ကျနော့်ရဲ့ ချယ်ရီလင်းပုံပြင်

Words
447
Reading
2 min
Listen
Play
8y

အဲ့နေ့က ချယ်ရီ ကိုယ့်ဆီကိုအပြေးအလွှားရောက်လာခဲ့တယ်။ အမောတကောပါပဲ။ ချွေးတွေနဲ့အတူ မျက်ရည်တွေပါ ရွှဲရွှဲစိုလို့။ ဆံပင်တွေကိုစုစည်းထားတော့ ငိုထားတဲ့မျက်နှာက မို့အစ်နေတာပိုသိသာတယ်။ မျက်လုံးတွေဆိုတာ နီရဲနေတာ။ ဘယ်လောက်တောင်ငိုထားလဲမသိ။ စကားတွေဗလုံးဗထွေးနဲ့ ကိုယ့်ကိုဖက်ပြီးငိုပြန်တယ်။ ကိုယ့်မှာလည်း ချယ်ရီ ဘာဖြစ်မှန်းမသိတော့ ခြေမကိုင်မိလက်မကိုင်မိ။ ချော့မော့ပြီး ရေတိုက်။ ခနနားခိုင်းလိုက်တယ်။ နည်းနည်းငြိမ်သွားမှ အခြေအနေကိုမေးရတယ်။

ကိုယ့်ခေါင်းတခုလုံးမူးနောက် ချာလည်သွားသလိုခံစားလိုက်ရတယ်။ ချယ်ရီ့မှာကိုယ်ဝန်ရှိနေပြီတဲ့။ ဘုရား ဘုရား။ မိချယ်ရီ မိုက်လုံးကြီးချက်။ ကိုယ့်မှာတော့ သူ့ကို အရိပ်တကြည့်ကြည့်နဲ့ ညီမလေးအရင်းလိုချစ်လိုက်ရတာ။ ချစ်သူရှိပေမယ့် မလွန်စေနဲ့လို့လည်း အတန်တန်တားထားသေးတာ။ လွန်ခဲ့လည်း အချိန်မီထိန်းဖို့ မှာလိုက်ရတာ။ အခုတော့ ကိုယ့်စကားတွေကို ချယ်ရီမ ပယ်ရှားလိုက်ပါပကော။ ချယ်ရီ့မှာ အဖေမရှိတော့ဘူး။ အမေက မျက်စိတဖက်ကွယ်နေပြီ။ ၉တန်းကျောင်းသားမောင်လေးတစ်ယောက်ရှိတယ်။ ပြောရရင် အိမ့်တာဝန်အားလုံး ချယ်ရီယူထားရတယ်။ အိမ်က ကိုယ်ပိုင်အိမ်မဟုတ်ဘူး။ အိမ်ငှား။ ရတဲ့လခနဲ့ လုံးချာလိုက်နေတဲ့ ချယ်ရီ့ကို သနားဂရုနာသက်လွန်းလို့ ကိုယ့်မှာနိုင်သလောက်ကလေး အမြဲထောက်ပံ့ရတယ်။ မောင်လေးကျူရှင်ခပဲဖြစ်ဖြစ် အမေ့ဆေးဖိုးပဲဖြစ်ဖြစ်ဆိုပြီး။ အဲ့လိုနဲ့ ချယ်ရီချစ်သူရှိလာတော့ သူလည်း လူငယ်သဘာဝပျော်ချင်ရှာမှာလေဆိုပြီး သိပ်ဟန့်ဟန့်တားတားမလုပ်ခဲ့ဘူး။

အခုတော့ ကိုယ်ဝန်ရှိပြီ။ သူ့ချစ်သူက တာဝန်ယူပါမယ်ပြောတာတောင် ချယ်ရီ့ခမျာအိမ်ထောင်ပြုဖို့ မစဉ်းစားနိုင်သေးဘူး။ ချယ်ရီရတဲ့လခဆိုတာ သူ့အိမ်ဈေးဖိုး အမေ့ဆေးဖိုး အိမ်လခနဲ့တင်ပြောင်တာ။ သူ့ချစ်သူကလည်း လစာက နင်လားငါလားမဟုတ်။ တဖက်မှာလည်း ပြန်ကြည့်ရမယ့် မိဘအိမ်ဆိုတာရှိသေး။ ချယ်ရီ့အသက်က ခုမှ ၂၄။ သူ့ချစ်သူကောင်လေးက သူ့ထက် ၃နှစ်ကျော်ကြီးတယ်ပြောတယ်။

