ငွေသာလျှင်ပထမဘုရားသခင်

Words
886
Reading
4 min
Listen
Play
9y

image
မြောက်ပြန်လေက တဟူးဟူးနှင့် တိုက်ခတ် နေသည်။ဆောင်းဝင်စမို့ လမ်းတစ်လျှောက်တွင်ပွင့် အာစပြုနေသော တောသဇင်ပန်းများအနံ့ကမွှေးပျံ့ နေသည်။ တစ်ဖက်တစ်ချက် စပါးခင်းများအလယ်မှ ကန်တင်းပေါ်ရုံရှိနေသော လမ်းကျဉ်းလေးပေါ်တွင် ဆရာလေး လှဝေတစ်ယောက် စက်ဘီးစုတ် လေးကို တအီအီ နင်းလာလေသည်။ လမ်းဘေး လယ်ကွက်တွင်းမှကောက်သိမ်းနေကြသောအလုပ် သမားများက တစ်ချက်တစ်ချက် လှမ်းနှုတ်ဆက်၍ ပြန်ဖြေနေရသေးသည်။ မနက် ၇နာရီ အချိန်ဆို ကန်ကြီးရွာမှ ၀ါးကြီးအိုင်ရွာသို့ လာရာလမ်းတွင် စက်ဘီးအိုလေးကို စီးကာ အဖြူအင်္ကျီ ၊ပုဆိုးအစိမ်း အနွမ်းလေးကို ၀တ်ထားသော အသက်၂၅နှစ်ခန့် လူတစ်ယောက်ကို အမြဲလိုလို တွေ့ ရပေလိမ့်မည်။ ထိုသူကား တစ်ခြားမဟုတ် ကို လှဝေပင်တည်း။

ကိုလှဝေမှာ ၀ါးကြီးအိုင်တွင် မူလတန်းပြအဖြစ် တာဝန်ကျနေသော ကန်ကြီးမှဆရာလေးဖြစ်သည်။ ဆရာဟု ပြောရသော်လည်း သူများ ကျောင်းဆရာ ဘ၀တွေလိုသူ့ဘ၀ကမလှပပေ။အသက်၆၀အရွယ်ရှိမျက်စိမှုန်နေသော မိခင်အိုကြီးကို လုပ်ကျွေးနေရသူ ဖြစ်ပြီး ဖခင်ဖြစ်သူကတော့ ကိုလှဝေ ငယ်စဉ်ကပင် သူများယာကို စာရင်းငှါးလုပ်ရင်း ပိုးထိ၍ ကွယ်လွန်ခဲ့ပေပြီ။ရတဲ့လစာလေးအနည်းငယ်နှင့်စားဝတ် နေရေးကို ၀မ်းဝရုံဖြေရှင်းနေရသူဖြစ်သည်။တဖြည်း ဖြည်းနှင့် ကျောင်းကြီးသို့ ရောက်ပေတော့မည်။

