည့် သုံးစိပ်ကိုမယူဘဲ အမေမှာသည့်အတိုင်းသာ ဆန်တစ်ခွက်ကိုသာယူသည်ကိုဆိုလိုပါသည်။ပြောချင်သည်မှာ တစ်ချို့အလုပ်တစ်ခုခိုင်းလျှင် မှာသည့်အတိုင်းသာလုပ်တတ်ပြီး ဖြစ်လာသည့်အခြေအနေပေါ်တွင် ဖြစ်သင့်သောအရာကို ကိုယ်ပိုင်စဉ်းစားချင့်ချိန်၍ လုပ်ကိုင်မှုအားနည်းခြင်းပင်ဖြစ်သည်။ အဲဒီလိုအားနည်းမှုကြောင့် မိမိအပေါ်တွင် လုပ်ငန်းလွှဲအပ်ရာတွင် ယုံကြည်မှုများလျော့ကြလာနိုင်ပါသည်။
နောက်တစ်ခုမှာ အလုပ်ကိစ္စတစ်ခုကို လုပ်ခိုင်းလျှင် ခိုင်းသည့်အတိုင်းသာလုပ်၍ ကိုယ်ပိုင်လေ့လာဆန်းသစ်မှုမရှိခြင်းပင်။ ဥပမာအားဖြင့် ကျွန်တော်သည် ဖိတ်စာတစ်ခုကို ရိုက်ရန် ကွန်ပျူတာစာစီစာရိုက်ဆိုင်သို့သွားသောအခါ ပထမဆိုင်တွင် ရိုက်ချင်သောပုံစံကိုပြောပြသော်လည်း စာရိုက်သူမှ စိတ်တိုင်းကျအောင်မဖန်တီးနိုင်သည့်အတွက် နောက်တစ်ဆိုင်သို့သွားသောအခါ ကိုယ့်လိုချင်သည့် ပုံစံအပြင် တစ်ခြားကောင်းနိုးရာရာ အကြံများပေးကာ စိတ်တိုင်ကျအောင်ပြုလုပ်ပေးနိုင်ခြင်း ပင်ဖြစ်ပါသည်။ဤအကြောင်းအရာကို ကြည့်ခြင်းအားဖြင့် ပထမဆိုင်မှာ ကိုယ်ပိုင်လေ့လာဆန်းသစ်မှု မရှိခြင်း ဒုတိယဆိုင်မှာ ကိုယ်ပိုင်လေ့လာဆန်းသစ်မှုကောင်းခြင်းကြောင့် ရောက်လာသော ဖောက်သည်ကို စိတ်တိုင်းကျဖြစ်စေသည့်အတွက် ဒုတိယဆိုင်အပေါ် ဖောက်သည်မှယုံကြည်မှုတိုးသွားနိုင်ပါသည်။ထို့ကြောင့် အလုပ်တစ်ခုကိုလုပ်ကိုင်ရာတွင် သင်ထားတတ်ထားသည့်ပညာများအပြင် မိမိကိုယ်တိုင်ကြိုးစားလေ့လာပြီး ဆန်းသစ်နိုင်ပါက တစ်ခြားသူများနှင့်ယှဉ်လျှင်မိမိမှာ အခွင့်အလမ်းပိုများနိုင်ပါသည်။
ideal_employee_1200x627.jpg
Photo Credit: https://goo.gl/Y6Q6Y5
ထို့ကြောင့် ကိစ္စတစ်ခုကို လုပ်ကိုင်တော့မည်ဆိုပါက ကြိုတင်ပြင်ဆင်ထားခြင်း၊ ဖြစ်ပေါ်လာသော အခြေအနေပေါ်တွင် အဖြစ်သင့်ဆုံးအကြောင်းအရာကို ကိုယ်ပိုင်စဉ်းစာချင့်ချိန် လုပ်ဆောင်ခြင်း၊ မိမိလုပ်မည့်အလုပ်ထက်ပို၍ တစ်ခြားသော အကြောင်းအရာများကို ကိုယ်တိုင်ကြိုးစားလေ့လာပြီး ပြင်ဆင်ထားနိုင်မှသာ မိမိကျင်လည်ရာအသိုက်အ၀န်းတွင် ကောင်းမွန်စွာရေရှည်ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။ လိုအပ်ချက်များရှိပါကလည်း နားလည်ခွင့်လွှတ်၍ ဝေဖန်အကြံပြုပေးကြပါရန်…..။အားလုံးကိုကျေးဇူးတင်ပါသည်……။
thant logo.jpg

Writer - Thant Zin Soe(tharpauk@tharpauk)
MSC 134

ပြင်ဆင်ထားစေချင် | Ecency