ဟေ့ ပုံဆိုး ဒီကို မြန်မြန်လာစမ်း ငါ့ပုဆိုးတွေ သွားလျှော်ချည် ဒီမှာ ညစ်နေတယ်လေ
ပုထွေးလုပ်သူ ဦး လူခက် ၏ စကားသံကျယ်ကျယ်ကြောင့် ညီညီတစ်ယောက် မီးဖိုချောင်ထဲတွင် ထမင်းအိုး တည်နေရာမှ ထထွက်လာခဲ့သည်။ ဦးလူခက် ပုံထားသော ပုဆိုး များကို ကောက်ပွေ့ ကာ ရေတွင်းဆီသို့ လှမ်းလာခဲ့သည်။
ရေတွင်းထဲမှ ရေကို ရေပုံးဖြင့် တစ်ပုံးချင်းဆွဲကာ ဘေးမှ စဉ့် အိုးထဲသို့ ငင်နေရင်း ကိုယ့်ဘ၀ကို စိတ်နာနေမိသည်။
ညီညီ့ အသက်က ၉နှစ် ။ ညီညီ ၅နှစ်သားတွင် ညီညီ့ အဖေ ဦးထွန်းညီ အဆုတ်ရောင် ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ အဖေကွယ်လွန်ပြီး တစ်နှစ်ကြာသောအခါ အမေ ဒေါ်လှခင်က တစ်ရွာတည်းနေ မုဆိုးဖို ဦးလူခက်နှင့် အိမ်ထောင်ပြုခဲ့လေသည်။ ညီညီ့ဘ၀ အဲဒီမှ စ၍ ဆိုးခဲ့သည်ဟု ပြောလျှင် ရပေမည်။ ဦးလူခက်က ညီညီ့ကို ရုပ်ဆိုးလှသည်ဟု ဆိုကာ အဖေပေးခဲ့သည့် အမည်ကို ဖျက်ပြီး ပုံဆိုးဟု ပြောင်းခေါ်ခဲ့သည်။ အမေဒေါ်လှခင်မှာ ငါးခြောက် ကုန်ကူးသောကြောင့် အိမ်တွင် အမြဲမရှိပေ။ ညီညီတို့ ရွာ ပျင်းမပင်အနီးရှိ ဘိတ်မြို့ မှ ငါးခြောက်များကို တစ်လ ၄ခါ ရန်ကုန်သွား၍ ရောင်းလေ့ရှိသည်။အိမ်တွင် ညီညီနှင့် ဦးလူခက်သာ အမြဲတစေ အတူနေရလေသည်။ ပုထွေးလုပ်သူ ဦးလူခက်မှာ အမေ့ရှေ့ တွင် တစ်မျိုး ကွယ်ရာတစ်မျိုး အမျိုးမျိုးတတ်နိုင်သူ ဖြစ်သည်။ အမေ့ရှေ့ ရောက်လျှင်တော့ ညီညီ့ကို ချစ်ပြသည် ကြင်နာပြသည် ။အမေ့ကွယ်ရာတွင် ညီညီ့ကို အလုပ်မျိုးစုံ ခိုင်းကာ ညှင်းပန်းနှိပ်စက်လေသည်။
ပုဆိုးများကို ပုခုံးပေါ်တင်ကာ အိမ်ဆီသို့ ခပ်သုတ်သုတ် ပြန်လာခဲ့သည်။ ရေစိုပုဆိုးများကို ညှစ်ကာ ၀ါးလုံးတွင် ဖြန့် လှမ်းလိုက်သည်။ ဟေ့ ပုံဆိုးဒီကို မြန်မြန်လာစမ်း
တံခါးဝမှ မျက်နှာဆိုးနှင့် လှမ်းခေါ်လိုက်သော ဦးလူခက် အသံကြောင့် ပုံဆိုးထိတ်လန့် သွားသည်။ ဘာဖြစ်လို့ ပါလိမ့်
ဖျောင်း နားရင်းဆီမှ ပူထူသွားသည်။ ဦးလူခက်က အားနှင့် ညီညီ့ကို နားရင်းအုပ်လိုက်ခြင်းပင်။ ကြည့်လိုက်စမ်း မင်းတည်ခဲ့တဲ့ထမင်းအိုး ဘာဖြစ်သွားပြီလဲဆိုတာ မြင်လိုက်ရသော မြင်ကွင်းကြောင့်ပုံဆိုး ခေါင်းနပန်းကြီးသွားသည် ။ ထမင်းအိုးတစ်ခုလုံး မီးဖိုပေါ်မှ ဝေကျနေကာ ထမင်းများက အောက်သို့ လျှံကျနေသည်။
ဦး ဦးလေးက ပုဆိုးလျှော်ချည်ဆိုလို့ ကျနော် သွားလျှော်တာပါ။ အဲ့ဒါ ထမင်းအိုးကို မေ့သွားလို့ 