ဘာပဲဖြစ်ဖြစ် နှစ်ဖက်စလုံးက မိဘတာဝန်တွေ အိမ်တာဝန်တွေနဲ့ဆိုတော့ နှစ်ယောက်တဘဝထူထောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်သေးဘူး။ နောက်တခုက ချယ်ရီရော သူ့ချစ်သူရော ဘွဲ့မရကြဘူး။ အဲ့တော့ အလုပ်က ထင်သလောက်အဆင်မပြေကြဘူး။ ကဲထားပါတော့လေ။ ကိုယ်ကမေးရတယ် ။ အဲ့တော့ ညည်းတို့ယူလို့လည်းမဖြစ်သေးဘူးဆိုတော့ ဒီကိုယ်ဝန်ကြီး ဘယ်လိုလုက်မတုန်းလို့။ ဖျက်မယ်တဲ့။ ဘုရား!!! ကိုယ့်ရင်ဒိန်းကနဲခုန်သွားတယ်။ ကိုယ်ကြားဖူးနားဝရှိသလောက် ကိုယ်ဝန်ဖျက်တယ်ဆိုတာ သေဖို့လမ်းရွေးတာပဲလေ။ မိချယ်ရီ ဘာတွေတွေးနေလဲမသိ။ သူရှင်းပြတာကတော့ နောက်ထပ်ကလေးတစ်ယောက်ကို ဒုက္ခခံဖို့ လူ့လောကထဲဆွဲမသွင်းချင်သေးဘူးတဲ့။ အောင်မလေးး စကားတွေ စကားတွေ တတ်နေလိုက်တာများ။ အဲ့ဒါဆို ညည်းဘာလို့ အကာအကွယ်မယူဘဲ ယွခဲ့သေးလဲလို့ မစာမနာမေးလိုက်မိတယ်။ အဲ့မှာသိရတာက ဖော်စပ်ဆေးတချို့ကိုသောက်တယ်တဲ့။ သူပြောတာဗမာဆေးပဲ။ နာမည်ရှိတံဆိပ်တော့ မဟုတ်ဘူး။ အညွှန်းမှာရးထားတာ ကိုယ်ဝန်မရချင်ရင် ဘယ်လိုသောက် ကိုယ်ဝန်ရချင်ရင် ဘယ်လိုသောက်ဆိုပြီးပါတယ်။ ကိုယ့်မှာ မယုံနိုင်အောင်ပဲ။ ဘာအာမခံချက်တွေနဲ့ရောင်းနေကြတာလဲတော့မသိဘူး။ ချယ်ရီရယ် ဒီလောက်အင်္ဂလိပ်ဆေးတွေ ပေါများနေတာ ဘာလို့မသောက်တာလဲဆိုတော့ အင်္ဂလိပ်ဆေးက ဘေးထွက်ဆိုးကျိုးများတယ်တဲ့လေ။ အရမ်းပိန်သွားတာတို့ အရမ်းဝလာတာတို့ အသားမဲသွားတာတို့ ဖြစ်တော့ ပတ်ဝန်းကျင်က ဒီကောင်မအပျိုမဟုတ်တော့ဘူး။ခိုးစားနေတာဘာညာပြောရင် အမေသိသွားမှာစိုးလို့တဲ့။ သောက်ကျိုးနဲအေ။ ညည်းနှယ် ပတ်ဝန်းကျင်က ထွေးထုတ်တဲ့တံတွေးစက်တွေကိုများဂရုစိုက်လို့။ အခုတော့ ဘေးထွက်ဆိုးကျိုးကြောက်တာ အရှေ့ထွက်ဆိုးကျိုးဖြစ်သွားပြီမဟုတ်လားလို့ ကောင်းကောင်းဆူလိုက်မိတယ်။

