မင်္ဂလာပါ။ သာယာသောနေ့လေးဖြစ်ပါစေ။ မြန်မာပြည်သူ ပြည်သားအပေါင်း ဘေးကင်းပါစေ။ ဒီနှစ် တပေါင်းလပြည့်နေ့ကနေ အလုပ်ပိတ်ရက် ၅ရက် ဆက်တိုက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် တစ်ရက်လောက်ပဲ ရွှေစာရံဘုရားပွဲသွားပြီးတော့ ကျန်တဲ့ရက်တွေက အိမ်မှာ အောင်းနေပါတယ်။ အိမ်တွင်းအောင်းရင်း ဟိုဟာ စားချင် ဒီဟာစားချင်နဲ့ သံပုရာသီးသုတ်ပါမချန် လုပ်စားပါတော့တယ်။
အဲ့တော့ လုပ်စားဖြစ်တာလေး ရေးတင်လိုက်ပါတယ်။ မန္တလေးမှာ အခုတလော ခေတ်စားနေတဲ့ ဖက်တီးမ သံပုရာသီးသုတ်နည်းလေးပါ။ နည်းလေးကတော့ ဖက်တီးမ Tiktokကနေ ကြည့်ပြီး လိုက်လုပ်ထားခြင်းဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ဗမာသံပုရာလို့ သိကြတဲ့ သံပုရာသီး အသေးလေးတွေရယ် ကြံချိုမှုန့် ပုဇွန်ခြောက်မှုန့်ဆား ငရုတ်သီး အရောင်တင်မှုန့် အကြမ်းမှုန့် နဲ့ ငပိတို့ ဖြစ်ပါတယ်။ လုပ်နည်းကတော့ ခက်ခဲတယ် မဟုတ်ပါဘူး။ အရင်ဆုံး ငပိကို အရည်ကျိုမယ်။ သံပရာသီးတွေကို အခွံပြောင်အောင်သင်ထားမယ်။
အလုံးလိုက်မစားနိုင်ရင် ထပ်ခြမ်းခွဲထားလို့လည်း ရပါတယ်။ အဲ့ဒီနောက်တော့ ပါဝင်ပစ္စည်းတွေနဲ့ သံပုရာသီးကို သမအောင် နယ်ရပါတယ်။
အစပ်ကြိုက်ရင်တော့ ငရုတ်သီးလှော်မှုန့် ထည့်လို့ရပါတယ်။ အသင့်ထောင်းထားတဲ့ ပုဇွန်ခြောက်မှုန့်ကိုထည့်ပြီးနယ်ပါတယ်။
အပေါ့အငံမြည်းပြီး အရသာအနေတော်ဖြစ်ရင် စားလို့ရပါပြီ။ ထူးခြားချက်က သံပုရာသီးဟာ အချဉ်အစူးနေတော့ပဲ စားလို့ အဆင်ပြေပြီး အရသာ ရှိလှပါတယ်။
မိတ်ဆွေတို့လည်း အိမ်မှာ မိသားစုတွေနဲ့ လုပ်စားနိုင်အောင် ထပ်ဆင့် မျှဝေပေးလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။