"မန်းဈေးတန်းလျှောက်မိတဲ့ ကျွန်မရဲ့ ဖြစ်ပုံဆန်းစုံ"

Words
422
Reading
2 min
Listen
Play
8y

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညနေ မှောင်ရီပျိုးစ အချိန်မှာ မယ်ဂျစ်တစ်ယောက် နာမည်ကျော် မန္တလေးမြို့ရဲ့ အရှေ့မြို့သစ် ညနေဈေးသို့ ခြေကျင်သွားကာ ဟိုဟိုသည်သည် ၀ယ်ရင်း ငေးရင်း လျှောက်နေတုန်း ဆိုင်ကယ်တစ်စီးပေါ်မှ ကြွပ်ကြွပ်အိတ်လးတစ်ခု ဘုတ်ခနဲ ပြုတ်ကျလာသည်။

woman-carries-shopping-bags-NEWS_trans_NvBQzQNjv4Bq2oUEflmHZZHjcYuvN_Gr-bVmXC2g6irFbtWDjolSHWg.jpg
src

ရုတ်တရက်ပေါ်လာသည့် အသိဖြင့် ပြုတ်ကျခဲ့သည့် အထုတ်လေး ကောက်ပြီး ဆိုင်ကယ်နောက်သို့ အပြေးလေးလိုက် ပေးပါသော်လည်း အရှိန်နဲ့မောင်းသွားသည့် ဆိုင်ကယ်က မကြား ။ ဟောတော့ ခက်ပြီ ဘယ်နှယ့်လုပ်ရပါ့ ပေါ့။ ပြန်လာရှာနိုးနဲ့ အဲ့နားလေးမှာ ၁၀ မိနစ်လောက် ရပ်စောင့်ပါသော်လည်း ပေါ်မလာသည်နှင့် အထုပ်ထဲ ဘာတွေ ပါပါလိမ့် ကြည့်မိတော့ Sumsaung Model မြင့် ဖုန်းတစ်လုံး နဲ့ ပိုက်ဆံအိတ် တစ်လုံး ဖြစ်နေတာတွေ့ရပါတယ်။ ဘေးနားက ဈေးသည်တွေကလည်း ပြန်လာရှာမှာပါ ပူမနေနဲ့ သမီးတဲ့။ အဲ့လိုပဲ လာလာရှာနေကြ ဆိုပြီး သူတို့ဆီ အပ်ခဲ့စေချင်တဲ့ သဘောမျိုး ပြောနေတာမို့ ခေါင်းထဲမှာ အတွေးတွေ နည်းနည်း ရှုပ်သွားခဲ့သေးတယ်။ ဖုန်းနဲ့ ပိုက်ဆံအိတ်ဆိုတော့ တာဝန်ကြီးတယ်လေ။ ဈေးသည်တွေဆီပဲ အပ်ခဲ့ရမလား ၊ အိမ်ကိုပဲ ယူလာခဲ့ရမလား ဆိုပြီး ခဏလောက် တွေဝေ နေမိတယ်။

147a6b1f97770a2eb8d81ec868a2b2e8d72efef.jpg
src

အင်းသူတို့ပြောသလို သူတို့ဆီ အပ်ခဲ့တာကတော့ ဟုတ်ပါပြီ ... တော်တော်ကြာ ပိုင်ရှင်ကို ပြန်မပေးကြရင် ကိုယ်စိတ်ကောင်းနိုင်မှာ မဟုတ်ပါဘူးလေ လို့ စိတ်ဆုံးဖြတ်ပြီး အိမ်ကို အဲ့အထုပ်လေးဆွဲပြီး ပြန်လာခဲ့ပါတယ်။ဖုန်းထဲက contact တွေဆီ ဆက်ကြည့်ဦးမှ ဆိုပြီး ကြည့်လိုက်ပြန်တော့လည်း Pattern Lock နဲ့ဆိုတော့ ဆက်မရဘူးလေ..။

ဘယ်အချိန်မှ ပျောက်ကျခဲ့တာကို သိပြီး ဖုန်းဆက်လာပါ့မလဲ?
အဝေးကြီးပြန်ရတဲ့ သူတွေများလား ?
လာယူဖို့ ညနက်နေရင် ဘယ်ကို ချိန်းရပါ့မလဲ ?(မန္တလေးမှာ ဘယ်သူ့ကိုမှ ယုံစားလို့မရတဲ့အခြေအနေဖြစ်နေတော့လေ ကိုယ်နေတဲ့အိမ်ကိုလည်း မချိန်းချင်) နဲ့ မယ်ဂျစ်တစ်ယောက် ဖုန်းသံနားစွင့်ရင်း ဟင်းသာချက်နေရသည်။ စိတ်မဖြောင့်လှ။ မြန်မြန်ဖုန်းဆက်ပါတော့လို့ ဆုတောင်းနေတုန်း အနှီဖုန်းလေး မြည်လာတော့ ၊ တစ်ဖက်က ဖုန်းကျပျောက်ခဲ့သည့် ပိုင်ရှင်အစ်မက အသံတိမ်လေးနဲ့

