ကျနော်မသိသေးသော မိဘကျေးဇူး

Words
156
Reading
1 min
Listen
Play
8y

ဘာသာရေးဆရာ တော်တော်များများရဲ့ တရားတွေကိုနားထောင်ရတာ တခါတလေ စိတ်ထဲမရိုးမရွဖြစ်မိတယ်။ မိဘကျေးဇူးတဲ့။ မိဘကိုစော်ကားရင် ဘယ်လိုငရဲနဲ့ရင်ဆိုင်ရမယ် ။မိဘသာလျှင်အသိဆုံး အတတ်ဆုံး မိဘမွေးလို့လူဖြစ်လာတာ ဘာညာသရကာအစုံပဲ။ အဓိကကတော့ မိဘနဲ့သားသမီးဆိုရင် မိဘကအမြဲမှန်ပြီး အနိုင်ရသလောက် သားသမီးကမှန်နေလည်း အမြဲရှုံးရတဲ့ဘက်မှာနေရတဲ့ သီအိုရီကြီးကို ဘာသာရေးဆရာအများစုက ဟောကြပြောကြတယ်။ မိဘမွေးလို့ ကျွေးလို့ လူဖြစ်လာတယ်လို့ပြောရအောင် မိဘကအဲ့ဒီ့ကလေးကို အတင်းခေါ်ထားတာလား ဒီကလေးက လာချင်ပါတယ် လာပါရစေလို့ပြောပြီး အတင်းဝင်လာတာလား။ ဒါလေးကိုစဉ်းစားမိတယ်။ မိဘတိုင်းကရော သားသမီးတိုင်းအတွက် ကျေးဇူးရှင်တွေဟုတ်ရဲ့လား။ ကျေးဇူးရှင်ဆိုတာဘာလဲ။ ကျေးဇူးတရားကရောဘာလဲ။ လူသားအခွင့်အရေးဆိုတာကရောဘယ်လိုလဲ။ ကျနော်တော်တော်လေးစဉ်းစားဖူးတဲ့ အကြောင်းတရားတွေပဲ။ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်လောက်ကတည်းက သိခဲ့တဲ့အသိတခုဟာ အခုထိလည်းပြောင်းမသွားသေးဘူး။ မိဘတိုင်းဟာ အဖေတွေအမေတွေ မဟုတ်ကြဘူးဆိုတာပါပဲ။ ကျနော်အဲ့လိုတွေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကတော့ အိမ်ထောင်လည်းမကျသေး သားသမီးလည်းမရှိသေးဆိုတော့ ထင်ခဲ့တဲ့အတွေးက မှားနိုင်သေးတယ်လို့ မှတ်ခဲ့တယ်။ ကိုယ်မိဘဖြစ်လာရင်တော့ အတွေးပုံစံပြောင်းသွားမှာပဲလို့လည်း ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီနေ့အထိ ဒီအတိုင်းပါပဲ။ မိဘတိုင်းဟာ ကျေးဇူးရှင်မဟုတ်ကြပါဘူး။