" မင်္ဂလာပါဆရာ"
" မင်္ဂလာပါ တပည့်တို့ "
နှုတ်ခွန်းဆက်ရင်းပုံနှိပ်ကိုလှန်လိုက်သည်။ကဲ က လေး တို့ဒီနေ့သင်မှာကတော့ယုန်နဲ့လိပ်အကြောင်းပါပဲ။ကလေးများက စိတ်အားထက်သန်စွာဖြင့် ကိုလှဝေ မျက်နှာကို စူးစိုက် ကြည့်နေကြသည်။ သေချာအာရုံစိုက်ပြီးနားထောင်ကြ။ ဟိုးရှေးရှေးတုန်းက ယုန်တစ်ကောင်နဲ့ လိပ်တစ်ကောင်ဟာ အပြေးပြိုင်ခဲ့တယ်။ကလေးတို့ သိပြီးသားပဲ ယုန်ဆိုတာအရမ်းအပြေးမြန်တယ်။ လိပ်ဆိုတဲ့သတ္တ၀ါလေးကတော့ တရွေ့ ရွေ့ လေးသာ သွားနိုင်တယ်။ အဲတော့ ကလေးတို့ စဉ်းစားကြည့်စမ်း။ ယုန်နဲ့ လိပ် ဒီပြိုင်ပွဲမှာ ဘယ်သူနိုင်မယ်ထင်သလဲ။ယုန်ပဲနိုင်မှာပါဆရာ ကလေးများ၏အော်သံ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ မှားတယ်ကလေးတို့ ။ ဒီပြိုင်ပွဲမှာ လိပ်ကအနိုင်ရခဲ့တယ်။ ဘာလို့ လဲဆိုတော့ယုန်ဟာ ပန်းတိုင်ထိ မပြေးဘဲ လမ်းမှာအိပ်နေခဲ့တယ်။ လိပ်လို အသွားနှေးတဲ့ သတ္တ၀ါကို သူနိုင်မှာပဲလို့ တွေးလို့ ပဲ။ လိပ်ကတော့ လမ်းမှာလုံးဝမနားဘဲ တရွေ့ရွေ့ နဲ့  ပန်းတိုင်ထိအောင် သွားခဲ့တယ်။အာ့တော့ ကလေးတို့ကို ဆရာဆုံးမချင်တာက အလုပ်တစ်ခုကို လုပ် မယ်ဆိုရင် ပန်းတိုင်ကို မရောက်မချင်း လုံးဝမနားဘဲ ဖြည်းဖြည်းမှန်မှန်နဲ့ လုပ်ရမယ်။ ဆရာပြောချင်တာက ကလေးတို့ ထဲမှာ ဉာဏ်ကောင်းတဲ့သူ ပါသလို ဉာဏ်ထိုင်းတဲ့သူလည်းပါတယ်။
ဉာဏ်ကောင်းတဲ့သူကလည်း ငါဉာဏ်ကောင်းတာပဲ စာတော်တာပဲဆိုပြီး ပေါ့ပေါ့တန်တန် ယုန်လိုမနေရဘူး။ဉာဏ်ထိုင်းတဲ့ကလေးကလည်း ကိုယ့်ကိုကိုယ် အားမလျှော့ရဘူး။ လိပ်ကလေးတောင် ပန်းတိုင်ကို ရောက်သွားနိုင်သေးတာပဲ။ ကလေးတို့ က ဘာလို့ မရောက်ရမှာလဲ။ အာ့တော့ စာကို ကြိုးစားပါ။ ဇွဲ၊ လုံ့လကို အားထုတ်ပါ။ ဆရာပြောတာ နားလည်လား။နားလည်ပါတယ်ဆရာ။ကောင်းပြီ။ဒီနေ့တော့ ဒီလောက်ပါပဲကလေးတို့ ။ ထမင်းစားကျောင်းဆင်းပီ။ အားလုံး မင်္ဂလာပါ။မင်္ဂလာပါဆရာ။ကျေးဇူးတင် ပါတယ်ဆရာ။

ကိုလှဝေ ဒေါ်ချစ် ဆိုင်ကို ထမင်းသွားစားရအောင် လေ ဆရာလေး မြင့်ဆွေစကားကြောင့်ကိုလှဝေပြုံးရင်း ခေါင်းခါ ပြလိုက်သည်။
ကျနော် ထမင်းချိုင့်ပါတယ် ဆရာမြင့်။
ကိုမြင့်ဆွေက သွက်လက်စွာဖြင့် ကိုလှဝေချိုင့်ကို လှပ်ကြည့်လိုက်သည်။
ချိုင့်ထဲတွင် မနက်က အမေထည့်ပေးလိုက်သော ဒေါ်ပုမ ပဲပြုတ်နှင့် ငါးပိဖုတ် ဆီဆမ်းလေးပင်။
ကိုလှဝေကလည်းဗျာ နေ့ တိုင်းဒီဟင်းချည်းပဲ။ လာဗျာ ကျနော်ကျွေးပါ့မယ်။ ကိုမြင့်ဆွေက ဇွတ်ခေါ် သော်လည်း ကိုလှဝေငြင်းလိုက်မိသည်။သူကကိုယ့်ကို ဒီတစ်ခါဝယ်ကျွေးလျှင် ကိုယ်ကနောက်တစ်ခါ ပြန်ဝယ်ကျွေးရပေမည်။အလှည့်ဆိုတာ ရှိလေ သည်။ ကြည်ဖြူသည် ဆိုသော်လည်း အမြဲတစေ သူ ကျွေးတာချည်း လိုက်စားနေလို့ မဖြစ်ပေ။ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားသော ကိုမြင့်ဆွေ နောက်ကျောကို ကြည့်ကာ သက်ပြင်းတစ်ချက် ခပ် ဖြည်းဖြည်း ချမိသွားသည်။ ရသည့် လစာလေးနှင့် တစ်လတစ်လ အလျင်မှီအောင် သုံးစွဲနေရသော ကိုလှဝေဘ၀ကို ကိုမြင့်ဆွေလို သူဌေးသားတစ် ယောက်က ဘယ်နားလည်နိုင်ပါ့မလဲလေ။