"ဟယ်လို အစ်မ၊ ညီမဖုန်းလေး ကောက်ရထားတာလားဟင် ?" လို့ အသံတိမ်တိမ် ၊ တုန်တုန်လေးနဲ့ မေးတော့ ပထမ သေချာမကြားရဘူး။ အဲ့ဒါနဲ့ပဲ ကိုယ်ကပဲ

"ဟုတ်ကဲ့ ဖုန်းကောက်ရထားပါတယ် အစ်မက ပျောက်သွားတဲ့သူလားမသိဘူးနော် ၊ ခု လာယူမယ်ဆိုရင်တော့ -- နေရာမှာ လာယူပေးပါ" လို့လည်း ပြောလိုက်ရော အားတက်သရောနဲ့ ပြန်ဖြေရှာတယ်။

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်၊ ခုလာယူပါ့မယ်နော်။ ပိုက်ဆံအိပ်လေးကောလားဟင် " တဲ့ ဟုတ်ကဲ့ ဖုန်းရော အိတ်ရော ရှိပါတယ်လို့ ပြန်ဖြေလိုက်ပြီး ချိန်းထားတဲ့နေရာကို သွားပေးလိုက်ပါတယ်။ ဖုန်းရဲ့ Lock Screen ပေါ်မှာတင်ထားတဲ့ ဓါတ်ပုံထဲက အမျိုးသမီးပဲမို့လို့ ယုံယုံကြည်ကြည်ပဲပြန်ပေးလို့ ရသွားပါတယ်။ သူ့ခင်ဗျာလည်း ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြော ပြီး အသီးလေး ဘာလေး ၀ယ်ပေးလိုက်ချင်လို့ နဲ့ လုပ်နေလို့ နေပါစေဆိုပြီး ထွက်လာခဲ့တာပေါ့။

Fairy_tail_happy.jpg
src

ပိုင်ရှင်ဆီ ပြန်ရောက်သွားတဲ့ ဖုန်းနဲ့ ပိုက်ဆံအိတ်လေးအကြောင်းတွေးရင်း ပေါ့ပါးသွားတဲ့စိတ်က ဘာနဲ့မှကိုမတူဘူး၊ ပီတိတွေဖြစ်နေတာ အိမ်ပြန်တဲ့ လမ်းမှာ ခြေထောက်နဲ့ မြေကြီးတောင် ထိတယ်မထင်ဘူး။ အဲ့လိုနဲ့ပဲ နောက်တစ်နေ့ မနက်ရောက်တော့ ထုံးစံအတိုင်း ထမင်းချိုင့်ထည့် ၊ ပြင်ဆင် ပြီး ရုံးသွားတက်တယ်။

တစ်မနက်ခင်းလုံးကတော့ အားလုံးအိုခေ ၊ ပုံမှန်အတိုင်းပဲ ။ ဒါပေမယ့်လည်း ညနေ (၃)နာရီလောက်ကျတော့ ပြဿနာက စရော။ ဘာပြဿနာလဲဆိုတော့ သားငယ်လေး သွားကြိုခါနီးကြမှ ရုံးရဲ့ ဆိုင်ကယ်စတန်းမှာ ရပ်ထားတဲ့ မယ်ဂျစ်တို့ရဲ့ တရုတ်ဖက်စပ် ကလစ် ဆိုင်ကယ်လေးမရှိတော့တာပါပဲ။ သေဟဲ့ နန္ဒိယ ပေါ့။ အဲ့ဒီ့ချိန်ကျမှ ယောက်ျားဖြစ်သူက သူနေ့လည်က ဆိုင်ကယ်ထဲက ပစ္စည်းတစ်ခု ယူပြီး သော့ပြန်မခတ်ခဲ့ရတာကို သတိရတာလေ။