ပတ်ဝန်းကျင်ဆိုတာကလည်း ခက်သား။ ကိုယ်ကသာ ထမင်းကြမ်းခဲရေစိမ်စားနေရတာ သူများကျ မစားနိုင်မသောက်နိုင်ဆိုပြီး ကဲ့ရဲ့တတ်ကြတာဆိုတော့ ချယ်ရီ့ကိုကိုယ်ချင်းလည်းစာမိတယ်။ သနားလည်း သနားမိတယ်။ ကဲပါလေ ကိုယ်တို့ ဘာဆက်လုပ်ကြမလဲဆိုတာကို ခေါင်းချင်းတိုက်ပြီး စဉ်းစားလိုက်တာ နှစ်ရက်တိတိ အချိန်ကုန်သွားတယ်။ သူ့ချစ်သူကောင်လေးကိုလည်းခေါ်ရတယ်။ ကောင်လေးက မွန်မွန်ရည်ရည်။ ကိုယ့်ကိုလည်း တလေးတစားနဲ့။ ကူပါကယ်ပါတွေဆိုတော့ ကိုယ့်မှာလည်းအကျပ်ရိုက်ရရော။ ဘယ်လိုပဲဖြောင်းဖျပေမယ့် ကိုယ်ဝန်က ဖျက်ဖို့သေချာနေပြီ။ အဲ့တော့ အချိန်မဆွဲတာအကောင်းဆုံးပဲဆိုပြီး ကိုယ့်မှာဖုန်းနဲ့တမျိုး လူကိုယ်တိုင်တဖုံ ကိုယ်ဝန်တိတ်တဆိတ်ဖျက်ချပေးတဲ့နေရာတွေစုံစမ်းရတာ။ ငရဲတွေကိုကြီးလို့။ မတတ်နိုင်ဘူးလေ။နွံထဲနစ်နေတာကိုတော့ ဒီအတိုင်း သေပါစေဆိုပြီး ပစ်မထားခဲ့နိုင်ဘူးမဟုတ်လား။

သူတို့ကံပဲလားမသိဘူး။ ကိုယ်ဘယ်လောက်စုံစမ်းစုံစမ်း ဘယ်လိုမှမရခဲ့ဘူး။နောက်ရက်ညသန်းခေါင်ကျော်ကြီး ချယ်ရီဖုန်းဆက်တယ်။ စိတ်ချရတဲ့တနေရာတွေ့ပြီတဲ့။ စက်တွေနဲ့လုပ်ပေးတာတဲ့။ အဓိကက တွေ့ရာလက်သည်နဲ့ကိုယ်ဝန်ဖျက်ချလို့ သေဆုံးသွားတဲ့ မိခင်တွေကို ကယ်တင်ဖို့တဲ့။ ပညာပေးတွေပါပါတယ်ဆိုတော့ ကိုယ်လည်း အရမ်းဝမ်းသာသွားတယ်။ မနက်သွားကြမယ်ပေါ့လေ။ အဲ့ညက ကိုယ်အိပ်မပျော်ဘူး။ မိချယ်ရီမျက်နှာလေးပြေးပြေးမြင်တယ်။ စိတ်လည်းပူမိတယ်။

အဲ့ဒီ့နေရာကို ကိုယ်တို့ရောက်သွားတော့ မနက် ၁၀နာရီထိုးပြီ။ ချယ်ရီ့မျက်နှာလေးဟာ ငိုမလိုရယ်မလိုပုံလေးနဲ့။ သူလည်း အားငယ်နေရှာမှာပါလေ။ ကိုယ့်လက်ကို အားကိုးတကြီးဆုပ်ကိုင်ထားတယ်။သူ့ချစ်သူကိုတော့ လမ်းထိပ်ကလက်ဖက်ရည်ဆိုင်ကလေးမှာထားရစ်ခဲ့တယ်။ ချယ်ရီက ပြန်လာခဲ့မယ်ကို။ စောင့်နေနော်လို့ သူ့ချစ်သူကိုနှုတ်ဆက်တော့ ကိုယ့်မှာ မျက်ရည်မထိန်းနိုင်ခဲ့ဘူး။ ဘယ်လောက်စိတ်ချရတယ်ပြောပြော မတော်လို့များ ချယ်ရီတခုခုဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ချယ်ရီ့လက်ကိုပဲ အားယူဆုပ်ကိုင်လိုက်မိတယ်။