ကိုဝေ ဟင် ချိုနွယ်ပါလား။
တံခါးဝတွင် ထမင်းချိုင့်ကိုင်ကာ ရပ်နေသော ချစ်သူချိုနွယ်ကို တွေ့လိုက်တော့ ကိုလှဝေ ပျော်သွားသည်။ထမင်းစားနေတာလား ကိုဝေ။ နွယ်နဲ့ တူတူစားမယ်လေ။ကိုဝေကဟင်းမကောင်းဘူး နွယ်။ အမလေး ဘာဖြစ်လဲကိုဝေရယ် ။ကိုဝေဟင်းမကောင်းတာခုမှမှ မဟုတ်တာ ။နွယ့်ဟင်းတွေပါ ထည့်စားလေ။ ချိုနွယ်က ၀င်ထိုင်ရင်း ချိုင့်များကို လှပ်လိုက်သည်။ ကြက်သားဟင်းဆီပြန် တစ်ချိုင့် လက်ဖက်သုပ်ကို ပုစွန်ခြောက်ဖြူးထားသောချိုင့်ကတစ်ချိုင့်၊ ၀က်အူချောင်းကြော်က တစ်ချိုင့် ချိုနွယ့် ဟင်းများနှင့်မိမိဟင်းများကို နှိုင်းယှဉ်ကာ ကိုလှဝေ ငိုင်သွားမိသည်။ချိုနွယ်တို့ က ချမ်းသာသည်။ မပူ မပင် မကြောင့်မကျနှင့် တစ်ဦးတည်းသော သမီး ဖြစ်ကာ ကျောင်းဆရာမလစာကို မက်၍မဟုတ် ၀ါသနာပါ၍ လုပ်နေခြင်းပင်။ ချိုနွယ်နှင့် လှဝေက မကွေးဆရာ အတတ်သင်ကျောင်းတွင် တူတူတက်ရင်း တွေ့ ခဲ့ကြခြင်းဖြစ်သည်။ ယုံချင်စရာမကောင်း သော်လည်း ဆင်းရဲသော လှဝေကိုမှ ချိုနွယ်က မေတ္တာပိုခဲ့လေသည်။ ဆရာဖြစ်တော့ ၀ါးကြီးအိုင် ကျောင်းတွင်ထမ်းဆောင်ရန်အတူတာဝန်ကျသော ကြောင့် ချစ်သူနှစ်ဦး မခွဲခွါခဲ့ရပေ။

ကိုဝေသိလား အမေကလေ ချိုနွယ့်ကို အိမ်ထောင် ပြုစေချင်ပြီတဲ့။ အဲဒါနဲ့ ချိုနွယ်လည်း ကိုလှဝေနဲ့ အကြောင်းကို ပြောပြလိုက်တယ်။ အမေကဘာမှ တော့မပြောဘူး။သဘောတူလို့ နေမယ်ကို။
ဟုတ်ပါ့မလားနွယ်ရယ်။ကိုယ်ကဆင်းရဲတယ်လေ။ နွယ့်ဖေဖေနဲ့ မေမေက သဘောတူပါ့မလား။
ဘာမတူစရာရှိလဲကို။ ဆင်းရဲတာ အပြစ်မှ မဟုတ်တာ ခပ်အေးအေးပြန်ပြောရင် ထမင်းဆက်စားနေ သောနွယ့်ကို ကိုလှဝေပြုံးပြလိုက်သည်။ သို့ သော်လည်း အပြုံးကသိပ်မပီပြင်လှ။