ဘာသာရေးဆရာတွေဟာ မိဘကိုမပုန်ကန်ဖို့ မိဘစကားနာထောင်ဖို့ မိဘကိုစိတ်ဆင်းရဲအောင်မထားဖို့ အမျိုးမျိုးသောဥပမာတွေပေးပြီး တရားဟောကြပေမယ့် သားသမီးကိုဘယ်လိုပြုစုဖို့ ပျိုးထောင်ဖို့ သားသမီးအခွင့်အရေးတွေအချိုးဖောက်မိစေဖို့ ဆိုတာတွေကို ဘာဖြစ်လို့ မဟောပြောကြတာလဲ။ သားသမီးဆိုတာ ဘုရားသခင်ကပေးတဲ့လက်ဆောင်ဆိုပြီး ကလေးတွေ တပြွတ်ပြွတ်မွေးခိုင်းပြီးတော့ တကယ်တမ်းလည်းဘုရားသခင်ကလက်ဆောင်ချပေးလည်းပေးရော တန်ဖိုးမထားဘဲ မိမိအတ္တတွေကိုပဲ ရှေ့တန်းတင်ဖော်ထုတ်နေတာ တရားမျှတတယ်လို့ ထင်နေလို့လား။ အဲ့ဒါက ဘုရားသခင်ကို စော်ကားနေတယ်လို့ မထင်မိဘူးလား။ ဘုရားသခင်ဟာ သားသမီးတွေကိုမွေးခိုင်းတယ်ဆိုတာ မိမိတို့ဒေါသတွေ မာနတွေ ကျရှုံးမှုတွေ အတွက် စိတ်ဖြေဖို့အတွက်လား။ သူတပါးအခွင့်အရေးကို ချိုးဖောက်ပြီး မတော်မတရားဖိနှိပ်ချုပ်ချယ်ဖို့လား။ စသဖြင့် ကျနော်အတွေးတွေ အရမ်းများရတယ်။ ငါသာလျှင်မိဘ ငါသာလျှင် မင်းတို့ထက်ပိုသိတယ် ငါပြောသမျှတသဝေမတိမ်းနားထောင်ရမယ်။ ငါကသေဆိုသေ ရှင်ဆိုရှင် ဘာစောဒကမှမတက်နဲ့ဆိုတဲ့မိဘတွေဟာ ဘုရားသခင်ရဲ့လက်ဆောင်မွန်တွေကို ဖျက်စီးနေတဲ့လူတွေလို့ မထင်မိကြဘူးလား။

တချို့မိဘတွေက သားသမီးတွေကို ချစ်ခြင်းမေတ္တာတွေ ပြုစုစောင့်ရှောက်မှုတွေ ပျော်ရွှင်ချမ်းမြေ့ခြင်းတွေပေးရမယ့်အစား စိတ်ကျဉ်းကျပ်မှုတွေ ငိုကြွေးဝမ်းနည်းမှုတွေ မပျော်ရွှင်မှုတွေကိုသာ ပေးတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ဘဝကိုလျှောက်လှမ်းရဲအောင် သင်ပေးရမယ့်အစား ပတ်ဝန်းကျင်ကို မလိုအပ်ဘဲကြောက်ရွံ့ထိတ်လန့်မှုတွေသာ သင်ပေးတတ်ကြတယ်။ အဲ့တော့ဘာဖြစ်လဲ။ ဘာဖြစ်လဲဆိုတော့ သားသမီးတွေဟာ မိဘရင်ခွင်ဆိုတာကို မမက်မောတော့ဘူး။ မပျော်ရွှင်တော့ဘူး။ မတောင့်တတော့ဘူး။ မိဘအိမ်ထက် စိတ်ပျော်ရာတခြားနေရာတွေကိုပဲ ပြေးချင်ကြတော့တယ်။ ဘယ်နေရာဖြစ်ဖြစ် မိဘအိမ်ထက်ပိုကောင်းတယ်လို့ထင်သွားတတ်ကြတယ်။

ဒါက ကျနော့်လက်တွေ့ပါပဲ။ အခုအိမ်ထောင်သက် အတော်ကလေးရလာတဲ့အထိ မိဘအိမ်ဆိုတာကို ကျနော်မလွမ်းမိဖူးသေးဘူးလေ။ အခုလက်ရှိ ကျနော့်အိမ်ဟာ မိဘနဲ့အတူရှိခဲ့ဖူးတဲ့အိမ်ထက် နွေးထွေးလုံခြုံမှု ပျော်ရွှင်မှု အပြည့်အဝရှိတယ်လို့ပြောရင် မိဘကျေးဇူးမသိတတ်ဘူးလို့များ ကျနော့်ကိုစွပ်စွဲလေမလားနော်။ :) :)

#စုမွန်သွယ်

MSU No.057

Parent.png

ကျနော်မသိသေးသော မိဘကျေးဇူး | Ecency