ဘာ မင်းက ခု ထမင်းအိုးကြီးတစ်အိုးလုံး ဝေကျသွားတာ ငါ့ကြောင့်လို့ ပြောချင်တာလား ဟမ် ။
မင်း အသုံးမကျတာကြ ထည့်မပြောဘူးလား။ မင်းကများ ငါ့ကို ပြန်ခံပြောရဲသေးတယ် ။
ဖျန်း ဖျန်း ဖျန်း
အား
မီးဖိုချောင် နံရံတွင် ထောင်ထားသော ၀ါးစိမ်းတုတ် ဖြင့် ရိုက်လိုက်ခြင်းကြောင့် ညီညီ့ ခြေတလုံး နှစ်ဖက်လုံး စပ်ဖျင်းနာကျင်သွားသည်။ နာကျင်မှုက အသည်းထဲထိအောင် ၀င်ရောက်လာသည်။
ဖျန်း ဖျန်း ဖျန်း
အား အား အီး
ကြောက်ပါပြီ ဗျ ကြောက်ပါပြီ နောက် မဖြစ်စေရပါဘူးနော် ကျနော်တောင်းပန်ပါတယ် ကျနော့်ကို မရိုက်ပါတော့နဲ့  မျက်ရည်များ ကြားမှ လက်အုပ်ကို ချည်ကာ တောင်းပန်မိသည်။ ဦးလူခက်က တုတ်ကို အပြင်ဘက်သို့ လွှင့်ပစ်လိုက်ပြီး
အေး မင်းလို အသုံးမကျတဲ့သူက ထမင်းနဲ့ မတန်ဘူး
မင်းဒီည ထမင်းမစားရဘူး ။အငတ်နေ ။အခုငါ့ဖို့  ချက်ချင်း နောက်တစ်အိုး ထပ်တည်စမ်း။
ဆောင်းည၏ အအေးဓာတ်က စောင်ပါးပါးလေးတစ်ထည်သာ ခြုံထားသော ညီညီ့ကို နှိပ်စက်နေသည်။ မနက်က အရိုက်ခံထားရသော ဒဏ်ရာများမှ တဆစ်ဆစ် နာကျင်နေသည့်အပြင် ဆာလောင်မှု ဒဏ်ကိုပါ အလူးအလဲခံနေရသည်။ ဦးလူခက်မသိအောင် တမင်းရည်ကို ခိုးသောက်ထားခဲ့သော်လည်း ဗိုက်က ပြန်ဆာလာပြန်သည်။ ကိုက်ခဲနေသော ဒဏ်ရာကို လက်နှင့်အုပ်ကာ ညီညီ့ မျက်လုံးထဲမှ မျက်ရည်များ တပေါက်ပေါက် ကျလာလေသည်။
အဖေရှိစဉ် တုန်းက ညီညီ့ဘ၀တွင် ပျော်ရွှင်စရာများနှင့် ပြည့်နှက် နေခဲ့ဖူးသည်။ညအိပ်ရာဝင်လျှင် အဖေက သားချော့တေးကို ဆိုကာ ချော့တိတ်သည်။ ရွှေယုန်နဲ့ ရွှေကျား သက္ကယ်ရိတ်သည့် ပုံပြင်များ မိတ္ထီလာ ကန်အောက် ဖားကောက်သည့် တေးသီချင်းများဖြင့် အဖေနှင့် အမေကြားတွင် ပျော်ရွှင်စွာ အိပ်ခဲ့ရဖူးသည်။ ပုထွေးဆိုသော စကားကို သူများ ပြောမှ ကြားဖူးခြင်းဖြစ်သော်လည်း အဖေနှင့် ပုထွေးကွာသည် ဆိုသောစကားကတော့ တစ်ကယ်မှန်လေသည်။အဖေရှိစဉ်က မေတ္တာမျိုး ရဖို့ မပြောနှင့် တစ်နေ့ တစ်နေ့ မသေအောင်ကျွေးကာ နှိပ်စက်ခံနေရသည်။ တစ်ခါတစ်လေ အရိုက်ခံရသည့် နေ့ မျိုးဆို ညီညီ အမေ့ကို မုန်းမိသည်။ အမေဘာဖြစ်လို့ အဲ့လူကြီးကို ယူသလဲ မေးချင်သည်။ အမေဘာဖြစ်လို့ သားစကားထက် အာ့လူကြီးစကားကို ပိုယုံသလဲ ပြောချင်သည်။ သို့ သော် ပြောချင်သည့် စကားများက လည်ချောင်းဝတွင်သာ အဆုံးသတ်မြဲ။ အမေနှင့် ဦးလူခက် ပျော်ရွှင်နေတာ မြင်တိုင်း ညီညီ့မှာ ကွယ်ရာတွင် ကျိတ်၍ မျက်ရည်ကျရသည်။