အမေရေ သားပြန်လာပြီ။စက်ဘီးကိုဒေါက်ထောက် ရင်း အသံပြုလိုက်သည်။အေးအေးသား အမေ့သားကြီးပြန်လာပြီ။ မောလာမှာပဲ။ လက်ဆေးပြီးထမင်းစားတော့။သားကြိုက်တဲ့ ရုံးပတီသီးကြော်ရယ် ချဉ် ပေါင်ဟင်းရယ် ချက်ထားတယ်။ ဟုတ်ကဲ့အမေ ။ကိုလှဝေလက်ဆေးရင်း ထမင်းဝိုင်းဝင်ထိုင်လိုက် သည်။ အမေကော မစားသေးဘူးလားဟင်။ အမေကစောစောကပဲဆာလို့ စားလိုက်ပြီသား။ဒေါ်လှလှ တစ်ယောက် တံတွေးကိုမျိုချလိုက်မိသည်။ သားကို မသိစေချင်။ မနက်ဖြန်ဆို လကုန်ပြီ။ လကုန်ရက်နားနီးလျှင်ဆန်ပြတ်တတ်တာ ခဏခဏ ပင်။ အခုလည်း ဒီနေ့ နဲ့ မနက်ဖြန်စာကိုသားတစ်ယောက်စာ စားနိုင်ဖို့  ဘေးအိမ်မှချီးထားရသည်။ကိုယ်ကတော့ ထမင်းရည်သောက်လိုက်ပြီးပြီ။ နည်းနည်းတော့ ဆာလောင်နေသည်ဟု ထင်သော်လည်း သားစား နေတာကို ကြည့်ကာ ဗိုက်ပြည့်သလို ဖြစ်နေပါပြီ။
အမေမနက်ဖြန်လကုန်ရင်လေ အမေ့ဖို့ အမဲသား ၀ယ်ခဲ့မယ် သားတို့အမဲသားမစားရတာကြာပြီလေ။ အေးအေးသား။အမေအခုဘာလုပ်နေတာလဲ။ အော် ဆောင်းတွင်းရောက်ပီဆိုတော့ ချမ်းလာပီ လေ။ သားခြုံတဲ့စောင်လေး ပြဲနေလို့ အမေ ဖာနေတာပါ။

မျက်စိမှုန်မှုန်ဖြင့် စောင်ကို ဖာထေးနေသော အမေအိုကိုကြည့်ကာ ကိုလှဝေရင်ထဲမကောင်းလှ။ လကုန်ရင်တော့ အမေ့ဖို့ စောင်တစ်ထည်လောက် ၀ယ်ရမည်။ အမေစောင်ပါးလေးခြုံပြီး အိပ်နေရ သည်ကိုရင်ထဲမကောင်း။သားကလေးတစ်ယောက်တည်းရှိတာ ပညာတတ်ကြီးဖြစ်ရမယ်။ အဖေတို့ လိုမဆင်းရဲရဘူးဟုကြွေးကြော်ကာအဖေဦးအေးဝေ မှာ အလုပ်ကိုအားကြိုးမာန်တက်လုပ်ပြီး ကိုလှဝေ ကို ကျောင်းထားခဲ့သည်။ ကိုလှဝေကလည်း စာ တော်သည်။ ကိုလှဝေခြောက်တန်းမှာ အဖေဆုံး တော့အမေက မုဆိုးမ ဖြစ်သော်လည်း အားမလျှော့ခဲ့။မိန်းမသားတန်မဲ့ ရရာအလုပ်ကိုလုပ်ရင်းကျောင်း ဆက်ထားပေးခဲ့သည်။တစ်ခါကြီးအမေပင်ပန်းတာကို မကြည့်ရက်၍ ကိုလှဝေကျောင်းထွက်မည် ပြောတော့ကြောင့်အမေ့မှာငိုခဲ့ရသည်။ အမေဘယ် လောက်ပင်ပန်းပင်ပန်းသားပညာတတ်ဖြစ်လျှင် ပင်ပန်းရကျိုး နပ်သည်ဟုဆိုပြီး ကိုလှဝေကို ပံ့ပိုးခဲ့ သည်။ မှတ်မိသေးသည်။ ကိုလှဝေ ဆယ်တန်းကို ဂုဏ်ထူးဖြင့်အောင်ပြီး ဆရာ အတတ်သင်တတ်ရ မည် ဆိုတုန်းက အမေ့မှာ အိမ်ဝတွင် ပတ်ချာလည် ၍ ကနေခဲ့သည်။ ငါ့သားကြီး ဆယ်တန်းအောင်ပြီ။ ကျောင်းဆရာ ဖြစ်ပြီဟဲ့ဆိုကာသားအမိနှစ်ယောက် အော်ဟစ်ခုန်ပေါက်ရင်း ၀မ်းသာလွန်းလို့ ငိုခဲ့ရ သည်လေ။