သိပ်မကျယ်တဲ့ အခန်းထဲမှာ ကုတင်တလုံး ကုတင်ဆိုတာ (ခါးတဝက်ပဲအိပ်လို့ရတဲ့ကလေးမွေးကုတင်မျိုး)ထိုင်ခုံ သုံးလုံး အမှိုက်ပုံးတခုနဲ့ ကုတင်ခြေရင်းမှာ ရေပုံးတခုတွေ့တယ်။ ရေပုံးသာဆိုတာ ရေထည့်တဲ့ပုံးမဟုတ်ဘူး။ အညစ်အကြေးထည့်တဲ့ပုံးဖြစ်မယ်။အခန်းတခုလုံးက ပိုးသတ်ဆေးအနံ့တွေမွှန်ထူနေတယ်။ ကိုယ်တောင် အခန်းရဲ့အငွေ့အသက်နဲ့ ပြင်ဆင်ပုံတွေကို ထိတ်လန့်နေရင် ချယ်ရီလေးခမျာဘယ်လိုတောင်ဖြစ်နေရှာမလဲ။ အခန်းထဲမှာ အမျိုးသမီး နှစ်ယောက်။ သန့်သန့်ပြန့်ပြန့်ဝတ်စားထားတယ်။ ချယ်ရီ့ကိုကုတင်ပေါ်တက်ခိုင်းတယ်။ အဲ့ဒီ့မှာ ချယ်ရီဟာ ပုံမကျပန်းမကျတဲ့ကလေးမွေးကုတင်ပေါ်မှာ ပုံပျက်ပန်းပျက်ဖြစ်နေတော့တာပဲ။ ကိုယ့်ရင်တွေက တဒိန်းဒိန်းနဲ့ ထိန်းမရဘူး။ အမျိုးသမီးနှစ်ယောက်က လုပ်စရာရှိတာဆက်လုပ်နေတယ်။အေးဆေးပဲ။ စကားတွေလည်း အများကြီးပြောထားပြီးခဲ့ပြီမဟုတ်လား။ ဒီအခန်ထဲမလာခင် အပြင်ခန်းတခုမှာ တနာရီခွဲလောက် အပြန်အလှန်ဆွေးနွေး သဘောတူညီမှုယူပြီးမှ ဒီအခန်းထဲရောက်လာရတာ။ နောက် ဒီကုတင်ပေါ်ရောက်လာရတာ။ အဲ့တော့ အမျိုးသမီးတွေက စိတ်ငြိမ်ငြိမ်နဲ့လုပ်တယ်။ ကိုယ့်မှာသာ လက်တွေတုန်ခြေတွေတုန်။ ချယ်ရီကတော့ ပလက်အနေအထားနဲ့ ကိုယ့်လက်ကို အားကိုးတကြီးဆုပ်ကိုင်ထားတယ်။ တချက်တချက် တအင်းအင်းနဲ့ တအအနဲ့ညည်းတတ်သေးတယ်။ မျက်ရည်ကလည်းကျသေးတယ်။

ချယ်ရီ့အောက်ပိုင်းမှာ ရှည်မျောမျော ကရိယာလေးတွေနဲ့ ညှပ်ပုံသဏ္ဌာန် အချွန်လေးတွေရော အပြားလေးတွေရာ အစုံတွေ့တယ်။ အမျိုးသမီးနှစ်ယောက်စလုံးက အာရုံစူးစိုက်မှုအပြည့်နဲ့ကိုလုပ်နေကြတာ။ ကိုယ်ကတော့ လက်ဖျားခြေဖျားတွေအေးခဲလို့။ အစွပ်စွပ်နဲ့ ထွက်လာတဲ့ သွေးရဲရဲ ဂွမ်းစတွေမြင်ပြီး ကိုယ်ဟာ ဂယောင်ခြောက်ခြားနဲ့ ချယ်ရီရေ ချယ်ရီရေနဲ့ပဲ အော်နေမိတယ်။ ချယ်ရီကတော့ အံကိုကြိတ် မျက်စိကိုမှိတ်ပြီးနာကျင်မှုကို ရင်ဆိုင်နေတာများ ကိုယ်ကြည့်ရင်းမျက်ရည်တွေကိုဝဲလို့။ ချယ်ရီလေးသတ္တိရှိလိုက်တာဆိုတာလေ။

လုပ်ငန်းစဉ်တွေပြီးဆုံးလို့ အဲ့အခန်းထဲကထွက်တော့ ချယ်ရီဟာ တကိုယ်လုံးယိုင်နဲ့နေတယ်။ ကိုယ်နဲ့ ဖြည်းဖြည်းတွဲပြီး အခန်းထဲကထွက်ရတယ်။ အခန်းပြင်ရောက်တာနဲ့ ခုနကအခန်းထဲကအမျိုးသမီးတွေကို လုံးဝမတွ့ရတော့ဘဲ တခြားသောအမျိုးသမီးနှစ်ယောက်ကိုသာတွေ့ရတယ်။ ကိုယ်နဲ့ချယ်ရီနဲ့ကို အခန်းတခုထဲခေါ်သွားပြီး မုန့်ကျွေးသံပုရာရည်တိုက်။ ပိုးသတ်ဆေးနဲ့ တခြားအားဆေးတွေပေး။ ဘယ်လိုနေထိုင်သင့်ကြောင်းတွေ ပညာပေး။ နွေးနွေးထွေးထွေးဆက်ဆံပြောဆိုပြီး နေထိုင်စားသောက်မှုပုံစံတွေပါတဲ့ စာရွက်ကိုလည်း သေချာထည့်ပေးလိုက်သေးတယ်။ ရက်ချိန်းပြန်ပေးပြီး အားရှိအောင်နေဖို့ အထပ်ထပ်မှာသေး။