ညီညီရေ့ ကျောင်းသွားရအောင်ဟေ့ ။အိမ်ရှေ့ မှ သူငယ်ချင်း သီဟ၏ ခေါ်သံကြောင့် ညီညီ ထမင်းဝိုင်းကို အပြီးသတ် ပြင်ကာ ကပျာကယာ လွယ်အိတ်ကောက်လွယ်ပြီး ထွက်လာခဲ့သည်။ မနက် ၇နာရီခွဲ ညီညီကျောင်းသွားချိန်တိုင်းတွင် ဦးလူခက်က အိပ်နေဆဲ။ ညဘက်တွင် အရက်ကို အလွန်အကျွံသောက်ကာ မနက်ဆို နေမြင့်မှ အိပ်ယာထသည်။ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ဘဲ
အမေ့လုပ်စာကို ထိုင်စားနေခြင်းပင်။ အမေကတော့ အပြစ်မြင်ပုံမရ။
ဟေ့ဒီမှာကြည့်စမ်းငါ့ အဖေ
ဝယ်ပေးတာ ငါ့ကျောပိုးအိတ်ကလေး မလှဘူးလား။
လမ်းအတူလျှောက်နေရင်း ဘေးမှ သီဟစကားကြောင့် ညီညီ ငဲ့ကြည့်လိုက်သည်။ အောက်ခံ ခရမ်းပေါ်တွင် အပြာရောင် Power Ranger အရုပ်ကလေးပါသည့် လှပသော ပလပ်စတစ် ကျောပိုးအိတ်ကလေး။ သီဟ ၏ လှပသော ကျောပိုးအိတ်ကလေးနှင့် မိမိ ၏ ညစ်ထေးနေသော ဖျင်လွယ်အိတ်ကလေးကို ယှဉ်ကြည့်ကာ ညီညီ့ မျက်နှာလေး မှိုင်တွေသွားသည်။ လှပါတယ် သူငယ်ချင်းရာ။ မင်းကကံကောင်းလိုက်တာ မင်းအဖေက မင်းကို အရမ်းချစ်တာပဲ။
သီဟကို အားတက်သရောပြောနေရသော်လည်း ညီညီ့မျက်လုံးတွင် မျက်ရည်များ ၀ဲနေသည်။အဖေ သေပြီးနောက် အမေ ဦးလူခက်ကို ယူပြီးကတည်းက ညီညီ့မှာ အ၀တ်အစားကအစ ကောင်းကောင်း မ၀တ်ရပေ။ အဖြူ အစိမ်းလေး ၂စုံကို လှည့်ပတ်ဝတ်နေရသည်။ လွယ်အိတ်မှာလည်း လွန်ခဲ့သော ၃နှစ်က အရီးမြရီ ယက်ပေးခဲ့သော ဖျင်လွယ်အိတ်ကလေးပင်။ နှစ်ကြာနေပြီ ဖြစ်သောကြောင့် ပြဲရာ ပေါက်ရာ ဗရပွ ဖြစ်နေပြီ။ ကျောင်းမှာဆို ညီညီ့ အဖြူအစိမ်းက အနွမ်းဆုံး အညစ်ဆုံး ဖြစ်သည်။
တပို့ တွဲ လမို့  ဆောင်း ငွေ့ က လွှမ်းခြုံနေသည်။ ရှစ်ခွင်တိုင်းတွင် ဆောင်းနှင်းမှုန်များက တဖွဲဖွဲ ကျဆင်းနေကာ ထွက်ပြူစ နေရောင်ခြည်က နှင်းထုကို မဖောက်နိုင်ဘဲ ဖြစ်နေသည်။ ညီညီ ခုတလော အရင်ကထက် ပိုစိတ်ညစ်နေမိသည်။ အကြောင်းမှာ ပုထွေးလုပ်သူ ဦး လူခက်က ညီ့ညီ့ကို ကျောင်းထွက်ခိုင်းနေခြင်းပင်။ ပညာတတ်ဖို့ မလို ပိုက်ဆံရှာနိုင်ဖို့ ပဲလိုသည် ဆိုသော ဦးလူခက် စကားကို အမေကပါ နားဝင်နေသည်။ ညီညီ့ကို ကျောင်းထွက်ခိုင်းဖို့ ပြောမည်ဟု အမေ ညက ပြောနေသံ ကြားရသည်။ ညီညီလည်း ကျောင်းနေချင်လှသည်။ ကိုယ်နှင့် တစ်တန်းတည်း သူငယ်ချင်းများ ကျောင်းတက်နေချိန်တွင် ညီညီ့ မှာ အပြင် အလုပ်လုပ်နေရမည်ဆိုလျှင် ညီညီ မခံစားနိုင်။ ကျောင်းသို့ ဖြည်းဖြည်းလေးသွားနေသော ညီညီ အရှေ့ လမ်းထိပ်မှမဏ္ဍပ်ကြောင့်ခြေလှမ်း တုန့် ခနဲ ရပ်သွားသည်။
