အိမ်ပြောင်းခြင်းအနုပညာ

Words
354
Reading
2 min
Listen
Play
8y

အခြားသူများတော့ မသိ ။မယ်ဂျစ်တို့ မိသားစု အိမ်တစ်ခါ တစ်ခါပြောင်းရပြီဆိုလျှင် ဂယက်တွေကို ထနေတော့တာပါပဲ။ အဖေအမေ အိမ်ကနေ ထွက်ပြီး ကိုယ့်ဘဝကိုယ်ကျောင်းရပြီဆိုကတည်းက ပြောင်းလိုက်ရတဲ့ အိမ် ၊ ရွှေ့လိုက်ရတဲ့နေရာ ဆိုတာ မကြာခဏပါပဲ။ ပထမဦးဆုံး အိမ်ပြောင်းခဲ့ရတာက မေမြို့ရုံးကနေ ရန်ကုန်ရုံးကို ပြောင်းရတုန်းကပေါ့။ ကိုယ့်ရုံးက တူတူပြောင်းကြရတဲ့ ညီအစ်မလိုခင်ရတဲ့သူတွေနဲ့ အတူတူအိမ်စုငှားကြ တူတူချက်စားကြဆိုတော့ အိမ်ခွဲနေရတဲ့ ဒုက္ခက သိပ်တော့ မသိသာလှ။ သို့သော်လည်း နယ်နဲ့ရန်ကုန်က နေရေးထိုင်ရေး မှအစ သွားရေး လာရေးအဆုံး အရာရာ ကွဲပြားခြားနားတာမို့ ကျင့်သားရဖို့လည်း တော်တော်အချိန်ယူလိုက်ရပါတယ်။ အတူတူငှားနေကြတဲ့လူတွေ ရုံးကပေးတဲ့အခန်းပြောင်းကြရတော့မှ ကိုယ့်ပစ္စည်း သူ့ပစ္စည်းတွေ အတူတူသိမ်းကြ၊ ခုနှလွှာကနေ အောက်ထပ်ကိုချဖို့လုပ်ကြနဲ့ ဘဝမှာ မိဘမပါဘဲ ပစ္စည်းပစ္စယတွေအများကြီးကို သိမ်းဆည်း သယ်ပိုးခဲ့ရတဲ့အချိန်ပါပဲ။ မိန်းခလေးတွေချည်းမို့ ဟိုဟာလေး လိုနိုးနိုး ဒီဟာလေး လိုနိုးနိုးနဲ့ ဝယ်ဝယ်ထားဖြစ်တဲ့ ပစ္စည်းတွေကလည်း တောင်ပုံရာပုံပါပဲ။ စမ်းချောင်းမြို့နယ်ကနေ ကမာရွတ်ကို ပြောင်းရတာမို့ ခရီးက သိပ်မဝေးလှပေမယ့် ပြောင်းလာတဲ့တိုက်ခန်းကလည်း ခုနှစ်လွှာမှာ ပြောင်းနေကြရမယ့် ရုံးကအခန်းလည်း ခုနှစ်လွှာ တက်ရမှာဆိုတော့ ဘာပြောကောင်းလိုက်လိမ့်မလဲလေ။မယ်ဂျစ်တို့အုပ်စုခမျာ ဖြူဖျော့ ပြီးမျော့နေတဲ့သူက မျော့ ၊ သွေးပေါင်ကျလို့ အုန်းရည်ပြေးသောက်ရတဲ့သူက သောက်နဲ့ မဟားဒယားတွေပင်ပမ်းကြပါတယ်။
22-56-52-images.jpg
Crd-img-src

