credit- facebook image
ကျွန်တော်တို့ နေထိုင်ရာ ထန်းပင်ကုန်းရွာလေးသည် အညာကျေးလက် ရိုးရာ ဓလေ့များဖြင့် ပျော်မွေ့ ဖွယ်ကောင်းလှသည်။တောင်သူလယ်သမားများက ရိုးသားကြိုးစားကြပြီး လယ်ထွန် ပဲကောက် တောဓလေ့အလုပ်များကို သာ လုပ်ကြသည်။အသက် ၁၃နှစ် ၁၄နှစ် အရွယ်ကလေးများက နွေကျောင်းပိတ်ချိန်တွင် တောင်ယာခင်းများ၌ နွားကျောင်းကြလေ၏။ယာပြင်အစပ် သစ်ပင်ကြီးငယ်အောက်တွင် လှုပ်ရှားစားသောက်နေသော နွားများကို မြင်ရသည်မှာ အလွန်ပင် စိတ်ကြည်နူးဖွယ်ကောင်းလှသည်။ ရွာထဲမှ ကလေးများ ရွာထိပ်လက်ပံပင်အောက်တွင် ရွှေစွန်ညို လုပ်တန်း ထောက်စီးထိုးတန်း ဖန်ခုန်တန်း စသည့် ကစားနည်းပေါင်းစုံကစားနေသည်ကို မြင်ရသည်မှာ လွတ်လပ်ပျော်ရွှင်စရာကောင်းသော တောရွာကလေး၏ ချစ်စဖွယ် မြင်ကွင်းများပင်။မြို့ ပြနီယွန်မီးတိုင်များ ကင်းမဲ့သော တောရွာကလေး၏ ညချမ်းအချိန်များတွင် သာနေသော လမင်းကြီးကိုငေးကာ ကလေးများက ထမင်းဆီဆမ်းကစားကြသည်။ လူကြီးများက ကွမ်းဆေးလက်ဖက် မြုံကာ စာအကြောင်း ပေအကြောင်းများပြောကြလေသည်။တောရွာကလေးတွင် ပကာသနမရှိ မာနမရှိ။ အေးချမ်းခြင်း တည်ငြိမ်ခြင်းနှင့် ချစ်စဖွယ်ရိုးရာ ဓလေ့များသာ ရှိသည်။ ရခဲလှသော လူ့ ဘ၀တွင် လူဖြစ်လာရသောကျွန်တော့်အဖို့  တောဓလေ့ တောသဘာဝများ ယှက်သန်းရာ ချစ်စဖွယ် တောရွာကလေးတွင်သာ အသက်ထက်ဆုံး နေချင်မိပါတော့သည်။
MSC-172
Author- Soe Tha Khin