အလှူ့ ဒကာကြီးက သပိတ်လွယ်ကာရယ် အလှူ့ အမကြီးက သင်္ကန်းရွက်ကာရယ်
အသံချဲ့ စက်မှ ထွက်လာသော အလှူတေးသီချင်းကြောင့် ညီညီ အဖေ့ကို ပိုသတိရသွားသည်။ ဒီနေ့ သီဟတို့ ရှင်ပြုမင်္ဂလာရက်မြတ်ပင်။
အဖေက ညီညီ့ကို ရှင်ပြုပေးမည့်နှစ်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။ အဖေ အိပ်ယာထဲလဲနေစဉ်က ညီညီ့ကို ဘေးနားခေါ်ကာ ငါ့သားလေးကို မောင်ရင်လောင်း ၀တ်စုံနဲ့ မြင်ချင်လိုက်တာဟု ပြောဖူးသည်။ ထိုအချိန်တုန်းက ညီညီက ပျော်ရွှင်စွာဖြင့် ဒီနှစ်မြင်ရမှာလေအဖေ အဖေပဲ ရှင်ပြုပေးမယ်ဆို ဟု ညီညီ ပေါ့ပေါ့ပါးပါး ပြန်ဖြေဖူးသည် ။ အဲ့ဒီတုန်းက အဖေ့ မျက်ဝန်းတွင် မျက်ရည်များ ၀ဲလာသည်ကို ညီညီ သတိမထားမိခဲ့ ။အဖေက သူ့ အခြေအနေကို သူသိနေခဲ့ပုံပေါ်သည်။
အလှူအိမ်အ၀မှ နေ၍ ခြေဖျားထောက်ကာ ညီညီ အတွင်းသို့ လှမ်းကြည့်မိသည်။ သီဟက မောင်ရင်လောင်း ၀တ်စုံ အပြည့်ဖြင့် မဏ္ဍပ်အလယ်မှ ကုတင်ပေါ်တွင် ပြုံးရွှင် ၀ံ့ကြွားစွာ ထိုင်နေလေသည်။ သီဟအဖေ ဦးထွန်းထွန်းက သီဟကို မုန့် ခွံ့ နေပြီး သီဟအမေ ဒေါ်သီတာက သီဟ ခြေအိတ်ကို ပြင်ပေးနေသည်။ ညီညီ အားကျ ငေးမောစွာဖြင့် ကြည့်နေရင်း သီဟနေရာတွင် မိမိကို အစားထိုး မြင်ယောင်ကြည့်မိသည်။ ကြည်နူးစရာ ကောင်းလိုက်တာ။သို့ သော် စိတ်ကူးယဉ်နှင့် လက်တွေ့ ဘ၀က တခြားစီပင်။
ရွာပြင် ချောင်းစပ်သို့ လမ်းလျှောက်လာရင်း ချောင်းဘေးတွင် ထိုင်နေမိသည်။ ရွာထဲမှအလှူအသံချဲ့ စက်အသံက ရွာပြင်ထိ ပျံ့ လွင့်နေဆဲ။ ချောင်းဘေးမှ ရွာဆီသို့ လွတ်လပ်စွာ ပျံသန်းသွားသော ဗျိုင်းဖြူတစ်အုပ်ကို ကြည့်ကာ ညီညီ အဖေ့ကို သတိရလာမိသည်။ အဖေရှိလျှင် ညီညီ့ဘ၀ အခုလောက်ထိ ဆိုးစရာ အကြောင်းမရှိ။ ညီညီ့တွင် အိပ်မက်ရှိမည် ရည်မှန်းချက်ရှိမည်။အနည်းဆုံးတော့ ပျော် ရွှင်စရာကောင်းသော ဘ၀ ရှိမည်။ မိစုံဖစုံဖြင့် နေရသော ဘ၀သည် ပျော်စရာကောင်းမှန်း ညီညီ နားလည်လေသည်။ ချောင်းထဲတွင် ရောင်စုံငါးများ ဟိုမှသည်မှ ပျော်ရွှင်စွာ ကူးခပ်နေကြသည်။ ညီညီ့ရင်ထဲတွင်တော့ အဖေရှိရင် ကောင်းမှာပဲ ဟူသော အတွေးများက ပဲ့တင် ထပ်လျှက် .........
MSC-172
Photo credit; Google Image
Author-Soe Tha Khin