ကိုလှဝေကျောင်းဆရာ စဖြစ်သည့်နှစ်မှစ၍ကုန်ဈေး နှုန်းများလည်းတက်ကာ စားဝတ်နေရေးကြပ်တည်း လာသည်။အမေဖြစ်စေချင်တဲ့ကျောင်းဆရာဘ၀က ထမင်းမ၀ဘူးအမေလို့  ပြောချင်သော်လည်း ပြောမထွက်။ အမေကဘယ်လောက်အနေအစား ဆင်းရဲသော်လည်း ကိုလှဝေကျောင်းဆရာ ဖြစ်တာကို ဂုဏ်ယူသည်ဟု တဖွဖွ ပြောမြဲ။

ဒီနေ့လစာထုတ်ရက်မို့ကိုလှဝေတက်ကြွနေမိသည်။ စာသင်ချိန်များကလည်း အခုမှ နှေးလွန်းလှသည်။ ကျောင်းဆင်းလက်မှတ်ထိုးပြီး မိမိလစာထည့်ထား သောစာအိတ်ကလေးကိုကိုင်ကာခပ်လှမ်းလှမ်း မန်ကျည်းပင်အောက်ထိုင်လိုက်သည်။စာအိတ်ကို ဖွင့်ကာ လစာဖြတ်ပိုင်းလေးကို ထုတ်ဖတ်လိုက်သည်။
ဟင် ဒီလအတွက် လစာထဲက ၃သောင်းခွဲတောင် ဖြတ်တာလား။ စစ်ဆေးရေးလာတုန်းက အထက်လူကြီးတွေ ဖို့ ထမင်းကျွေးတဲ့ ကုန်ကျစရိတ်က ၂၀၀၀၀၊ စုံညီပွဲတော်အတွက်ကတစ်သောင်းခွဲတဲ့ ။ အိမ်အပြန်လမ်းတွင် စက်ဘီးကို ခပ်ဖြည်းဖြည်းစီးရင်း လစာနှင့် ဆပ်ရမည့် အကြွေးများကို တွက်နေမိသည်။