ရုံးကပေးတဲ့အခန်းမှာ ၂နှစ်လောက်နေပြီး ရန်ကုန်မှာ နေလာတာ ၃နှစ်မြောက်မှာ သားသားရဲ့ ဖေဖေနဲ့ အိမ်ထောင်ကျတာမို့ အိမ်တစ်ခါထပ်ပြောင်းရပြန်ရော။ နောက်ပိုင်း မိဘတွေဝယ်ပေးတဲ့ အခန်းကို ထပ်ပြောင်းတဲ့အချိန်မှာ ဒုက္ခတွေအတော်များခဲ့တာလည်း မှတ်မှတ်ရပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ မိုးက သည်းကြီးမည်းကြီးရွာနေတာ တစ်နေ့လုံးမတိတ်တော့တာအာမို့ မိုးမှောင်ကြီးထဲ ပြောင်းခဲ့ကြရတာမို့ သူငယ်ချင်းများက ချစ်လှစွာနဲ့ လက်ဖွဲ့ပေးထားတဲ့ ၆လက်မအထူရှိတဲ့ မွေ့ယာကြီးပါ ရွှဲစိုနေတော့တါပေါ့ရှင်။ အနှီမွေ့ယာကြီးက မိုးတွေစိုနေတယ်ဆိုပေမယ့်လည်း ထားခဲ့လို့လည်းမရ ပစ်ခဲ့ရအောင်လည်း အသစ်ကြီးရှိသေးတာမို့ မယ်ဂျစ်မှာ ဟိုစကားပုံကို အပြေးအလွှား သွားသတိရမိပါရဲ့။ဘာတဲ့ စားရမှာလဲ သဲတရှပ်ရှပ် ပစ်ရမှာလည်း အဆီတဝင်းဝင်းဆိုသလိုပါပဲ မတတ်သာသည့်အဆုံးတော့ လာကူသယ်ပေးတဲ့ သူငယ်ချင်းတွေကို ပဲမျက်နှာပူပူနဲ့ အကူအညီတောင်းခဲ့ရပါရဲ့။ ခေါက်လို့လည်းမရ ပြုလို့လည်းမရနဲ့ ရန်ကုန်တိုက်ခန်းတွေရဲ့ လှေခါးကျဉ်းလေးကနေ ကိုယ့်အခန်းကို ရောက်ဖို့ ယောက်ျားလေး ငါးယောက်လောက် တစ်နာရီကျော်အောင် သယ်လိုက်ရပါတယ်။ ဒေါင်လိုက်ထောင်သယ်ပြန်တော့လည်း မဆံ့ ကန့်လန့်ဖြတ်သယ်တော့လည်း မဆံ့နဲ့ နည်းနည်းချင်းကွေးကွေးပြီး သယ်ခဲ့ရတဲ့ ဒုက္ခ ဘယ်လောက်တောင်ကြီးလည်းဆိုရင် အဲ့တုန်းက သူငယ်ချင်းတွေဆို ခုထိပြောတုန်း။ မယ်ဂျစ်တို့လင်မယား အိမ်ပြောင်းတယ်ဆိုတဲ့အသံကြားရင် ငါဖျားကိုဖျားချင်နေတော့တာတဲ့။ သနားအားနာလိုက်တာဆိုတာ ပြောမနေပါနဲ့တော့။ ဂန္တဝင်မွေ့ယာကြီးကတော့ အသုံးမပြုဘဲ အခြောက်ခံရတာ ခြောက်လတိတိကြာမြင့်ခဲ့ပါတယ်။ ရန်ကုန်မှာနေတဲ့ သူငယ်ချင်းတွေလည်း ကိုယ့်မိတ်ဆွေထဲက တစ်ယောက်၂များ အိမ်ထောင်ပြုရင် သယ်ရပိုးရခက်တဲ့ပစ္စည်းတွေအစား ပိုက်ဆံပဲလက်ဖွဲ့ပေးကြပါလို့ ချွေးနဲ့ရင်းတဲ့ အတွေ့အကြုံကနေပီး သတိပေးလိုက်ပါတယ်ရှင်။
22-55-26-images.jpg
Crd-img-src