အဲ့နေ့က ကိုယ်တို့တွေ တည်းခိုခန်းတခုမှာ ခနနားလိုက်ရတယ်။ ကိုယ်တို့ဆိုတာ ချယ်ရီရယ် ကိုယ်ရယ် ချယ်ရီချစ်သူကောင်လေးရယ်။ တလမ်းလုံးချယ်ရီငိုတယ်။ စကားလည်း တလုံးမှမပြောဘူး။ တည်းခိုခန်းရောက်လည်း ငိုမြဲငို။ ကိုယ်တွေကဘာလုပ်ရမှန်းမသိ။ မေးလို့လည်း မရ။ ချော့လို့လည်းမရ။ ပြန်ချိန်ရောက်လို့ အသီးသီးပြန်ခဲ့ကြတဲ့တိုင်အောင် ချယ်ရီ့မျက်နှာလေးကို ဖျောက်လို့ မရဘူး။
ကြာခဲ့ပါပြီလေ။ ၄နှစ်ဆိုတဲ့အချိန်ဟာ ချယ်ရီ့ကို တသွေးတမွေးနဲ့ လှပပြီးရင့်ကျက်သွားစေခဲ့တယ်မဟုတ်လား။ ဟိုတလောက ချယ်ရီ့ကိုဈေးမှာတွေ့တော့ ပြုံးရွှင်ရယ်မောလို့။ ကိုယ်တို့ မုန့်ဟင်းခါးဆိုင်ထိုင်ပြီးရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်တယ်။ စီးပွားရေး လူမှုရေးဒုက္ခတွေနဲ့မို့ အခုထိကလေးမယူသေးကြောင်း တလတခါ တရားစခန်းဝင်ပြီး တရားထိုင်ကြောင်း။ လင်မယားနှစ်ယောက်စလုံး အလုပ်အတူလုပ်ပြီး နှစ်ဖက်မိဘကို ထောက်ပံ့ကြကြောင်းတွေအစုံစုံ အပြင် ချယ်ရီက သူနာကြားခဲ့ရတဲ့ ဝဋ်နာကံနာတရားအကြောင်းကိုပါ စိတ်ရှည်လက်ရှည်ရှင်းပြခဲ့တယ်။

အခုတော့လည်း ဘဝလေးတွေက အေးချမ်းလို့ ။ တကယ်လို့များ တကယ်လို့များပေါ့လေ လွန်ခဲ့တဲ့ ၄နှစ်က ချယ်ရီသာ ၆ပတ်ကျော်နေတဲ့ ကိုယ်ဝန်ကို မဖျက်ချခဲ့ဘူးဆိုရင် အခုအချိန်မှာ ဘယ်လိုဖြစ်နေမလဲ။ ပိုအဆင်ပြေနေမလား။ မိသားစုဘဝလေးနဲ့ သာယာပျော်ရွှင်နေမလား။ သားရေ သမီးရေနဲ့အလုပ်တွေရှုပ်နေမလား။ ဒါမှမဟုတ် ဒုက္ခပင်လယ်တွေပဲဝေနေမလား။ အကြွေးပတ်ချာလည်ဝိုင်းပြီး ပတ်ဝန်းကျင်တံတွေးခွက်မှာ ပက်လက်မျောနေရမလား။အခုလို တလတခါတရားစခန်းဝင်ပြီး အေးချမ်းနေနိုင်ပါ့မလားလို့ တွေးရင်း ကိုယ့်ခြေလှမ်းတွေကို အိမ်ဘက်ပြန်လှည့်ခဲ့ရပါတော့တယ်။ ဘာပဲပြောပြော အဲ့နေ့က ချယ်ရီပြောခဲ့တာလေးတခွန်းဟာ ကိုယ့်အတွက်တော့ တသက်မမေ့နိုင်တဲ့ အမှတ်တရဖြစ်သွားခဲ့တယ်။ မမဟာ ချယ်ရီ့အသက်ကိုရော အရှက်ကိုရော ကာကွယ်ပေးတဲ့ ဒုတိယအမေပါပဲတဲ့လေ။ ချယ်ရီဘဝလေး ဒီထက်ပိုအေးချမ်းပါစေ။ ချယ်ရီ့ဘဝလေး ဒီထက်ပိုအေးချမ်းပါစေကွယ်။

စုမွန်သွယ်

MSU - 057

ကျနော့်ရဲ့ ချယ်ရီလင်းပုံပြင် | Ecency