ရသည့် လစာက ၁၅၀၀၀၀။
စုံညီပွဲတော်အတွက်က ၁၅၀၀၀။
စစ်ဆေးရေးကြောင့် ဖြတ်ငွေက ၂၀၀၀၀။
ဆန်ဝယ်ဖို့  ဆန်တစ်အိတ်က ၃၅၀၀၀
ဟင်းချက်စရာဝယ်တဲ့ဈေးကြွေးဆပ်ရမှာက ၅၀၀၀၀အမေ့နေမကောင်း၍ ပြလိုက်ရတဲ့ဆေးဖိုးက ၅၀၀၀ဆီ ဆား ငရုတ် ချိုမှုန့် တစ်လစာဖိုးက ၅၀၀၀ စုစုပေါင်း ၁၃၀၀၀၀လက်ကျန်ငွေ ၂၀၀၀၀ပဲ ကျန်တော့မည်။ အမေ့ဖို့ အမဲသား ၀ယ်ခဲ့မည်ဟု ပြောခဲ့သော်ငြား အမဲသားက တစ်ပိဿ ၈၀၀၀မို့ မ၀ယ်နိုင်တော့ ။စက်ဘီး လက်ကိုင်ပေါ်မှ ခပ်လှုပ်လှုပ်ပါလာသော ၈၀၀တန် ခေါက်ဆွဲကြော်လေးကို ငေးကြည့်မိသည်။ အမေကျေနပ်မှာပါလေ။ အကြွေးတင်ခါမှတင်ရော အမေ့ဖို့ စောင်လေးတစ်ထည်တော့ တစ်ဝက်ပေးနှင့်အကြွေးသွားယူရမည်။
အိမ်ထဲတွင် အမေနှင့်အတူ ခေါက်ဆွဲကြော်လေးစားနေမိသည်။အမေ့ကို ပိုတဲ့ပိုက်ဆံ ၁၈၀၀၀အပ် တော့ အမေက ကျေနပ်ပြုံးနှင့် ခေါင်းတငြိမ့်ငြိမ့်။ လစာထုတ်ပေမယ့် ၁၈၀၀၀ပဲကျန်လို့ ဝမ်းမနည်းနဲ့ သား ။အစိုးရ၀န်ထမ်းဆိုတာ ဘယ်တော့မှ ထမင်းမငတ်ဘူး။ဒါပေါ့အမေရယ် ထမင်းတော့မငတ်ပေ မယ့် ထမင်းမ၀ဘူးပေါ့လို့ စိတ်ထဲကပြောမိသည်။အမေနှင့်အတူ ခေါက်ဆွဲကြော်စားရင်း စကား ပြောနေခိုက် အိမ်ရှေ့ မှ ကားရပ်သံကြောင့် ခေါင်း ထောင်ကြည့်လိုက်သည်။
ဟင် ဒေါ်ချိုခိျုပါလား။ ချိုနွယ့် အမေ ဒေါ်ချိုခိျုတစ် ယောက် ကားပေါ်မှ ဟန်ပါပါ ဆင်းလာလေသည်။ လှဝေအိမ်ရှေ့ သို့ ပြေးထွက်လိုက်သည်။ အန်တီ အထဲကို ၀င်ပါ။ ဘာကိစ္စရှိလို့ လည်း မသိဘူး။
ဒေါ်ချိုချိုက အိမ်ပတ်လည်ကို မျက်လုံးဝေ့ကြည့် လိုက်ရင်း နှာခေါင်းရှုံ့ လိုက်သည်။ ထိုင်နေစရာမလိုတော့ပါဘူး။ ငါမင်းကို ငါ့သမီးနဲ့ သဘောမတူဘူးဆိုတဲ့အကြောင်း လာပြောတာပဲ။ မင်းဘ၀ မင်းအဆင့်အတန်းနဲ့ မတန်တာကို မမှန်းချင်စမ်းပါနဲ့ ။ မင်းဘက်ကစပြီးနောက်ဆုတ်ပေးဖို့လာကမ်းလှမ်းတာပဲ။မင်းဘယ်လောက်လိုချင်လဲ။လိုချင်သ လောက်ပြော ငါငွေပုံပေးမယ်။ အဓိကက ငါ့သမီးအနားက ခွါပေးဖို့ ပဲ။