နောက်တစ်ခေါက်ပြောင်းရတာကတော့ ရန်ကုန်ရုံးကနေ မန္တလေးရုံးကို ပြောင်းတုန်းက တစ်ခါ။ အဲ့ဒီ့အချိန်တုန်းကတော့ ကိုယ်တွေမှာ မဟာ experience ကြီးတွေနဲ့ဆိုတော့ အစီစဉ်တကျတော့ ပြောင်းခဲ့ရပါတယ်။ ပစ္စည်းသိမ်းကတည်းက အမျိုးစားတူရာတစ်စု ထည့်သိမ်း Label ကပ်၊ ပစ်သင့်တာပစ် ၊ ပေးသင့်တာများကိုလည်း ပေးခဲ့တာမို့ ဝန်နည်းနည်းပေါ့သွားပါတယ်။ မန္တလေးမှာကြတော့ အိမ်ပြောင်းဖို့ သယ်ဖို့ကိစ္စထက် အိမ်ရှာရတဲ့ ကိစ္စက တော်တော်လေး ခက်ခဲပါတယ်။ ငှားနေရမှာမို့ ကိုယ့်ဝန်ငွေနဲ့ ကိုက်ညီမယ့် အိမ်လခနဲ့ ၊ ကိုယ်လိုချင်တဲ့ ပတ်ဝန်းကျင် အနေအထား ၊ ရေမီး စုံမစုံ ၊ ရုံးနဲ့ နီးမနီး အစရှိတဲ့ အချက်ပေါင်းများစွာ ကို ထည့်စဉ်းစားလာရပါတယ်။ အဲ့ဒီမှာပဲ ကိုယ်တတ်နိုင်တဲ့ လခနဲ့ငှားတဲ့ အိမ်ကြပြန်တော့ ပတ်ဝန်းကျင်ကို မကြိုက်ပြန်၊ ပတ်ဝန်းကျင်ကလည်း အဆင်ပြေ ၊ ရေမီးလည်း အဆင်ပြေတဲ့နေရာကြပြန်တော့လည်း အိမ်အနေအထားက မလုံမခြုံ နဲ့ဖြစ်နေပြန်ပါရောလား ရှင်။ ဒီလို အခက်အခဲတွေကြားကပဲ နောက်ဆုံးတော့ မယ်ဂျစ်တို့ရဲ့ တစ်နှစ်တာ ခိုလှုံမယ့် အိမ်လေးကို တွေ့ကာ ပြောင်းရွှေ့ခြင်းအမှု ပြုကြရပြန်ပါရော။ ဒီလိုနဲ့ အိမ်အသစ်လေးမှာ ပြောင်းနေတာ သုံးရက်မြောက်လည်းကြတော့ အ၀ီဇိတွင်းမှာ သဲပြိုတယ်ဆိုလား ဘာလား ဖြစ်ပြီး ရေတင်မရဖြစ်ပါလေရော။ အဲ့ဒီမှာ ကံဆိုးလှပါလားကွာလို့ စိတ်ညစ်နေတုန်း ဘေးအိမ်က ဦးလေးကြီးက မယ်ဂျစ်တို့ မိသားစုကို မကြည့်ရက်ဘဲ ရေလာယူပါ ၊ ရေလာချိုးပါဆိုပြီး လှိုက်လှိုက်လှဲလှဲ လာဖိတ်ခေါ်တာမို့လို့ ကယ်တင်ရှင်တွေ့သလို ၀မ်းသာပျော်ရွှင်သွားမိပါတယ်။ ရေပြသနာကလည်း ဒီလိုပဲ ပြေလည်သွားပြန်ပါရော။
23-16-45-Nothing-in-this-world-is-permanent.png
Crd-img-src
တရားအသိ ရင့်သန်ကြတဲ့ သူများသာဆိုလျှင်တော့ မယ်ဂျစ်တို့ မိသားစုရဲ့ အိမ်ပြောင်းတဲ့ ဖြစ်စဉ်နဲ့တင် တရားပေါက်လောက်ပါရဲ့လေ။ သံယောဇဉ်တွေ တိုးလာလေလေ ၀န်ထုပ်ဝန်ပိုး များလေလေ ဖြစ်ကာ လိုရာခရီးကို လွယ်လွယ်ကူကူမသွားနိုင်လေ ဖြစ်တာကြောင့်က တစ်ကြောင်း ၊ နေရာတကာ အကောင်းအဆိုး ဒွန်တွဲနေပြီး ၊ မမြဲခြင်းတရားကလွဲလို့ မည်သည့်အရာမှ မတည်မြဲတတ်တဲ့သဘောကို မြင်သာရတာက တစ်ကြောင်းနဲ့ကို သံဝေဂတွေ တစ်လှေကြီး ရနေမှာ အသေအချာပါပဲ ။
22-54-31-large.jpg
Crd-img-src

သို့ပေသော်လည်း ပုထုဇဉ် ငမိုက်သား မယ်ဂျစ်တို့မှာတော့ သညာအသိအဆင့်ကနေ မတက်သူမို့ ဒီလို ဒုက္ခသုက္ခတွေကြားမှာပဲ အဟုတ်ထင်ကာ ပျော်လိုက်ပါးလိုက် နဲ့ လောကကို ဖြတ်သန်းနေကြတာပါပဲ။ သံသရာအဆက်ဆက်မှာလည်း ဒီလိုပဲ ၀င်ကစွတ်ကောင်တွေလို သူများ ခန္ဒာကိုယ် ကို ကိုယ့်ဟာအမှတ်နဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက်ကာ သံသရာခရီးကို ဆွဲဆန့်ခဲ့ကြပေါင်းလည်း မနည်းတော့ပါဘူး။ ဒါကိုပဲ အသိတရားက မရသေးတာမို့ နေ့စဉ်ဘ၀ထဲမှာပဲ လောဘတွေ ၊ ဒေါသတွေ ၊ မောဟတွေနဲ့ ၀ဲဂယက်ကနေ မလွတ်မြောက်နိုင်ဘဲ ကူးခတ်ရင်း နစ်နေကြတဲ့ ငါးတွေလို ဖြစ်နေပါလားလို့ တွေးတောမိရင်း ဒီပို့စ်ကို ရေးသားလိုက်ပါတယ်။ ရည်ရွယ်လိုရင်းကတော့ သံဝေဂရနိုင်ကြစေဖို့ ရေးတာဖြစ်ပေမယ့် လိုရင်းမရောက်ဘဲ ဝေ့၀ိုက်နေခဲ့ရင်လည်း ခွင့်လွှတ်ကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်နော်။

suhtetaung@suhtetaung
MSC-264

23-10-48-200w.gif

အိမ်ပြောင်းခြင်းအနုပညာ | Ecency