"မိန်းမရေ ဆိုင်ကယ်မရှိတော့ဘူးဟ" လို့ အလန့်ထန်းညက် လာပြောသံလည်းကြားရော မယ်ဂျစ် ခေါင်းကြီးသွားတယ်။ တစ်လက်စတည်းမှာ မယ်ဂျစ်တို့ရုံးက Mingalar Mandalay ၀န်းထဲမှာဆိုတော့ သူတို့ဆီက လုံခြုံရေးတွေများ သော့တန်းလန်းနဲ့ တွေ့လို့ သိမ်းထားပေးသလား ဆိုပြီး Information Center ကို အပြေးအလွှားသွားတယ်။ သူတို့ကလည်း ဒီလို ဆိုရင် Property Department ကိုသွားစုံစမ်းပါ ဆိုလို့ လင်မယားနှစ်ယောက် အူယားဖားရား ပြေးရှာရတာပေါ့။ Information Center နဲ့ Property Department က မန်းလေးအခေါ် တစ်ပြလောက် ဝေးသေးတော့ သွားရင်းနဲ့ လမ်းမှာ အတွေးပေါင်းစုံ ၀င်နေတာ။

506340512-612x612.jpg
src

အကယ်၍များ ဆိုင်ကယ်ပျောက်သွားခဲ့ရင် အသစ်တစ်စီး ၀ယ်ရမလား ၊ မန်းလေးရဲ့ အခြေအနေအရ second hand လေးပဲ ၀ယ်ရမလား ၊ ဘယ်လိုပဲ ၀ယ်ဝယ် ပိုက်ဆံက ၇ သိန်းလောက်က အနည်းဆုံး ကုန်တော့မှာ...။ ဒီတစ်လ အသုံးစာရိတ်က တခြား ၀ယ်စရာတွေလည်း ရှိနေတာရော ၊ လစဉ် ကန်တော့နေကြ မိဘကန်တော့ငွေလေး ပေးနိုင်တော့ပါ့မလား အစရှိတဲ့ အတွေးတွေ ခေါင်းထဲမှာ မတရားတွေ ဦးနှောက်မုန်တိုင်းဆင် နေရတော့တာလေ။ အဲ့လိုနဲ့ Property Department ရှေ့ရောက်တော့ ရပ်ထားတဲ့ ဆိုင်ကယ်လေးတွေထဲ ကိုယ့်ဆိုင်ကယ်လေးများ ပါလေမလားလို့ အသည်းအသန်တွေ လိုက်ရှာလိုက်တဲ့အခါမှာတော့...

"ဟာ ဟိုမှာ ဟိုမှာ ငါတို့ဆိုင်ကယ်လေးမလား" ဆိုပြီး မယ်ဂျစ်ပြောလည်းပြော အတည်ပြုဖို့ ပြေးလည်းပြေးပြီး ကြည့်လိုက်တာ တော်ပါသေးရဲ့ မောင်မင်းကြီးသား ဆိုင်ကယ်လေးက နေပူကြီးထဲမှာ မိန့်မိန့်ကြီးရပ်လို့ ။ ရင်ထဲက အလုံးကြီးလဲ သူ့ကို မြင်လိုက်မှ ကျသွားတယ်။ ဒီလိုနဲ့ ထိမ်းသိမ်းထားပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောကာ ဆိုင်ကယ်လေးကို ပြန်မောင်းလာခဲ့ရပါတယ်။ လမ်းမှာလည်း ဘုရားသိကြားမလို့ မပျောက်သွားတာ။ တော်သေးတယ် ဆိုပြီး လင်မယား ၂ ယောက်ပြောလာကြရင်း ယောက်ျားက ကိုယ်တို့ မနေ့က ကံလေးက ပြန်အကျိုးပေးတယ်ထင်ပါရဲ့ လို့ ပြောတော့မှ မနေ့က ပိုက်ဆံအိတ်နဲ့ ဖုန်းကို ပြန်ပေးခဲ့ရတာလေး ပြန်သတိရမိပါတယ်။ တူသောအကျိုးပေးလေးထင်ပါရဲ့ နော်။ ဟိုတလောက မင်္ဂလာမန္တလေးမှာ ဆိုင်ကယ်သူခိုးတွေ မိထားဖူးတော့လေ ဆိုင်ကယ်သူခိုးနောက်ပါသွားပြီပဲ ထင်ထားတာလေ..။

တော်သေးလို့ မန္တလေးမှာ ခေတ်မီသွားဖို့ လက်တကမ်းအလို ဖြစ်သွားတယ် ။ နောက်ဆို အိမ်ဦးနတ်ကြီးကို ဆိုင်ကယ်သော့ မမေ့စေဖို့ သတိအထပ်ထပ်ပေးမှ ဖြစ်တော့မယ်လို့ တွေးရင်း ထိုနေ့ကလည်း သာသာယာယာ အိမ်ပြန်လာခွင့် ရခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် လောကကြီးရေ ပေါ့နော်..။

sem-titulo-2_1.jpg
src

ချစ်တဲ့

signature.png

MSC-264
⏰- 3:59pm
7th,September,2018

"မန်းဈေးတန်းလျှောက်မိတဲ့ ကျွန်မရဲ့ ဖြစ်ပုံဆန်းစုံ" | Ecency