သဘောမတူနိုင်ဘူးဟု ကြိုတွေး ထားသော်လည်း အခုလို တည့်တိုးကြီး ပြောလိုက်တော့ ကိုလှဝေရင်ထဲ အောင့်သက်သွားသည်။ အသက်ကို ကြိုးစား၍ ရှုလိုက်ကာ စကားစလိုက်သည်။
အန်တီ ကျနော်တို့ ကို ဘာလို့ သဘောမတူတာလဲ။ ကျနော်က ဆင်းရဲပေမယ့် ချိုနွယ့်ကို တစ် ကယ်ချစ်တာပါ။အမလေးဟဲ့ တော်စမ်းပါ။ ချစ်တာက စားရသလား။ လောကမှာ ငွေကအရေးကြီးဆုံးဟဲ့။ ငွေမရှိရင် ဘယ်ကိစ္စမှ မလုပ်နိုင်ဘူး။ မင်းတို့ ပါးစပ်က ချစ်တယ် ချစ်တယ် တဖွဖွ ပြောနေပေ မယ့် ထမင်းအိုးထဲ ထမင်းမရှိ ရင် အဲ့အချစ်က ပြေးထွက်သွားလိမ့်မယ်။ ငါ့သမီးကိုမွေးကတည်းကရွှေလိုဥပြီးမွေးလာတာ ဘယ်နည်းနဲ့ မှ မင်းလို လူနဲ့ မပေးစားနိုင်ဘူး။ ကျောင်းဆရာကို မြင့်ဆွေနဲ့ ပေးစားဖို့  လူကြီးချင်း ပြောပြီးဆိုပြီးပြီ။ ပြောစမ်းပါမြန် မြန် မင်းလိုချင်တဲ့ငွေ ပမာဏ။

အန်တီ ကျနော့်အချစ်ကို ငွေနဲ့ တန်ဖိုး မဖြတ်ပါနဲ့ ။အန်တီဖြစ်စေချင်တဲ့အတိုင်း နောက်ဆုတ်ပေးမယ်။ ကျနော်ဒေါသ ထွက်မလာသေးခင် ကျနော့်အိမ်ဝိုင်းထဲက မြန်မြန်ပြန်ပါ။
အမလေး ငါကလည်း နေချင်လွန်းလို့ နေနေတာမဟုတ်ပါဘူး။ သနလွန်းလို့  ဒီလိုနေရာမျိုးလာရတာ ဒေါနှင့်မောနှင့် ပြောဆိုကာ ဒေါ်လှဝေတစ်ယောက် ကားကို ဆောင့်ထွက်သွားလေသည်။
ဝဲနေသော မျက်ရည်များကို အသာသိမ်းကာ ကိုလှဝေ အိမ်ထဲဝင်လိုက်တော့ အမေက တိုင်အ ကွယ်လေးမှာ ရပ်ရင်း မျက်ရည်များစီးကျနေသည်။ ကိုလှဝေ အမေ့ကို ပြေးဖက်ကာ ငိုချလိုက်မိသည်။ မငိုပါနဲ့ အမေ မငိုပါနဲ့သားမိုက်တစ်ယောက်ကြောင့် အမေ့မျက်ရည်တွေ မကျလိုက်ပါနဲ့ အမေ။သားအမိနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ဖက်ကာ မျက်ရည်များ တွေတွေ စီးကျနေသည်။
စားလက်စ ခေါက်ဆွဲကြော်လေးက အေးစက်နေပေပြီ။

မုန့် စားကျောင်းဆင်း၍ ကိုလှဝေ ထမင်းစားနေရသော်လည်း စိတ်မပါလှ။ ကိုဝေ အခန်းဝမှ ချိုနွယ့် မျက်နှာလေးပေါ်လာသည်။ ကိုလှဝေ အံကို တင်းတင်းကြိတ်လိုက်သည်။ ဘေးတွင်လာထိုင်သော ချိုနွယ့်ကို ကြည့်လိုက်သည်။ ချိုနွယ် ကိုယ်လက်ထပ်တော့မယ်။ဟင်… ချိုနွယ့်မျက်နှာ ပျက်ယွင်းသွားသည်။ ကိုဝေဘာပြောလိုက်တာလဲ။ ချိုနွယ့်ကို နောက်နေတာလား။နောက်နေတာမဟုတ်ဘူး ချိုနွယ် ကို အတည်ပြောနေတာ ကိုယ်ပြန်စဉ်းစား ကြည့်လိုက်တော့ ချိုနွယ့်ကို မချစ်ခဲ့ဘူး။ ခုကိုယ့်ရွာက ကောင်မလေးနဲ့ လက်ထပ်ဖြစ်မယ်။ကိုယ်တို့  ငယ်ငယ်ကတည်းက သူငယ်ချင်းလေ။သူ့ ကိုပဲချစ်တယ်။ ဒါကြောင့် ချိုနွယ်လည်း ကိုဝေ့ကို မမျှော် လင့်နေတော့ပါနဲ့ ။

ချိုနွယ့်မျက်ဝန်းမှ မျက်ရည်များ တပေါက်ပေါက် စီးကျလာသည်။
" ဖြန်းးးး"
အားကုန်သုံး၍ရိုက်လိုက်သော လက်ဝါးချက် ကြောင့် ပါးတစ်ခုလုံးပူထူသွားသည်။
ကျမအချစ်ကို တန်ဖိုးမထားတဲ့ ရှင့်လိုလူမျိုးနဲ့ ဝေးရတာ ကျမ ၀မ်းသာမိတယ်။ ရှင် စောင့်ကြည့်လိုက် စမ်းပါ။ရှင်လက်မထပ်ခင် ကျမဦးအောင် လက်ထပ် ပြမယ် ။ မျက်ရည်များကြားမှ နာနာကြည်းကြည်း တစ်ချက်ပြုံးကာ ချိုနွယ် လှည့်ထွက်သွားသည်။ ပူနေသော ပါးကို လက်နှင့်ပြန်စမ်းကာ ကိုလှဝေ မျက်ရည်များ ၀ဲတက်လာသည်။ ကိုယ်လိုလူအ တွက် ဒါက အဖြစ်သင့်ဆုံးပါ ချိုနွယ်ရယ် ။

တစ်လကြာခဲ့ပေပြီ။
စက်ဘီးလေးကို ဖြည်းဖြည်းမှန်မှန်နင်းနေရင်း ၀ါး ကြီးအိုင်သို့ လှမ်းမျှော်ကြည့်လိုက်သည်။
" မင်္ဂလာဦးမှသာ ရွှေရတု ၊ ငွေရတုတိုင်သာ "
ရွာထဲမှ ပျံ့ လွင့်လာသော အသံချဲ့ စက်မှ သီချင်းသံကြောင့် ကိုလှဝေ ဘယ်ဘက်ရင်အုံမှ အောင့်ခနဲ ဖြစ်သွားသည်။ ဒီနေ့ ချိုနွယ့် မင်္ဂလာပွဲနေ့ ပါလား။

ကိုလှဝေကိုယ့်ဘ၀ကို ပြန်စဉ်းစားမိသည်။ လူမှန်းသိတတ်စ ငယ်စဉ်ကတည်းက ဘ၀ကခါးခဲ့သည်။ စားရသောက်ရဖို့ ပူရသည်။ ခါးလှအောင်ဝတ်ဖို့ ပူရသည်။ အကြွေးမပေးနိုင်၍ပူရသည်။ ငွေအတွက် အမြဲပင် ပူလောင် နေရသည်။ခုနောက်ဆုံး ငွေမရှိ၍ အသက်တမျှ ချစ်ရသူကိုပါ ဆုံးရှုံးလိုက်ရသည်။

ကိုလှဝေ နာနာကြည်းကြည်း တစ်ချက်ပြုံးလိုက် သည်။ အမေက ငယ်ငယ်ကတည်းက ညအိပ်ရာဝင် ဘုရားရှိခိုးခိုင်းကာ ဘုရားမှ တစ်ပါးကိုးကွယ် ရာ မရှိဟု ခဏခဏဆုံးမခဲ့သည်။ကိုလှဝေလည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ပင်။ဘုရားကို ရိုသေ သော်ငြား ဘုရားသခင်က အရာအားလုံးကို ယူ ဆောင်လာနိုင်ခြင်း မရှိဟု တဖြည်းဖြည်း လက်ခံလာသည်။လူ့ဘ၀တွင် ငွေက အရေးပါသော အခန်းကဏ္ဍတွင်ရှိသည်။ ငွေကသာလျှင် အရာရာတိုင်းကို ပြီးမြောက်စေနိုင်သည်။ငွေကသာ ပထမဘုရားသခင် ဖြစ်နေသည် ဟု ကိုလှဝေနာကျင်မှု နှင့်ရင်းကာ လက်ခံမိလိုက်လေသည်။

MSC- 172
Author-Soe Tha Khin

ငွေသာလျှင်ပထမဘုရားသခင် | Ecency